တနင်္သာရီတိုင်း ဖွံ့ဖြိုးမှု အခြေအနေ အပိုင်း(၁)

  • ဇော်ဝင်းလှိုင်
တနင်္သာရီတိုင်းဒေသ အစိုးရဝန်ကြီး ဒေါက်တာ ဒေါ်လဲ့လဲ့မော်

တနင်္သာရီတိုင်းဒေသ အစိုးရဝန်ကြီး ဒေါက်တာ ဒေါ်လဲ့လဲ့မော်

Your browser doesn’t support HTML5

တနင်္သာရီတိုင်း ဖွံ့ဖြိုးမှု အခြေအနေ အပိုင်း(၁)

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ တနင်္သာရီတိုင်းဒေသကြီး အစိုးရအနေနဲ့ ပြည်နယ် စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ရာမှာ လက်ရှိအချိန်ထိ ခရီးသွားလုပ်ငန်းသာ အောင်မြင်မှု ရှိနေသေးကြောင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောပါတယ်။ VOA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းထားတဲ့ အပိုင်း (၁) ကို ကိုဇော်ဝင်းလှိုင်က တင်ဆက်ပေးထားပါတယ်။

မေး ။ ။ ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော် ခင်များ .. ကျနော်တို့ VOA ကို အခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ အခုဆိုရင် NLD အစိုးရ တိုင်းပြည်အာဏာကို ဆက်ပြီးတော့ ထမ်းဆောင်လာခဲ့တာ (၂) နှစ်ကာလ ရှိလာခဲ့ပြီ။ ဖြတ်သန်းလာတဲ့ ကာလအတွင်းမှာလည်း သိတဲ့အတိုင်း အခက်အခဲတွေ အများကြီး၊ ရုတ်တရက် ပြောင်းလဲမှုတွေကို အများကြီးဖော်ဆောင်နေရတယ်ဆိုတော့ အခက်အခဲတွေလည်း အများကြီးရှိခဲ့ပါတယ်။ လက်ရှိ ဝန်ကြီးချုပ်တို့ လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍတွေထဲက ဝန်ကြီးချုပ်အနေနဲ့ ဖြတ်သန်းလာတဲ့ (၂) နှစ်အတွင်းမှာ ဘာတွေများ အားရကျေနပ်မိတာ ရှိသလဲ။ ဘာတွေများ ကိုယ့်စိတ်ထဲက အားမလို အားမရ ဖြစ်တာတွေ ရှိသလဲဆိုတာတွေကို အရင်ပြောပြလို့ရမလား။

ဖြေ ။ ။ အားရကျေနပ်တာကတော့ ကျမတို့ ဒီဒေသကို စပြီးတာဝန်ယူစဉ်ကတည်းက ကျမက ဘယ်လိုမျိုး မူဝါဒ ချမှတ်ခဲ့သလဲဆိုတော့ တနင်္သာရီတိုင်းမှာ ခရိုင် (၃) ခရိုင်ရှိတယ်။ ဒီခရိုင် (၃) ခရိုင်ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ကို ကျမ ပထမဦးဆုံး စဉ်းစားခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေသတခုခုပဲဖြစ်ဖြစ်၊ နိုင်ငံတခုခုပဲဖြစ်ဖြစ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရှိရင် ဒေသက ဆုတ်ယုတ်မှာ အမှန်ပါပဲ။ ဒီအတွက်ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တနင်္သာရီတိုင်းမှာရှိတဲ့ ခရိုင် (၃) ခရိုင်မှာရှိတဲ့ ထားဝယ်ခရိုင်မှာဆိုရင် စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျမတို့ စတင်ပြီး အားယူခဲ့ပါတယ်။ မြိတ် (ဘိတ်) ခရိုင်မှာတော့ ငါးလုပ်ငန်းပါ။ သူက ပင်လယ်ပြင်နဲ့ တလျှောက်လုံး ထိဆက်နေတဲ့အတွက်ကြောင့် ငါးလုပ်ငန်းကတော့ အထူးဦးစားပေး လုပ်ငန်းတရပ်အနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။

ကော့သောင်ဒေသကို စဉ်းစားကြည့်ပြန်တော့ ကော့သောင်းဒေသမှာ ငါးလုပ်ငန်းက တိတိပပ မရှိပါဘူး။ ရေပြင်အနေအထားကလည်း တဘက်နိုင်ငံနဲ့ နီးနေတော့ သူ့မှာ ရေပြင်ဧရိယာ ကျယ်ကျယ်ဝန်းဝန်း မရှိဘူး။ သူ့အတွက် ငါးလုပ်ငန်းကို စဉ်းစားပေးလို့ မရတဲ့အတွက် အင်မတန်လှပတဲ့ ကျွန်းပေါင်း ရှစ်ရာကျော် ရှိတဲ့အတွက်ကြောင့်မို့ ဒါက ကျမတို့ကို သဘာဝက ပေးလိုက်တဲ့ အမွေအနစ်ကို အသုံးချပြီးတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် စပြီးတော့ ဆောင်ရွက်ခဲ့ပါတယ်။

စပြီးဆောင်ရွက်ခဲ့တဲ့ ဒီလုပ်ငန်းစဉ် (၃) ခုမှာ ကျမအနေနဲ့ ဘာကိုအားရကျေနပ်သလဲဆိုတော့ ခရီးသွားလုပ်ငန်းကိုတော့ ကျမအနေနဲ့ တော်တော်လေးကို ကျေကျေနပ်နပ် ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထားဝယ်ဒေသမှာလည်း ရှင်ကိုးရှင် ဘုရားဖူးလုပ်ငန်းဆိုပြီးတော့ အဆင်ပြေပြော ဖြစ်ခဲ့သလို၊ ကော့သောင်ဒေသမှာဆိုရင်လည်း နိုင်ငံခြားခရီးသွားတွေ တော်တော်များများ လာရောက်ပြီးတော့ ကျွန်းခရီးစဉ်ဆိုပြီး ဆောင်ရွက်ခဲ့တာ တော်တော်လေး အောင်မြင်ခဲ့ပါတယ်။ အောင်မြင်ခဲ့အလျောက် ဘာတွေစိန်ခေါ်မှု ရှိလာခဲ့သလဲဆိုတော့ ဒီခရီးသွားတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် စိန်ခေါ်မှုတွေ ရှိလာပါလိမ့်မယ်။ သူတို့ရဲ့ လုံခြုံရေး။ သူတို့က ကိုယ့်ဒေသကို အလည်ခေါ်ပြီးလို့ရှိရင် သူတို့ရဲ့ လုံခြုံရေးကို ကျမတို့က ထည့်ပြီးစဉ်းစားပေးရမှာ ဖြစ်ပါတယ်။

နောက် လူမှုရေးကိစ္စအဝဝတွေဖြစ်တဲ့ သူတို့ရဲ့ ကျန်းမာရေးကိစ္စအဝအဝကိုလည်း တာဝန်ယူရတဲ့အတွက်ကြောင့် ကျမတို့မှာ ဒီစိန်ခေါ်မှု ရှိပါတယ်။ သူတို့တွေ ပင်လယ်ပြင်ကို သွားတဲ့အခါမှာ အခက်အခဲ တစုံတရာမရှိအောင် ကျမတို့က Surveillance လိုက်လံစောင့်ရှောက်တဲ့ လုပ်ငန်းကိုလည်း တတ်နိုင်သလောက် ဆောင်ရွက်ခဲ့ပါတယ်။ ပထမဦးပိုင်းကတော့ မဆောင်ရွက်ခဲ့နိုင်ပေမယ့် အခုနောက်ပိုင်းမှာ ကျမတို့ကို ဟိုတယ်နဲ့ ခရီးသွားကရတဲ့ အခွန်ငွေတွေက ဝင်ငွေတချို့တဝက်ကို မျှတပေးတဲ့အတွက်ကြောင့် သူတို့ကို စောင့်ရှောက်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ မဆောင်ရွက်ခဲ့ခင်ကာလက ကျမတို့မှာ တကယ်ကို စိန်ခေါ်မှုပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားတိုင်းပြည်က ခရီးသည်တွေ ခေါ်ပြီးတော့ တစုံတရာ ဖြစ်သွားမယ်ဆိုလို့ရှိရင် ကျမတို့မှာ အများကြီးတာဝန်ရှိပါတယ်။ ဒါကတော့ ကျမရဲ့ ပထမဦးဆုံး စိန်ခေါ်မှုပါ။

နောက်စိန်ခေါ်မှု တခုကတော့ စီးပွားရေးမှာ လာရောက်ပြီး ရင်းနှီမြုပ်နံှဖို့အတွက်ပါ။ ရင်းနှီးမြုပ်နံှဖို့ကတော့ ကျမ ဂျပန်နိုင်ငံကို နှစ်ခေါက်တိတိ သွားပါတယ်။ ရင်းနှီးမြုပ်နံှဖို့အတွက် Investor တွေကို ခေါ်ခဲ့ပါတယ်။ ခေါ်ခဲ့ပေမယ့် ကျမတို့ ဒေသမှာ အကိုကြီးတို့ သိတဲ့အတိုင်း လျှပ်စစ်ဓါတ် မရှိပါဘူး။ လျှပ်စစ်က electronic grid မရှိတဲ့အတွက်ကြောင့်မို့ လျှပ်စစ်အားက ဈေးကြီးပါတယ်။ သူတို့နိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် သုံးဆနီးပါးလောက် ဈေးကြီးနေပါတယ်။ ဈေးကြီးနေတဲ့အတွက်ကြောင့်မို့ သူတို့မှာ ရင်းနှီးမြုပ်နံှဖို့က အဆင်မပြေပါဘူး။

အမှန်အတိုင်း ပြောရမယ်ဆိုရင် သူတို့နိုင်ငံတွေက စက်မှုထွန်းကားတဲ့ နိုင်ငံတွေ ဖြစ်တဲ့အတွက်ကြောင့် လျှပ်စစ်ကို အဓိကထား အသုံးချတဲ့ နိုင်ငံတွေ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ နိုင်ငံကို လာရောက်ပြီးတော့ ရင်းနှီးမြုပ်နံှချင်ပေမယ့်လဲ မမြုပ်နံှ နိုင်ခဲ့ပါဘူး။ ဒါကတော့ ဒုတိယ စိန်ခေါ်မှုမျိုးလည်း ဖြစ်ပါတယ်။

အခုတော့ Total နဲ့ ကျမတို့ အယ်လ်အယ်လ်ဂျီ နဲ့ မီးပေးဖို့အတွက် စီမံကိန်း လုပ်နေပြီဆိုတော့ ဒီပြဿနာလည်း အတော်အတန်တော့ ဖြေရှင်းပြီသာ ဖြစ်သွားပါပြီရှင့်။ နောက်တခုကတော့ ကျမတို့ ရေနက်ဆိပ်ကမ်း ကိစ္စပဲ ဖြစ်ပါတယ်။ ကျမတို့ ထားဝယ်ဒေက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဒီရေနက်ဆိပ်ကမ်းကအဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အကိုကြီး သိတဲ့အတိုင်း ဒါက Southeast Corridor လို့ ခေါ်တယ်။ အရှေ့တောင်အာရှရဲ့ တကယ့် ခရီးသွားလမ်းမကြီးပေါ်မှာရှိတဲ့အတွက်ကြောင့် ဒီ Port ကြီးသာ အောင်မြင်သွားလို့ရှိရင် ကျမတို့ဒေသရဲ့ စီးပွားရေးလည်း အဆမတန် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကလဲ အရင်အဆက်ဆက်တွေက (၁၄) နှစ်လောက် မလုပ်ဘဲနဲ့ ထားခဲ့တဲ့အတွက်ကြောင့် တော်တော်လေးကို ပြန်ပြီး အရှိန်ယူနေရပါတယ်။ အချိန်ယူနေရတဲ့အတွက်ကြောင့် ဒါလဲ ကျမတို့ရဲ့ တနင်္သာရီတိုင်းဒေသကြီးရဲ့ စိန်ခေါ်မှုတခုပါ။

မေး ။ ။ အဲဒီ ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ ပတ်သက်လို့ ကျနော်တို့ အခုကြားနေရတာက နိုင်ငံတော်အစိုးရအနေနဲ့ ဒါကို လွန်ခဲ့တဲ့ (၄-၅) နှစ်က ရပ်ထားခဲ့ရပေမယ့်လဲ လက်ရှိအစိုးရက ဒါကို ဦးဆောင်ပြီးတော့ ပြန်စဖို့ စီစဉ်နေတယ်လို့ ကြားပါတယ်။ အဲဒါ ပြန်စလို့ရှိရင် ဝန်ကြီးချုပ်ကတော့ တိုက်ရိုက် ဝန်ကြီးချုပ်က တာဝန်ရှိတဲ့လူလို၊ ကိုယ့်တိုင်းဌာနအတွင်းမှာ ဖြစ်နေတော့ အဲဒါ ပြန်စလို့ရှိရင် ဘယ်လိုပုံစံနဲ့ ပြန်စမလဲ။ အီတလီယန်-ထိုင်းကတော့ နဂိုကတော့ ကန်ထရိုက် ရထားတဲ့ ကုမ္ပဏီဖြစ်တယ်။ ဒါပေမဲ့ အခုကုမ္ပဏီကရော ပြန်စရင် အရင်နေရာမှာပဲ ဦးဆောင်ပြီး လုပ်မလားဆိုတာလေးကို ပြောပြလို့ရမလား။

ဖြေ ။ ။ ယခင်အစိုးရကတည်းက သူတို့က စာချုပ်တွေ အများကြီးချုပ်ဆိုခဲ့ပါတယ်။ ကျမ သိရသလောက် စာချုပ် (၈) ခုလောက် ကြီးကြီးမားမား ရှိပါတယ်။ ITC – Italian-Thai Company နဲ့က Initial Phase လို့ခေါ်တဲ့ Phase (1) ဧက (၅၀၀၀) ကျော်ကို ITC နဲ့ စာချုပ်ချုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ITC က ဆောင်ရွက်နိုင်သည်ဖြစ်စေ၊ မဆောင်ရွက်နိုင်သည်ဖြစ်စေ သူတို့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ဧရိယာကိုတော့ ကျမတို့ ထားခဲ့ရမှာ ဖြစ်ပါတယ်။ Second Phase အနေနဲ့ သူတို့စာချုပ်အရ Full Phase လို့ ခေါ်ပါတယ်။ Full Phase ကို ဘာတွေနဲ့ သူတို့စာချုပ်ချုပ်ခဲ့သလဲဆိုရင် ကျမတို့ မြန်မာအစိုးရ၊ ထိုင်းအစိုးရ နဲ့ ဂျပန်အစိုးရတို့နဲ့ သူတို့ ချုပ်ဆိုခဲ့ပါတယ်။ အဲဒီစာချုပ်ပါအတိုင်း စည်းမျဉ်းစည်းကမ်းတွေအတိုင်း ကျမတို့ Full Phase ကို စတင်ဆောင်ရွက်ဖို့အတွက် ဂျပန်က JICA အဖွဲ့က Master Plan ရေးဆွဲနေပါတယ်။ ကျမတို့ ၂၀၁၈ ဇွန်လဆိုရင် သူတို့ရဲ့ Master Plan အပြီးသတ်ပါပြီ။

ကျမတို့ ကြားဖြတ်အစီရင်ခံစာဆိုပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၇ ဒီဇင်ဘာမှာ တစ်ခါ ကျမတို့ကို ရှင်းပြခဲ့ပါတယ်။ သူတို့ရဲ့ Plan တွေကိုပါ။ အဲဒီတော့ ကြားဖြတ်အစီရင်ခံစာကို နားထောင်ခဲ့ပြီးတော့ အခု Complete အစီရင်ခံစာကတော့ အခုလာမယ့် ခြောက်လပိုင်း - ဇွန်လမှာ ထွက်မှာဖြစ်ပါတယ်။ အစီရင်ခံစာပါ လုပ်ငန်းစဉ်တွေအတိုင်း သူတို့က ဆက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဂျပန်အစိုးရ၊ ထိုင်းအစိုးရ နဲ့ မြန်မာအစိုးရ - သုံးဦးသုံးဖလှယ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီရေနက်ဆိပ်ကမ်းကို အဓိက အကောင်အထည်ဖော်တာကတော့ Management Committee ရှိပါတယ်။ ကျမတို့ကတော့ ဒေသန္တရအစိုးရ ဖြစ်တဲ့အတွက်ကြောင့် ဒေသန္တရအတွင်း လိုအပ်ချက်တွေ - ဥပမာ ရေ၊ လျှပ်စစ် - ဒီလိုအပ်ချက်တွေကို စွမ်းဆောင်ပေးရမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေကိုလည်း စွမ်းဆောင်ပေးရမှာ ဖြစ်ပါတယ်။ တကယ် Management ကတော့ သူတို့ MC ရှိပါတယ်။

မေး ။ ။ ဟုတ်ကဲ့ Management Committee က လုပ်သွားမယ်။ အဲဒီတော့ အခုဟာက ITC ကတော့ ပုဂ္ဂလိက ကုမ္ပဏီပေါ့။ အခု ဝန်ကြီးချုပ်တို့ နိုင်ငံတော်အစိုးရက ရှေ့ဆက်သွားမယ့် ပုံစံကတော့ အစိုးရ (၃) ခု - G2G လုပ်မှာ။ ဝန်ကြီးချုပ် ဂျပန်ကို သွားတဲ့ခရီးစဉ်တွေကလည်း အဲဒီကိစ္စတွေ အများကြီးပါမယ် ထင်ပါတယ်။

ဖြေ ။ ။ ဟုတ်ပါတယ်။ ကျမ ယူဆချက်ကတော့ ဒီရေနက်ဆိပ်ကမ်းကြီး အောင်မြင်လာလို့ရှိရင် ကျမတို့ဒေသ ဖွံ့ဖြိုးလာမယ်။ ရေနက်ဆိပ်ကမ်းနဲ့အတူတူ တက်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့က Southeast Corridor မှာ ရှိတယ်ဆိုပေမယ့် တခြားဒေသ - ဥပမာ ASEAN countries က ကုန်တွေကိုပဲ ကျမတို့က ပို့နေမလား။ ကျမတို့ ဒေသရဲ့ ထွက်ကုန်တွေကော မရှိရတော့ဘူးလားဆိုတဲ့ ကျမမှာ ခံစားချက်လေး ရှိပါတယ်။ ဒီအတွက်ကြောင့် ဒီဒေသမှာ ရာဘာကုန်ကြမ်းတွေထွက်တယ်။ သတ္တုတွေထွက်တယ်။ Tin, Lead တွေ ထွက်ပါတယ်။ ဒါတွေအပေါ် အခြေတည်ပြီးတော့ ကျမတို့ ကုန်ချောထုတ်လုပ်တဲ့ လုပ်ငန်းတွေကို လာပြီး ရင်းနှီးမြုပ်နံှဖို့အတွက် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ASEAN နိုင်ငံတွေက ပို့ကုန်တွေကိုပဲ ပို့နေမလား။ ကျမတို့ ဒေသရဲ့ ပို့ကုန်တွေလည်း ထွက်ရအောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ အတူတူ တပြိုင်နက်ထဲ စီးပွားတက်ချင်လို့ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ ဒေသအတွက်လည်း အကျိုးရှိမယ်။ နိုင်ငံတော်လည်း အခွန်အကောက်တွေ ပိုရမယ်ပေါ့။ ဆိုတော့ အခု စလုပ်ကြမယ့် နေရာမှာ အရင်အစိုးရလက်ထက်က ရှိခဲ့တဲ့ Contract စာချုပ်အရ သူတို့ မြေနေရာဆွဲပြီး တည်ဆောက်ကြတော့ ဝန်ကြီးချုပ်လည်း သိတဲ့အတိုင်းပဲ တချို့အိမ်တွေ အသိမ်းခံရတယ်။ တချို့လျော်ကြေးရတယ် - မရဘူး။ ရိုးသားတယ် - မရိုးသားဘူး အမျိုးစုံ သူ့ဘက်ကိုယ့်ဘက် ငြင်းခုန်ဆွေးနွေးကြတာတွေ ရှိတယ်။ အခုလက်ရှိလည်း လျော်ကြေးမရသေးတဲ့ လူတွေ ရှိနေသေးတယ်လို့ ပြောနေတာတွေလည်း ရှိတယ်။ ဝန်ကြီးချုပ်က ကျနော်တို့ထက် ပိုသိပါတယ်။ အဲဒီ အရှုပ်အရှင်းကိစ္စတွေကို ဝန်ကြီးချုပ် ခေါင်းပေါ်ကျလာတယ်ဆိုတော့ - ဝန်ကြီးချုပ်နဲ့ လက်ရှိအစိုးရ ခေါင်းပေါ်ကျလာတယ်ဆိုတော့ အရင်အစိုးရက ဘယ်လောက်ပဲ မကောင်းတာလုပ်ခဲ့လုပ်ခဲ့၊ ကောင်းတာလုပ်ခဲ့လုပ်ခဲ့ - ကိုယ်က ဆက်ပြီးတာဝန်ယူရတယ်ဆိုတော့ ကိုယ့်ခေါင်းပေါ် ကျလာတယ်။ ဝန်ကြီးချုပ်တို့ အဲဒီ အရှုပ်အရှင်းတွေကို ဘယ်လိုဖြေရှင်းသွားမလဲ။ ဒါကြီးကလဲ မျက်နှာပျက်စရာ အမည်းစက်တခုလို ဖြစ်နေတယ်။

ဖြေ ။ ။ လိပ်ခဲတည်းတည်း ပြဿနာတွေပါ။ အမှန်တကယ်တော့ ဒီနေရာတွေကို ရင်းနှီးမြုပ်နံှဖို့ ဆောင်ရွက်မယ်ဆိုရင် ပြည်သူနဲ့ တွေ့ရမှာပါ။ ဒီဒေသခံ၊ မြေပိုင်ရှင်တွေ - မြေပိုင်ရှင်တွေလို့ပဲ ပြောပါရစေ - မြေပေါ် နေထိုင်နေတဲ့လူတွေ၊ ဥယျာဉ်စိုက်ပျိုးနေသူတွေကို ကျမတို့ တွေ့ရမှာ ဖြစ်ပါတယ်။ ကျမတို့ ခုံသမာဓိ အဖွဲ့တဖွဲ့လည်း Management Committee ကိုလည်း ဖွဲ့ပေးထားပါတယ်။ ခုံသမာဓိအဖွဲ့မှာ ဒေသခံတွေလည်းပါတယ်။ ကျမတို့ အစိုးရအဖွဲ့တွေလည်းပါတယ်။ နောက်ပြီးတော့ ပြည်သူတွေ ယုံကြည်ရတဲ့ ရပ်မိရပ်ဖတွေလည်း ပါတယ်။ အဲဒီလိုမျိုး ခုံသမာဓိအဖွဲ့တဖွဲ့ ကျမတို့ ဖွဲ့ပေးထားပါတယ်။ ဖွဲ့ထားပေမယ့် လုပ်ငန်းစဉ်တွေကိုတော့ မဆောင်ရွက်ရသေးပါဘူး။ ကျမတို့ JICA က Master Plan ကို စောင့်နေတဲ့သဘောလည်း ဖြစ်ပါတယ်။

ကျမတို့ ခုံသမာဓိအဖွဲ့ ဖွဲ့ပြီးတော့မှ ပြည်သူတွေနဲ့ ထိတွေ့ပြီးတော့မှ သူတို့နဲ့ သေချာဆွေးနွေး ညှိနှိုင်းပြီး အဖြေရှာမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ International Standard အတိုင်းပဲ ကျမတို့ လျော်ကြေးပေးမှာ ဖြစ်ပါတယ်။

မေး ။ ။ ဆိုတော့ ဒီ စီမံကိန်းက Revise လုပ်တယ်ပဲ ဆိုကြပါစို့ - ပြန်စဖို့အတွက်ကတော့ ဒီနှစ်ထဲမှာ ဖြစ်သွားမယ်ဆိုတဲ့ သဘော ရှိတယ်ပေါ့။

ဖြေ ။ ။ Master Plan ပေါ် မူတည်ပြီးတော့ ကျမတို့ Full Phase – Second Phase မှာ Target က Pioneer Project လေးတွေ လုပ်ရမှာပါ။ ဒီတနေရာ၊ ဒီမြေစာရင်း၊ ပြည်သူတွေနဲ့တွေ့ပြီး စကားပြော - ဒီမြေကို ဘယ်လိုမျိုးလျော်မယ် စသဖြင့် အဘက်ဘက်ကနေ ထပ်ခါထပ်ခါ တွေ့ဆုံဆွေးနွေးပြီးတော့မှ ကျမတို့ ဒီ စီမံကိန်းကို စတင်ဆောင်ရွက်မှာပါ။ ကျမတို့ အဓိက လုပ်ရမှာ Land နဲ့ Port ဖြစ်ပါတယ်။

မေး ။ ။ အခု ရေနက်စီမံကိန်းက ထိုင်း-ဂျပန်-မြန်မာ အစိုးရတို့ သုံးပွင့်ဆိုင် လုပ်ကြမယ်။ Italian-Thai Company ရဲ့ အခန်းကဏ္ဍက လုံးဝမပါတော့ဘူး။ ရှေ့လျှောက်သွားမယ် ခရီးစဉ်မှာ အဲဒီသဘောလား။

ဖြေ ။ ။ မဟုတ်ပါဘူးရှင့်။ သူ့နေရာကိုလည်း ပေးပြီးပါပြီ။ ဧက (၅၅၀၀) သူ့အတွက် ချန်လှပ်ထားပါမယ်။ သူ ဆောင်ရွက်ချင်တဲ့အချိန်မှာ ဆောင်ရွက်လို့ ရပါတယ်။ သူ့မှာ စည်းမျဉ်းစည်းကမ်း ဥပဒေတွေလည်း စာချုပ်တွေထဲမှာ ပါပြီသား ဖြစ်ပါတယ်။ အဲဒီတော့ သူဆောင်ရွက်ရမယ့်ကိစ္စကို သူ့ဘာသာ ဆောင်ရွက်ပါလိမ့်မယ်။ နောက် ကျန်တဲ့မြေမှာမှ အခုန အစိုးရ (၃) ခုက လုပ်မှာပါ။

မေး ။ ။ အခု ဒီ စီမံချက်ကြီး တုန့်ဆိုင်းနေတာ၊ နှောင့်နှေးနေတာ သူ့ဘက်က Initiate လုပ်မှု အားနည်းနေတဲ့အပိုင်း ရှိတော့ အစိုးရအနေနဲ့ ဘယ်လောက်သည်းခံပြီးတော့ စောင့်သွားမလဲ။ ဒါကြီးကို တအိအိသွားဖို့ - အခုဆိုရင် (၅) နှစ် ကျော်လာပြီ၊ (၅) နှစ် ပတ်ဝန်းကျင် ရှိလာခဲ့ပြီ။

ဖြေ ။ ။ သူ့မှာလည်း Target အချိန် ရှိပါတယ်။ ယခင်အစိုးရတွေကတည်းက ယခင်အစိုးရရဲ့ MC ဥက္ကဋ္ဌက Target ပေးထားတဲ့ အချိန် ရှိပါတယ်။ ကျမ သေချာ၊ အတိအကျ မသိလို့ပါ။ အဲဒီပေးထားတဲ့ အချိန်ကျော်လွန်ရင်တော့ သူတို့ ဆောင်ရွက်ခွင့် မရှိတော့ပါဘူး။ အခုန ဆီအုန်းစိုက်သလိုပါပဲ။ သူတို့ လေးနှစ်ဆိုလေးနှစ်၊ ငါးနှစ်ဆိုငါးနှစ် သူတို့ကို Duration တခု သတ်မှတ်ပေးထားပြီးပါပြီ။ သက်တမ်းကုန်သွားရင်တော့ သူတို့ ဆောင်ရွက်ခွင့် မရှိတော့ပါဘူး။

မေး ။ ။ တနင်္သာရီတိုင်းတလျှောက် ကျနော်တို့ ရန်ကုန်ကလာတော့ လမ်းတွေကတော့ တခြားပြည်နယ်နဲ့တိုင်း ဒေသနဲ့မတူအောင် တမူထူးခြားပြီး ကောင်းတာကိုတော့ ကျနော်တို့ တွေ့ရတယ်။ ပြောစမှတ်ပြုလောက်အောင် ကောင်းပါတယ်။ ဒါပေမဲ့လဲ အခက်ခဲဆုံး ပြဿနာက စောစောက ဝန်ကြီးချုပ်ပြောသလို လျှပ်စစ်ကိစ္စ - National Grid က မော်လမြိုင်တင် ရပ်နေတယ်ဆိုတော့ တနင်္သာရီတိုင်း တတိုင်းကြီးလုံး မရဘူး။ တိုင်းဒေသကြီးတခုလုံး မရဘူး ဖြစ်နေတယ်။ လျှပ်စစ်က ဘယ်တော့လောက် ရနိုင်မယ်လို့ ခန့်မှန်းထားလဲ။

ဖြေ ။ ။ လျှပ်စစ်ကတော့ ကျမတို့ လျှပ်စစ်ဝန်ကြီး ပြီးခဲ့တဲ့လက မြိတ်ကို လာပါတယ်။ မြိတ်မှာ (၆၁၀) မဂ္ဂါဝတ် သူက LNG နဲ့ပါပဲ သူက လုပ်ပါမယ်။ ကတ္တန်ကျောနောက်ဘက်မှာ လုပ်ပါမယ်။ ဒီ စီမံကိန်းကို ဝန်ကြီးက လာကြည့်ခြင်း ဖြစ်ပါတယ်။ (၃၀) မဂ္ဂါဝတ် အထက်ကတော့ ပြည်ထောင်စုကပဲ ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ကျမတို့ ပြည်ထောင်စုအစိုးရကပဲ ဟိုဘက်က (၆၁၀) မဂ္ဂါဝတ်ပါ။ ဒီဘက်က Total Company က ဆိုရင် ဂတ်စ်ကတော့ သူတို့က နှစ်ရှည်လများ ဂတ်စ် ထုတ်နေတဲ့ ကုမ္ပဏီတခု ဖြစ်တဲ့အတွက်ကြောင့် သူတို့က (၁၂၀၀) မဂ္ဂါဝတ်ကို ကံပေါက် သူတို့ ဂတ်စ် ထုတ်နေတဲ့ နေရာကပဲ ထုတ်လုပ်မှာပါ။ LNG – National Gas တချို့နဲ့ ဖြစ်ပါလိမ့်မယ်။ ဒီဟာတွေ ပြီလို့ရှိရင်တော့ တနင်္သာရီတိုင်းအတွက် ပိုလျှံလို့ရှိရင် အထက်ဗမာပြည်ကို ပို့မှာ ဖြစ်ပါတယ်။

မေး ။ ။ ကျနော်တို့သွားတဲ့ လမ်းတလျှောက်မှာ လျှပ်စစ်မီးတိုင်တွေကို လျှပ်စစ်ကြိုးသွယ်နေကြတာ အဲဒီအတွက် ကြိုတင်ပြင်ဆင်မှုလား။

ဖြေ ။ ။ မှန်ပါတယ်။ Total အတွက်ပါ။