အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲဖို့

AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်

Your browser doesn’t support HTML5

အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲဖို့

အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးမှာ ရုပ်ဝတ္တုပြောင်းလဲမှုတွေထက် ပတ်သက်မှုရှိတဲ့ကဏ္ဍအားလုံး ပြောင်းပစ်ရမယ်လို့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။ နိုင်ငံတကာအဆင့်မီ ပြောင်းလဲမှုတွေရဖို့ ဘာတွေလုပ်ရပါမလဲ။ မအင်ကြင်းနိုင် က တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ကိုဘိုကြည်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တွဲဘက်အတွင်းရေးမှူး၊ ကိုယ်တိုင်ကလည်း အကျဉ်းထောင်ထဲမှာ (၇) နှစ်ကျော် နိုင်ငံရေးအကျဉ်းသားတဦးအနေနဲ့ ထောင်နှစ်ကြိမ်ကျခံ နေခဲ့ရတယ်။ ဆိုတော့ အခုမြန်မာနိုင်ငံက အကျဉ်းထောင်တွေ ပြုပြင်ပြောင်းလဲရေးကိစ္စကို ကိုဘိုကြည် AAPP အဖွဲ့ကနေ အခုလို တွန်းတွန်းတိုက်တိုက် ဖိအားပေးဆောင်ရွက်နေတယ်။ အဲဒီတော့ မြန်မာနိုင်ငံက အကျဉ်းထောင်တွေက ဘာကြောင့် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ မြင်တာလဲ။

ဖြေ ။ ။ အကျဉ်းထောင်ထဲမှာရှိတဲ့ ပြစ်မှုအမျိုးအစားတွေအားလုံးကို ကြည့်လိုက်ရင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာတွေ၊ စီးပွားရေးပြဿနာတွေ၊ လူမှုရေးပြဿနာတွေ - အဲဒီပြဿနာတွေရဲ့ အကျဉ်းချုပ်ကို ထောင်ထဲမှာ တွေ့နိုင်ရတာရှိပါတယ်။ တကယ်တမ်းဆိုရင် အကျဉ်းထောင်ကို အင်္ဂလိပ်အစိုးရက တည်ဆောက်ခဲ့တာ။ တည်ဆောက်ခဲ့တဲ့ အဓိကရည်ရွယ်ချက်က နှစ်ခု ရှိပါတယ်။ လူ့အဖွဲ့အစည်းကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်။ နောက်တခုက နိုင်ငံရေးအရ သူတို့ကိုလှုပ်ရှားနေတဲ့၊ တွန်းလှန်နေတဲ့ လူတွေကို ဆက်ပြီးတော့ နိုင်ငံရေးအရ မလုပ်ရဲအောင်လို့၊ ဒီလူတွေကိုဖမ်းတယ်။ ဖမ်းပြီးတော့ အကျဉ်းထောင်ထဲထည့်တယ်။

အဲဒီစနစ်ကို အခုအချိန်အထိ ခေတ်အဆက်ဆက်၊ စစ်အစိုးရအဆက်ဆက် နဲ့ အခုအစိုးရတို့က ဒီဟာကို ဆက်ပြီးတော့ ကျင့်သုံးနေတာဖြစ်တယ်။ အဲဒီလိုဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အကျဉ်းထောင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့လိုတယ်။ တကယ်တမ်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေးစနစ်ကို သွားတယ်ဆိုလို့ရှိရင် အကျဉ်းထောင်စနစ်ကို မပြုပြင်မပြောင်းလဲဘဲနဲ့ ဒီမိုကရေစီကိုသွားလို့ မရဘူး။

အဲဒီလိုပဲ အကျဉ်းထောင်တခုတည်းကို ကွက်ပြီးတော့ ပြုပြင်ပြောင်းလဲလို့ မရဘူး။ Penal Reform လို့ခေါ်တဲ့ ပြစ်မှုဆိုင်ရာစနစ်ကြီးတခုလုံးကို ကျနော်တို့ ပြုပြင်ပြောင်းလဲရမယ်။ Penal reform လို့ခေါ်ရာမှာ နံပတ်တစ်က ရဲကိုလည်း ပြုပြင်ပြောင်းလဲဖို့လိုတယ်။ အခုက ရဲကလည်း စစ်တပ်ရဲ့ လွှမ်းမိုးမှုအောက်မှာ အပြည့်အဝ ရှိနေတယ်။

အဲဒီလိုပဲ တရားရေးစနစ် - တရားရေးစနစ်ကလည်း တကယ့်ကို လွတ်လပ်တဲ့၊ မျှတတဲ့ တရားစီရင်ရေးစနစ်ဖြစ်အောင် ကြိုးပမ်းရမယ်။ ပြီးနောက် တရားသူကြီးတွေရဲ့ ဆင်ချင်တုံတရားက ဒီထက်မြင့်မားဖို့လိုတယ်။ အဲဒီလိုပဲ legislative reform လို့ခေါ်တဲ့ ဥပဒေကို ပြုပြင်ပြောင်းလဲရမယ်။ ဒီဥပဒေတွေကို ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျဉ်းထောင်ဆိုတာ ဂိုဒေါင်တလုံးနဲ့တူတယ်။ ရဲကနေ သံသယရှိတဲ့ လူတွေကိုဖမ်းတယ်။ သက်ဆိုင်ရာပုဒ်မတွေနဲ့ သူတို့ကို တရားစွဲတယ်။ တရားစွဲပြီးတော့ တရားရုံးကနေ ပြစ်ဒဏ်ဆိုပြီချတယ်. ချတယ်ဆိုတော့ ဒီမှာ မျှတမှု မရှိခဲ့လို့ရှိရင် အကျဉ်းထောင်ထဲမှာ ထောင်ကျနေတဲ့ အကျဉ်းသားတွေက သူတို့ကိုယ်သူတို့ တရားစီရင်မှုကြောင့် ဒီထောင်ရောက်နေရပါတယ်လို့ မခံစားရဘူး။ နောက်တခုက အကျဉ်းထောင်ကိုထားတဲ့ ရည်ရွယ်ချက်က ဒီလူတွေ ရာဇဝတ်ကျူးလွန်တယ်ဆိုလို့ရှိရင် ကျူးလွန်သူဘက်က ထောင်ကနေပြန်ထွက်လို့ရှိရင် ရာဇဝတ်မကျူးလွန်အောင် ပြန်လည်ပြုစုပျိုးထောင်ပြီးတော့ ပြန်လွှတ်ပေးရမယ်။ အဲဒီလိုမှ အကျဉ်းထောင် တည်ဆောက်ရခြင်း ရည်ရွယ်ချက်ကို ပေါက်မမြာက်မယ်။

မေး ။ ။ ဘယ်လိုပြုပြင်ပြောင်းလဲမလဲဆိုတဲ့ အပိုင်းလည်း အခုတော့ မေးချင်တယ်။ ဒါပေမဲ့ အခုလောလောဆယ် မြန်မာနိုင်ငံရဲ့ လက်ရှိ အကျဉ်းထောင်တွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ။

ဖြေ ။ ။ အကျဉ်းထောင်တွေရဲ့ လက်ရှိအခြေအနေက ယေဘုယျအားဖြင့်တော့ တိုးတက်သယောင် ရှိပါတယ်။ အကျဉ်းထောင်နဲ့ အကျဉ်းသားအရေအတွက်က မမျှမတ ဖြစ်နေတယ်။ အဲဒီလို မမျှမတဖြစ်တဲ့အတွက် အကျဉ်းသားတွေက သူတို့ရဲ့ရပိုင်ခွင့် မရတော့တဲ့ အကျဉ်းသားရပိုင်ခွင့်တွေ ဆုံးရှုံးသွားရတာတွေ ရှိတယ်။ အဲဒီအပြင် အကျဉ်းသားတွေက ညဘက်ကျလို့ရှိရင် အိပ်တဲ့အခါမှာ တစောင်းအိပ်နေရတဲ့ အခြေအနေရှိတယ်။ ကူးစက်ရောဂါပိုးတွေ ခံစားနေရတာတွေ ရှိတယ်။ အကျဉ်းသားတွေက နေ့တဓုဝ ဖြစ်တဲ့အခါကြတော့ အိပ်ရေးမဝလို့ရှိရင် တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာမျိုး မရှိတဲ့အခါ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အများကြီးတက်တယ်။

နောက်တခုက လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု - တချို့ထောင်တွေမှာ ဆရာဝန် မရှိဘူး။ မြန်မာနိုင်ငံမှာ ထောင်ပေါင်း (၄၆) ထောင်နဲ့ ရဲဘက်စခန်း (၄၈) ခု ရှိတယ်။ ဆရာဝန်အပြည့်အဝ မရှိဘူး။ လုံလောက်တဲ့ဆေးဝါး မရှိဘူး။ အကျဉ်းသားတွေက အချိန်မီကုသနိုင်တဲ့ အခြေအနေ မရှိဘူး။ တချို့ရဲဘက်စခန်းတွေမှာ လူသေနှုန်းက တော်တော်လေးများတယ်ဆိုတာကို ကျနော်တို့ မှတ်သားရတယ်။ လေ့လာတွေ့ရှိတာတွေ ရှိတယ်။ တချို့ကြတော့ ထောင်ကျတာက မတော်တဆကိစ္စလေးတွေနဲ့ ထောင်ကျတယ်။ ဥပမာ ကားတိုက်မှုတွေနဲ့ ထောင်ကျတယ်။ ထောင်ကျတာက ခြောက်လ၊ တနှစ်လောက် ရဲဘက်စခန်းရောက်တယ်။ အဲဒီမှာ သေဆုံးသွားသူတွေ ရှိတယ်။ အခုတော့ နည်းနည်းကံကောင်းသွားတာ ရှိတယ်။ အရင်တုန်းကဆိုရင် ရှေ့တန်းကို အကျဉ်းသားတွေကို ပေါ်တာအဖြစ်နဲ့ ခေါ်သွားတာရှိတယ်။ ၂၀၁၂ က စပြီးတော့ အခုထိ အကျဉ်းသားတွေကိုထုတ်တာ မရှိဘူး။ ဒါပေမဲ့ တခြားရဲဘက်စခန်း (၄၈) ခုကိုထုတ်တာတော့ ရှိနေသေးတယ်။ ထုတ်နေတဲ့ထဲမှာ ရိုးရိုးအကျဉ်းသားတွေသာ မဟုတ်ဘဲနဲ့ အကျဉ်းသူတွေကိုပါထုတ်တာတွေ ရှိတယ်။ ဒါကြောင့်မို့ အကျဉ်းသူတွေက အဲဒီမှာ ကူးစက်ရောဂါပိုးတွေ၊ အလုပ်ပင်းပန်တဲ့ဒဏ်တွေနဲ့ ကျန်းမာရေးဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေ ရှိလာတယ်။

မေး ။ ။ ဒီအကျဉ်းထောင်တွေကို ပြုပြင်ပြောင်းလဲရေးလုပ်တဲ့နေရာမှာ ဘယ်လိုစပြီးတော့ အထိရောက်ဆုံးနဲ့ ပြုပြင်ပြောင်းလဲလို့ လုပ်နိုင်မလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းသားတွေထဲမှာ အကျဉ်းသား ၅၀ ရာခိုင်နှုန်းကျော်က မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အကျဉ်းသားတွေ ဖြစ်တယ်။ တချို့နိုင်ငံတော်တော်များများမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့လူတွေကို အထူးသဖြင့် သုံးစွဲ၊ ထုတ်လုပ်တဲ့လူတွေနဲ့ ဖြန့်ဖြူးတဲ့လူတွေကတော့ ပုံစံတမျိုးနဲ့ ကိုင်တွယ်ကြတယ်။ သုံးစွဲတဲ့လူတွေကို မူးယစ်ဆေးဝါးရဲ့ သားကောင်အနေနဲ့ ယူဆတယ်။ ယူဆပြီးတော့ သူတို့တွေကို အကျဉ်းထောင်ထဲ မထည့်ဘဲနဲ့ မူးယစ်ဆေးဖြတ်စခန်းတွေ၊ တခြားပြန်လည်ပြုစုပျိုးထောင်ရေးတွေနဲ့ ကိုင်တွယ်တာမျိုးတွေ ရှိတယ်။ ကျနော်တို့နိုင်ငံမှာက မူးယစ်ဆေးဝါးဆိုတာနဲ့ ရာဇဝတ်မှုလို့ သတ်မှတ်ထားတယ်။

နောက်တခုက မြန်မာနိုင်ငံမှာ တရားရေးဝန်ကြီးဌာနဆိုတာရှိတယ်။ အခုမရှိဘူး။ ဆိုတဲ့အခါကြတော့ တရားရေးဝန်ကြီးဌာနကို ပြန်လည်ပြီးတော့ ဖွဲ့စည်းဖို့ လိုအပ်တယ်။ အဲဒီလို တရားရေးဝန်ကြီးဌာနကို ပြန်ဖွဲ့ပြီးတော့မှ တရားရေးဝန်ကြီးဌာနက တရားရေးကိုလည်း စောင့်ကြည့်မယ်။ အဲဒီလိုပဲ အကျဉ်းသားတွေကို စီမံခန့်ခွဲတဲ့ကိစ္စ။ ထောင်တွေကို စီမံခန့်ခွဲတဲ့ကိစ္စကို တရားရေးဝန်ကြီးဌာနက လုပ်မယ်။ နိုင်ငံတော်တော်များများမှာ ပြစ်ဒဏ်ချမှတ်တဲ့အခါမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ဆိုတာ ချမှတ်လေ့မရှိဘူး။ ထောင်ဒဏ်ဆိုတာပဲ ချမှတ်လေ့ ရှိတယ်။ ထောင်ထဲမှာ အကျဉ်းသားတွေကို အလုပ်ခိုင်းတာတွေ ရှိတယ်။ အဲဒီအလုပ်ခိုင်းတာက သူ့ရဲ့ ပြန်လည်ပြုစုပျိုးထောင်ဖို့အတွက် ရည်ရွယ်တဲ့ ဖြစ်စေတဲ့ အလုပ်တွေကိုပဲ ခိုင်းလေ့ရှိတယ်။ ဒါက နိုင်ငံတကာဥပဒေတွေမှာလည်း ဒီအတိုင်း ပြဌာန်းထားတယ်။ တချို့ထောင်တွေမှာ အလုပ်လုပ်ရင် ပိုက်ဆံရတာတွေလည်း ရှိတယ်။ အဲဒီပိုက်ဆံကို စုထားပြီးတော့ ထောင်ထဲမှာလည်း သူလိုချင်တာကို သုံးလို့ရတယ်။ ထောင်ကထွက်သွားတဲ့အခါမှာလည်း စုမိပြီးတော့ သူ့ဘဝကို ယုံကြည်မှုရှိရှိနဲ့ ဖြတ်သန်းတာမျိုးတွေ ရှိတယ်။

ဒီလိုမျိုးလုပ်မယ်ဆိုရင် ဒီလူတယောက်က ထောင်ပြန်ကျနိုင်မယ့် အခွင့်အလမ်းက အရမ်းနည်းသွားတယ်။ နောက် မြန်မာနိုင်ငံမှာ ထောင်ကနေ လွတ်ပြီးရင်၊ အကျဉ်းသားတွေကို စောင့်ရှောက်ပေးတဲ့ စနစ် မရှိဘူး။ နိုင်ငံတော်တော်များများမှာတော့ ဒီစနစ်ကို ကျင့်သုံးနေတာ ရှိတယ်။ After released program ထောင်ကလွှတ်ပြီးရင် သူတို့အတွက် ဘာလုပ်ပေးမးလဲပေါ့။ ထောင်ထဲမှာ ပြုစုပျိုးထောင်တယ်။ ထောင်ကထွက်ပြီးရင်လည်း သူတို့ကို အလုပ်အကိုင် ရရှိရေးတွေကအစ အစိုးရက ကူညီစောင့်ရှောက်ပေးတာတွေ ရှိတယ်။ နေစရာမရှိရင်တောင်မှ သူတို့နေဖို့ ယာယီနေရာလေးတွေ ဖန်တီးပေးထားတာတွေ ရှိတယ်။

မေး ။ ။ စောစောက ကိုဘိုကြည်ပြောသွားတယ် ဥပဒေတွေ ပြုပြင်ပြောင်းလဲဖို့လိုတယ် ပြောတဲ့အခါမှာ လက်ရှိ ကိုလိုနီခေတ်က ဥပဒေတွေကို ပြုပြင်ပြောင်းလဲနိုင်စွမ်း မရှိသေးဘူးလေ။ တလောကပဲ လွှတ်တော်ထဲမှာ ပြည်ထဲရေး ဒုဝန်ကြီးက အကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေ များလာတဲ့ကိစ္စ - အဲဒီမှာ သူက အကျဉ်းထောင်တွေကို ပိုပြီးတော့ တိုးချဲ့တည်ဆောက်မယ်ဆိုတဲ့ နည်းလမ်းကို အဆိုပြုတင်သွင်းသွားတာကို တွေ့ရတယ်။ ဆိုတော့ အခုလက်ရှိ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေး၊ အကျဉ်းထောင်တွေ တိုးဆောက်မယ်ဆိုတဲ့ နည်းလမ်းက တကယ်ပဲသင့်တော်သလား။ နောက်ပြီးတော့ လွှတ်တော်ထဲမှာ အကျဉ်းထောင်တွေ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေ ဘယ်လောက်အထိ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မလဲလို့ မြင်လဲ။

ဖြေ ။ ။ အဓိကတော့ အကျဉ်းထောင်တွေ တိုးချဲ့ပြီးဆောက်တာကတော့ အဖြေမဟုတ်ဘူး။ တကယ်တမ်း ဖြေရှင်းရမှာက အခုနပြောတဲ့ အကျဉ်းထောင်ဆိုတဲ့ဟာကို ပြည်ထဲရေးလက်အောက်မှာ ထားမှာဆိုတာနဲ့ တကယ့် နိုင်ငံရေးအရ အမှီအခိုကင်းတဲ့ တရားရေးဝန်ကြီးဌာနလို့ လက်အောက်မှာထားတာက ပိုကောင်းတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ချုပ်ကိုင်တဲ့အခါကြတော့ များသောအားဖြင့် စစ်ဖက်လွှမ်းမိုးမှုတွေ အရမ်းများတယ်။ အရာရှိတွေ တော်တော်များများကလည်း စစ်ဖက်ကဖြစ်လေ့ရှိတယ်။ ဒီလူတွေရဲ့ စဉ်းစားပုံက စစ်တပ်လို စဉ်းစားတာများတယ်။ များတဲ့အခါကြတော့ စီမံခန့်ခွဲမှုထဲမှာလည်း အကျဉ်းသားတွေအားလုံးက တန်းတူပဲဆိုတဲ့ ဆိုရှယ်လစ်အတွေးအခေါ်ကလည်း အခုအချိန်အထိ ရှိနေသေးတယ်။ တကယ်တမ်းကြတော့ အကျဉ်းသားအားလုံးက တန်းတူလို့ သတ်မှတ်လို့ မရဘူး။ ကျနော်တို့ အကျဉ်းသားတွေကို အမျိုးအစားတွေ ခွဲရမယ်။ တကယ့်ပြစ်မှုကြီးကို ကျူးလွန်သူတွေကသက်သက်၊ ဒါကို ကျနော်တို့ သီးခြားကိုင်တွယ်ရမယ်။ သေသေချာချာ လုံခြုံရေးအရကော၊ သူတို့ကို ပြုစုပျိုးထောင်ဖို့ကိုရော အရမ်းကို လိုအပ်နေတဲ့လူတွေ။

အဲဒီလိုပဲ အခုမှထောင်ကို ရောက်ဖူးတဲ့လူတွေ၊ မတော်မဆမှုတွေနဲ့ ရောက်တဲ့လူတွေ - ဒီလူတွေကို ကျနော်တို့ ထောင်ထဲမှာ အတူတူသွားထားလို့ မရဘူး။ အဲဒီလို အကျဉ်းသားတွေကို အတူတူ - တန်းတူပဲ၊ အတူတူထားရမယ်ဆိုတဲ့ အတွေးအခေါ်ကြောင့် ဘာတွေဖြစ်သွားလဲဆိုတော့ အကျဉ်းထောင်က မာဖီယာဂိုဏ်း လူဆိုးတွေ လူသစ်စုဆောင်းတဲ့နေရာမျိုး ဖြစ်သွားတယ်။ သူခိုးလေးတွေက သူခိုးကြီး ဖြစ်သွားတယ်။ အဲဒီလိုပဲ လူ့အဖွဲ့အစည်းအတွက် နောက်ထပ် စိုးရိမ်စရာကောင်းတာက ကျန်းမာရေး။

ထောင်ထဲမှာ ဖြစ်နေတဲ့ ကူးစက်ရောဂါတွေက ဒီလူတွေက အမြဲတမ်း ထောင်ထဲမှာနေကြတာ မဟုတ်ဘူး။ ပြန်လွတ်လာကြတယ်။ ကျန်းကျန်းမာမာနဲ့ ပြန်လွတ်တာ မဟုတ်ဘဲနဲ့ ရောဂါတွေနဲ့ ပြန်လွတ်သွားကြတဲ့အခါကြတော့ သူတို့ရဲ့ အနီးဆုံး မိသားစုကနေ လူ့အဖွဲ့အစည်းထဲမှာ ကူးစက်ရောဂါတွေ ပြန့်ပွားနိုင်တဲ့ အခြေအနေတွေ ရှိပါတယ်။

အဲဒီလိုပဲ နောက်တခုက သူတို့တွေက ထောင်ထဲမှာ သေချာပြုစုပျိုးထောင်တာ မဟုတ်ဘဲ၊ ပြန်လွှတ်ပေးလိုက်တဲ့အခါကြတော့ ထောင်ကထွက်ပြီးတဲ့အခါမှာ ရာဇဝတ်မှုတွေ ထပ်ပြီးတော့ ကျူးလွန်တာတွေ ရှိတယ်။ ဒါကြောင့်မို့ ဒါကိုကိုင်တွယ်တဲ့အခါမှာ ပြည်ထဲရေးက ကိုင်တွယ်တဲ့ဟာက လုံလောက်မှု မရှိဘူး။ ဒါက ကျနော်တို့ ခေတ်အဆက်ဆက် ရာဇဝတ်မှုတွေ တိုးပွားနေတာ ထောင်ကနေထွက်ပြီး ရာဇဝတ်မှုတွေ ကျူးလွန်နေတာတွေကို ပိုပြီးသက်သေပြနေတယ်။ ဒါကြောင့်မို့ အကျဉ်းထောင်ကို အရပ်ဖက်အုပ်ချုပ်ရေးဘက်ကို ရွှေ့ရမယ်။ အဲဒါက တရားရေးဝန်ကြီးဌာန ဖွဲ့ပြီးတော့ အဲဒီထဲမှာ ထားရမယ်။ အဲဒီအခါကြမှ စီမံခန့်ခွဲမှုတွေကို သေသေချာချာ စီမံလုပ်ကိုင်နိုင်မယ့် အနေအထားတွေ ရှိတယ်။

မေး ။ ။ အဲဒီတော့ အခု လွှတ်တော်ထဲမှာ လွှတ်တော်အမတ်တွေ သူတို့ ဆောင်ရွက်နေတဲ့ အနေအထား - အကျဉ်းထောင် ပြုပြင်ပြောင်းလဲရေး ဘယ်လိုအခြေအနေ ရှိလဲ။

ဖြေ ။ ။ အဲဒါက အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးအတွက် ကော်မတီတရပ် အစိုးရအနေနဲ့ ဖွဲ့သင့်တယ်။ အဲဒီကော်မတီထဲမှာ အစိုးရဘက်ကလည်းပါမယ်။ ပြည်ထဲရေးဘက်ကလည်း ပါမယ်။ အကျဉ်းဦးစီးဘက်ကလည်း ပါမယ်။ လွှတ်တော်အမတ်တွေလည်း ပါမယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေ ပါမယ်။ ဒီအဖွဲ့ဖွဲ့ပြီးတော့ စနစ်တကျနဲ့ သေချာလုပ်ကိုင်မယ်ဆိုရင်တော့ တကယ်ကို ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ပြုပြင်ပြောင်းလဲမှုမျိုးတွေ၊ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ဥပဒေမျိုးတွေ ဖြစ်လာလိမ့်မယ်။ အခုအချိန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ဥပဒေကို ပြုပြင်ပြောင်းလဲလိုက်တဲ့အခါမှာ အကန့်အသတ်တွေ အများကြီးရှိနေတယ်။ အစိုးရအနေနဲ့ နိုင်ငံတကာ စာချုပ်စာတမ်းတွေကိုလည်း လက်မှတ်ထိုးဖို့လိုတယ်။ အထူးသဖြင့် Convention against torture နှိပ်စက်ညဉ်းပမ်းမှုကို ဆန့်ကျင်တဲ့ ဥပဒေမျိုးကို ကုလသမဂ္ဂမှာ လက်မှတ်ထိုးသင့်တယ်။ အဲဒီလို လက်မှတ်ထိုးပြီးရင် ဥပဒေတွေကိုလည်း ဒီဟာတွေနဲ့အညီ ပြုပြင်ပြောင်းလဲဖို့ လိုတယ်။ ပြီးရင် နည်းပညာလည်း နိုင်ငံတကာကနေ ယူလို့ရတယ်။ မြန်မာနိုင်ငံက ဆင်းရဲတဲ့နိုင်ငံ ဖြစ်ပါတယ်။ ငွေကြေးလည်း အများကြီးသုံးစွဲနိုင်တာ မဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲမှုဆိုတာ ငွေကြေးလိုအပ်တယ်။

မေး ။ ။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ - နောက်ပြီးတော့ အဲဒီအစိုးရမှာလည်း တကယ်တမ်း ပြည်နယ်၊ တိုင်းဝန်ကြီးချုပ်တွေပဲ ဖြစ်ဖြစ် အများအားဖြင့် သူတို့ကိုယ်တိုင် နှစ်ပေါင်းများစွာ အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့လူတွေ ဖြစ်တဲ့အခါကြတော့ စောစောက ကိုဘိုကြည် ထောက်ပြသလို ဒီအကျဉ်းထောင် ပြုပြင်ပြောင်းလဲရေးမှာ အစိုးရဦးဆောင်တဲ့ ကော်မတီတရပ်၊ အားလုံးပူးပေါင်းပါဝင်တဲ့ ကော်မတီတရပ် ဖွဲ့စည်းရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အနေအထား။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်အစိုးရအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ့် အနေအထား ရှိမရှိ ဘယ်လိုမြင်ပါလဲ။

ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့ဆက်ပြီးတော့ ဆွေးနွေးနေရမှာပါ။ အခုတော့ ကျနော်တို့တွေနဲ့ ဆွေးနွေးမှုတွေ နည်းနည်းလေး စိတ်လာတာတော့ ရှိတယ်။ ဒါကတော့ ကောင်းတဲ့ဘက်ကို သွားနေတယ်လို့ ယူဆရပါတယ်။

မေး ။ ။ သူတို့ဘက်က စိတ်ဝင်စားတယ်လို့ တွေ့ရလား။

ဖြေ ။ ။ လွှတ်တော်အမတ်တွေဘက်ကတော စိတ်ဝင်စားတယ်။ အစိုးရဘက်ကတော့ ပြည်ထဲရေးကတော့ တွေ့ခွင့်တောင်းနေတာကိုတော့ အခုထိ တရားဝင်တွေ့ခွင့် မရသေးတဲ့ အနေအထားမှာရှိတယ်။ ဒါပေမဲ့ ကျနော်တို့ထုတ်တဲ့ Reports တွေ၊ အစီရင်ခံစာတွေ အကုန်လုံးကိုတော့ ကျနော်တို့ ပြည်ထဲရေးကို ပို့တယ်။ အစိုးရကိုလည်း ပို့တယ်။ ဒီဟာတွေပေါ်မှာတော့ သူတို့ လေ့လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး ။ ။ အခုလို VOA မှာ လာပြီးတော့ အကျဉ်းထောင်ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။