Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ လာမယ့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ ရွေးကောက်ပွဲအတွင်း နိုင်ငံရေးပါတီတွေအပေါ် လူထုထောက်ခံမှုကို စမ်းသပ်တဲ့ ရွေးေးကာက်ပွဲ ဖြစ်တယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ရှု့မြင်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ပြည်သူ့ပါတီ ဒုခေါင်းဆောင် ဦးရဲနိုင်အောင်တို့နဲ့ ဦးသိန်းထိုက်ဦးတို့ တွေ့ဆုံမေးမြန်းဆွေးနွေးထားတာကို တင်ပြလိုက်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ အခုလို တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ပြည်သူ့ပါတီရဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်တို့ တွေ့ဆုံမေးမြန်းခွင့်ပေးတာကို ကျေးဇူးတင်ပါတယ်။ အခုတို့ ကျနော်တို့ တွေ့ဆုံမေးမြန်းခွင့်အချိန်ကလည်း နိုဝင်ဘာဘ (၃) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတော့မယ့်အချိန် မြန်မာနိုင်ငံမှာ လစ်လပ်နေရာ (၁၃) နေရာအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားပါတီတွေ၊ တခြားနိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလိက ကိုယ်စားလှယ်တွေ စုစုပေါင်း (၆၀) ကျော်၊ (၆၉) ယောက် ယှဉ်ပြိုင်တော့မယ့် အခြေအနေမျိုးနဲ့ တိုက်ဆိုင်တော့ ဦးအောင်မိုးဇော်ကို ပထမဦးဆုံး စမေးချင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘာတွေပြင်ဆင်ထားပါသလဲ။ ဘယ်နေရာမှာ ဝင်ရောက်ရွေးချယ်ဖို့ စီစဉ်ထားပါသလဲ။
ဦးအောင်မိုးဇော် ။ ။ ကျနော်တို့က တစ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ အဓိကတော့ မြင်းခြံမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း မြင်းခြံမှာတခါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်နော်။ ဒါက ဒုတိယအကြိမ်ပေါ့။
ဦးအောင်မိုးဇော် ။ ။ ဟုတ်ပါတယ်။ ဒုတိယအကြိမ်ပါ။
ဦးသိန်းထိုက်ဦး ။ ။ ပြည်သူ့ပါတီကတော့ ဦးကိုကိုကြီးတို့ မကြာသေးခင်တုန်းက စပြီးတော့ တည်ထောင်၊ တရားဝင်မှတ်ပုံတင်ခဲ့တဲ့ ပါတီပါ။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့ပါတီအနေနဲ့ ဘယ်လိုကြိုတင်ပြင်ဆင်တာတွေ ရှိပါသလဲ။
ဦးရဲနိုင်အောင် ။ ။ တကယ်တမ်းပြောရင် ကျနေ်ာတို့က ပြည်သူ့ပါတီအနေနဲ့တော့ ပြည်သူ့ပါတီကိုယ်စားလှယ်အနေနဲ့ ဝင်ခွင့်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မှတ်ပုံတင်ခွင့်ကျတဲ့အချိန်မှာ ကိုယ်စားလှယ်လောင်း တင်သွင်းရမယ့် နောက်ဆုံးရက် သတ်မှတ်ချက်ကို ကျော်သွားပြီ။ အဲဒါကြောင့် ကျနော်တို့က သို့သော် ဒီကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၂၀ မတိုင်ခင်၊ နောက်ဆုံးလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲဖြစ်ဖို့ များတဲ့အတွက် ကျနော်တို့ပါတီအနေနဲ့ ရွေးကောက်ပွဲအတွေ့အကြုံလည်းရအောင်။ နောက်ရည်ရွယ်ချက်တခုကတော့ ဒေသကို ကိုယ်စားပြုတဲ့။ အထူးသဖြင့် လူငယ် - ဒီလိုကိုယ်စားလှယ်မျိုးတွေ ရှိတယ်ဆိုရင် ဒီလိုကိုယ်စားလှယ်မျိုးတွေ အားပေးမယ်ဆိုတဲ့ မူဝါဒလည်းရှိတယ်။ ဒီမူဝါဒနဲ့အညီ မင်းဘူးတိုင်းဒေသကြီး အမတ် (၂) မဲဆန္ဒနယ်မှာ သင့်တော်တဲ့ ကိုသိန်းထက်ဝေ လူငယ်တယောက်တွေ့တဲ့အတွက် သူက တသီး ပုဂ္ဂလိကအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာကို သိတဲ့အတွက် ဒီတသီး ပုဂ္ဂလိကကိုယ်စားလှယ် ကိုသိန်းထက်ဝေရဲ့ အောင်နိုင်ရေးကို ကျနော်တို့ပါတီကနေ ဝိုင်းရံအားပေးနေပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ နိုင်ငံရေးအရ ဒါကတော့ ပကတိအရှိတရားပေါ့။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လူထုရဲ့ ထောက်ခံမှုက အရင်ရွေးကောက်ပွဲတွေပေါ်မှာလည်း အပြည့်အဝရှိခဲ့တာ၊ ထောက်ခံမှုတွေပြခဲ့တာတွေလည်း ရှိပါတယ်။ အဲဒီတော့ ကိုယ့်သက်ဆိုင်ရာ ရွေးကောက်ပွဲဝင်တဲ့နေရာတွေမှာ လူထုကရော တကယ်တမ်း ကိုယ့်ပါတီကို မဲဆန္ဒပေးနိုင်တဲ့ အနေအထားမျိုးတွေ တွေ့ရပါသလား။
ဦးအောင်မိုးဇော် ။ ။ ကျနော်တို့ တစ်လကျော်ကျော်၊ နှစ်လလောက် Campaign လုပ်ပြီးတဲ့အခါကြတော့ ကျနော်တို့နဲ့ ပတ်သက်လို့ မြို့ပေါ်လူထုရဲ့အသံ၊ နယ်လူထုရဲ့အသံက စိတ်ဝင်စားမှု အရမ်းများလာတယ်လို့ ပြောလို့ရတယ်။ အဲဒီမှာ အချက် နှစ်ချက်သုံးချက် ရှိတယ်လို့ထင်တယ်။ တစ်တချက်က ၂၀၁၅ ပြီကတည်းက အခုအချိန်အထိ (၃) နှစ်နီးပါး အဲဒီဒေသမှာရှိတဲ့ ပြည်သူ့လွှတ်တော်တွေရဲ့ Performance ကို အဲဒီဒေသရဲ့ လူထုက အသိဆုံးပါ။ ဒုတိယတခုက ဘာလဲဆိုတော့ ကျနော်တို့ယှဉ်ပြိုင်တဲ့ ကျနော်တို့ ကိုယ်စားလှယ် နဲ့ သူ့ Team တို့က ဒီဒေသအပေါ်မှာ သို့မဟုတ် နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဘယ်လောက်အထိ ထဲထဲဝင်ဝင် လုပ်ခဲ့သလဲ။ ဘယ်လောက် သူတို့ ဒေသရဲ့လူထုအပေါ်မှာ တကယ်ပဲ ရပ်ခံပြီးတော့ ကြိုးစားခဲ့သလဲဆိုတာတွေကို အဲဒီဒေသရဲ့ လူထုက အသိဆုံးပါ။
ဦးသိန်းထိုက်ဦး ။ ။ သက်ဆိုင်ရာကိုယ်စားလှယ်ရဲ့ ဒေသအပေါ်မှာ ဘယ်လောက်အထိ လွှမ်းမိုးနိုင်သလဲ။ သူ့ရဲ့သြဇာရှိမှု။ ဦးရဲနိုင်အောင် ဘယ်လိုသတ်မှတ်ပါသလဲ။
ဦးရဲနိုင်အောင် ။ ။ စိတ်ဝင်စားစရာကောင်းတာကတော့ ကိုအောင်မိုးဇော်တို့ရဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အနေအထားနဲ့ ကျနော်တို့ ဝိုင်းရံအားပေးနေတဲ့ တသီးပုဂ္ဂလိကကိုယ်စားလှယ်ရဲ့ အနေအထားတွေ တူတာလေးတွေရှိတယ်။ နံပတ်တစ်အချက် လူငယ်တွေ ဖြစ်ကြတယ်။ နံပတ်နှစ်အချက် သူတို့က ဒီဒေသရဲ့ အကျိုးအတွက်ကို ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်။ အဲဒီတော့ ဒီဒေသက ဒီလူငယ်အပေါ်မှာ ကောင်းကောင်းအသိမှတ်ပြုတယ်။ လူငယ်ဖြစ်သော်ငြားလဲ လေးစားတယ်။ အဲဒီတော့ သူ့အသိုင်းအဝိုင်းလေး ရှိထားပြီးဖြစ်တဲ့အတွက် လူထုရဲ့ ဒီကိုယ်စားလှယ်နဲ့ ပတ်သက်ရင် မဲဆွယ်စည်းရုံးဟောပြောမှုအပေါ် တုံ့ပြန်ချက်သည် အရမ်းအားကောင်းတယ်။
ဦးသိန်းထိုက်ဦး ။ ။ ရွေးကောက်ပွဲ နိုင်မယ်မနိုင်ဘူးဆိုတာတော့ ဦးရဲနိုင်အောင် ပြောသလိုပဲ ရွေးကောက်ပွဲရောက်မှ အဖြေထွက်မယ်။ ရွေးကောက်ပွဲမှာ နိုင်ခဲ့သည်ထားအုံးတော့ ပြည်ထောင်စုလွှတ်တော်အတွင်းမှာ၊ ပြည်နယ်လွှတ်တော်တွေအတွင်းမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ဆိုရင် ပါတီရဲ့အသံ၊ ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေ လိုပါတယ်။ အခုဟာက မြေစမ်းခရမ်းပျိုးလိုမျိုး ကိုယ်စားလှယ်တယောက်စီပဲ ထည့်ပြီးတော့ ယှဉ်ပြိုင်ရတာဆိုတော့ အနိုင်ရခဲ့တယ်ဆိုရင်ကော နိုင်ငံရေးပါတီကြီးတွေကြားမှာ ကိုယ့်ပါတီရဲ့အသံ လွှမ်းမိုးနိုင်မှု၊ ထိရောက်နိုင်မှု ရှိပါ့မလား။
ဦးအောင်မိုးဇော် ။ ။ ကျနော်တို့အနေနဲ့ဆိုရင် ကျနော်တို့ရည်ရွယ်တာက ဒီရွေးကောက်ပွဲမှာ ကျနော်တို့ နိုင်ခဲ့တယ်ဆိုရင် ပြည်သူ့လွှတ်တော်မှာ ကျနော်တို့ တစ်နေရာရမယ်။ အနိမ့်ဆုံးအဆင့် မြင်းခြံနယ်မှာရှိတဲ့ တရားမမျှတမှုတွေကို ဥပမာ စည်ပင်လိုကိစ္စမျိုးတွေ၊ တချို့ပွင့်လင်းမြင်သာမှု မရှိတဲ့ဟာတွေ၊ တချို့ Power Abuse လုပ်နေတဲ့ကိစ္စတွေ၊ နယ်တွေမှာ ကျေးလက်ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခမျိုးတွေ။ ဒီဟာတွေကို သေသေချာချာ Focus ထားပြီးတော့ တစုံတရာတော့ ထိန်းညှိနိုင်မယ်လို့ထင်တယ်။ ဟုတ်တယ် .. တခုလုံး အပြောင်းအလဲကိစ္စ - လွှတ်တော်ထဲမှာ ကိုယ့်တယောက်ထဲတော့ ပြောဖို့ဆိုဖို့ ခက်လိမ့်မယ်။ သို့သော် အနိမ့်ဆုံးအဆင့်တော့ မေးခွန်းတော့ ထုတ်နိုင်လိမ့်မယ်။ ကျနော်တို့ ပိုပြီးတော့ အာရုံထားတာက ဒီမြင်းခြံနယ်မှာ တစုံတရာ လယ်သမားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာပဲဖြစ်ဖြစ်၊ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာပဲဖြစ်ဖြစ်၊ ဆေးရုံဆေးခန်းတွေကိစ္စပဲဖြစ်ဖြစ်၊ အာဏာပိုင်တွေ abuse လုပ်တဲ့ ကိစ္စတွေပဲဖြစ်ဖြစ် - ဒီကိစ္စတွေမှာ တစုံတရာ တရားမျှမျှတတ ဖြစ်လာဖို့အတွက်ကို ဒီလွှတ်တော်ကိုယ်စားလှယ်က ရှိပြီသား ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိန်းညှိနိုင်လိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်။ ဒါဆိုရင် ၂၀၂၀ အတွက် ကျိန်းသေပေါက် ဒီနယ်မြေမှာ လေးနေရာရှိရင် လေးနေရာလုံး ဝင်ပြိုင်လို့ရတဲ့ အနေအထား ဖြစ်တယ်။ ဒါက ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တယ်။
ဦးသိန်းထိုက်ဦး ။ ။ ပြည်သူ့ပါတီအသံအနေနဲ့ တကယ်လို့ ကိုယ်စားလှယ်လောင်းတယောက်ထဲနဲ့ လွှမ်းမိုးနိုင်ပါ့မလား။
ဦးရဲနိုင်အောင် ။ ။ တကယ်တမ်းပြောရရင် ကျနော်တို့ရဲ့ ရည်မှန်းချက်က ယေဘုယျအားဖြင့် ဒါက Mid-term ဖြစ်တယ်။ NLD အစိုးရရဲ့ ကြားကာလ ရွေးကောက်ပွဲ လုပ်တဲ့အတွက် စောစောကလည်း ကိုအောင်မိုးဇော် ပြောသွားတယ်။ ဒီရွေးကောက်ပွဲမှာ လူထုက လက်ရှိအစိုးရရဲ့ စွမ်းဆောင်မှုအပေါ်၊ ခေါင်းဆောင်မှုအပေါ် ဘယ်လိုထင်ဟပ်သလဲ ဒါကတချက်ပါ။ နောက်တချက်က ကျနော်တို့ လူထုကြားမှာ ပြောဆိုဆွေးနွေးနေတာရှိတယ်။ တခုက ဘာလဲဆိုတော့ အရေးကြီးတဲ့အချက်က ဘာလဲဆိုတော့ တကယ်သာ ကိုယ်စားလှယ်လောင်းတယောက်သည် တကယ်လည်း အရည်အချင်းရှိတယ်။ သူ့ရဲ့ဒေသကိုလည်း အကျိုးပြုနိုင်တယ်။ ဒေသကတဆင့် တိုင်းပြည်ကိုလည်း အကျိုးပြုနိုင်တယ်ဆိုရင် လူထုက မဲပေးမလား၊ မဲမပေးဘူးလား - ပြောချင်တဲ့သဘောက NLD ကို ကျော်လွန်ပြီးတော့ ဒီလိုကိုယ်စားလှယ်မျိုးကို လူထုက မဲပေးမလား၊ မပေးဘူးလားဆိုတာကို ကျနော်တို့က အချင်းချင်းပြောဆိုနေတာရှိတယ် - အဲဒါနဲ့ ပတ်သက်ရင် တချို့ကလဲပေးမယ်။ တချို့ကလဲ မပေးဘူး ပြောတယ်။ သို့သော် ကျနော်တို့မှာ ဘယ်ဘက်ကမှ အထောက်အထား မရှိဘူး။ အခု ကျနော်တို့ ရွေးကောက်ပွဲကို ဝင်လိုက်တဲ့အတွက် ဒီလိုအငြင်းပွားမှုနဲ့ ပတ်သက်ရင် အဖြေတခုထွက်လာမယ်။ တကယ်သာ ကိုယ်စားလှယ်လောင်းတယောက်သည် ဒေသကိုလည်း အကျိုးပြုတယ်။ အမှန်တကယ်လဲ ကိုယ်စားပြုတယ်ဆိုရင် မဲပေးမယ်ဆိုရင် လူထုရဲ့ ဘယ်လိုမဲပေးမလဲဆိုတဲ့ လူထုရဲ့ ဆုံးဖြတ်ပုံက အပြောင်းအလဲဖြစ်သွားပြီဆိုတဲ့ဟာကို ညွှန်ပြနေတဲ့အတွက် ၂၀၂၀ ရဲ့ အလားအလာ။ ပြည်သူလူထုက ဘယ်လိုမဲပေးမလဲဆိုတဲ့ အလားအလာကို မှန်းလို့ရတယ်။ ကျနော်တို့က အဓိက ဒါကိုလဲ သိချင်တယ်။ လူထုက ကိုယ်စားလှယ်လောင်းတွေကို ရွေးတဲ့အခါမှာ ဘယ်လို စံ၊ ပေတံတွေနဲ့ ရွေးမလားဆိုတာကို ဒီရွေးကောက်ပွဲက တချက်ပြနိုင်တယ်။ နောက်တချက်က လက်ရှိအစိုးရရဲ့ Performance နဲ့ ပတ်သက်လို့ လူထုက ဘယ်လိုဆုံးဖြတ်တယ်၊ ဘယ်လိုသုံးသပ်တယ်ဆိုတာကို ဖော်ပြမယ်လို့ ကျနော်က အဲဒီလိုပဲ ယူဆတယ်။
ဦးသိန်းထိုက်ဦး ။ ။ မဲဆွယ်စည်းရုံးတာတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီကြီးတွေ၊ နောက် အခြေကျနေတဲ့ နိုင်ငံရေးပါတီကြီးတွေ၊ ငွေအားလူအား သုံးနိုင်တဲ့ ပါတီကြီးတွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ မျှမျှတတ ကိုယ့်ဘက်က လုပ်ပိုင်ခွင့် ရပါရဲ့လား။
ဦးအောင်မိုးဇော် ။ ။ အခြေခံအားဖြင့်တော့ လုပ်ပိုင်ခွင့်ရတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ငွေရေးကြေးရေးဆိုတာတော့ ကျနော်တို့ပေါ် မူတည်တာပေါ့။ အဲဒီမှာတော့ ကျနော်တို့က အားနည်းတယ်။ သို့သော်လဲ ကျနော်တို့ တစ်လကျော်ကျော်၊ နှစ်လနီးပါးလုပ်တဲ့အခါ ကျနော်တို့ အစောက အဲဒီလောက်အထိ မျှော်မှန်းမထားဘူး။ မြင်းခြံဆိုရင် ကျေးရွာအုပ်စုအားလုံးပေါင်း (၅၈) အုပ်စု ရှိတယ်။ ကျေးရွာပေါင်း တစ်ရာနှစ်ရာနီးပါး ရှိမယ်လို့ ထင်တယ်။ အဲဒီလောက်ရှိတဲ့နေရာမှာ Eligible Voters နှစ်သိန်းနဲ့နှစ်သောင်းကျော် ရှိတယ်။ အကြီးကြီးပါ။ ဆိုတော့ အဲဒီဒေသမှာ တစ်လကျော်ကျော်အတွင်းမှာ ရုံး (၅၀) လောက် ဖွင့်နိုင်တယ်။ ကျနော်တို့ Campaign လုပ်တဲ့ကာလအတွင်းမှာ။ တဘက်က လူထုရဲ့ စိတ်ဝင်စားမှု အဲဒါကို နည်းနည်းသွားတွေ့တယ်။ လူထုက ကြိမ်းသေတယ် နဂိုက ပါတီကြီးတခုတည်းကိုပဲ စိတ်ဝင်စားခဲ့တယ်။ ကျနော်တို့ သေချာစည်းရုံးရေး လုပ်တဲ့အခါကြတော့ ကျနော်တို့ကိုလည်း စိတ်ဝင်စားတယ်။ အထူးသဖြင့် ကျေးရွာ (၅၀) လောက်မှာ ရပ်ကျေးဆိုင်ဘုတ်တွေ တင်နိုင်လိုက်တယ်။ မြို့ပေါ်လူထုကလည်း တော်တော်လေးကို စိတ်ဝင်တစား ဖြစ်လာတယ်။ ဒီနေရာမှာ တခုပြောချင်တာက အခုနမေးခွန်းနဲ့ ဆက်စပ်လို့ ၂၀၂၀ အတွက်တင်မဟုတ်ဘူး လက်ရှိနိုင်ငံရေး အခြေအနေ၊ လက်ရှိအာဏာရပါတီ၊ လက်ရှိအစိုးရ ဒီအခြေအနေကို သေသေချာချာ ကြည့်သင့်တယ်လို့ ကျနော်ထင်တယ်။ ကျနော် ပွင့်ပွင့်လင်းလင်း ပြောချင်တယ် - သူတို့က Very very arrogant ဘယ်နိုင်ငံရေးပါတီနဲ့မှ ပူးပေါင်းဆောင်ရွက်မှု မရှိသလိုဖြစ်တယ်။ နောက်တခုက သူများအသံကို နားမထောင်သလို ဖြစ်တယ်။ အကယ်၍များ ဒီရွေးကောက်ပွဲမှာ တခြားပါတီတွေကို လူထုက မဲပေးလိုက်တယ်ဆိုရင် သူတို့ သတိထားရတော့မယ်။ ကျနော်ကတော့ အဲဒီလို ပြောချင်တယ်။ အဲဒါက ကျနော်တို့ တိုင်းပြည်အတွက် အရေးကြီးတယ်လို့ ကျနော်ထင်တယ်။ အဲဒါလေး ဖြည့်ပြောချင်တယ်။
ဦးသိန်းထိုက်ဦး ။ ။ မဲဆွယ်စည်းရုံးတဲ့အခါမှာ မျှမျှတတ လုပ်ခွင့်ရှိပါသလား။ ဘာမှအကန့်အသတ် ဘာညာမရှိပါဘူး။
ဦးအောင်မိုးဇော် ။ ။ ရှိပါတယ်။ လူ ပုဂ္ဂိုလ်တွေဆိုတော့ တချို့ကြတော့ ညစ်ချင်တာလည်း ရှိတာပေါ့။ ဒါပေမဲ့ အာဏာပိုင်တွေက ညစ်တာတို့၊ ကော်မရှင်က ညစ်တာတို့ အဲဒါမျိုးတော့ မတွေ့ရသေးပါဘူး။
ဦးသိန်းထိုက်ဦး ။ ။ ဦးရဲနိုင်အောင်တို့ကော မဲဆွယ်စည်းရုံးတဲ့အခါမှာ အခက်အခဲတွေ ရှိပါလား။
ဦးရဲနိုင်အောင် ။ ။ ပြဿနာ မရှိပါဘူး။ မျှမျှတတ ရှိပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ဒီမဲဆွယ်စည်းရုံးမှုတွေကနေ လူထုက ပေးချင်တဲ့ သတင်းစကားလို့ ပြောမယ်ဆိုလို့ရှိရင် ဘာကိုအဓိကပြောမလဲ။ အခုန အခက်အခဲတွေပဲလား။
ဦးရဲနိုင်အောင် ။ ။ ပြောရရင်တော့ လူထုသည် သူတို့ရဲ့ နေ့စဉ်ဘဝကို ဒီထက်ပိုကောင်းစေတဲ့ အပြောင်းအလဲမျိုးကို လိုလားတယ်။ ပြောရရင် လက်ရှိအနေအထားကို ကျေနပ်အားရမှု မရှိဘူး။ သူတို့ရဲ့ နေ့စဉ်ဘဝကို ဒီထက်ပိုကောင်းတဲ့ အနေအထားတရပ်၊ ရလဒ်တရပ်ကို မျှော်လင့်နေတယ်လို့ ပြောနိုင်တယ်။