မူးယစ်ဆေးတိုက်ဖျက်ရေး အားထုတ်မှုတိုးဖို့ မြန်မာကို အမေရိကန်တိုက်တွန်း

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf

ကမ္ဘာမှာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိမှု အဓိကဖြစ်နေတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံစာရင်း အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာဆိုရင် ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံးဖြစ်သလို၊ အခြားမူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေမှာလည်း အဓိက ရင်းမြစ်နိုင်ငံတခု ဖြစ်နေတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ FRAA နိုင်ငံတကာ ဆက်ဆံရေး ခွင့်ပြုမိန့် ချမှတ်ရေးဆိုင်ရာ အက်ဥပဒေအရ ကမ္ဘာမှာ မူးယစ်ဆေးဝါး ထုတ်လုပ်နေတဲ့ ရောင်းဝယ်ဖြန့်ဖြူးတဲ့ အဓိကကျတဲ့ နိုင်ငံစာရင်းကို သမ္မတ အိုဘားမားက နှစ်စဉ် လွှတ်တော်ကို တင်သွင်းရမြဲ ဖြစ်ပါတယ်။ အခုနှစ်မှာ ၂၂ နိုင်ငံပါဝင်ပြီး ဒီအထဲကမှ မူးယစ်တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်စာတမ်းတွေကို အပြည့်အ၀ လိုက်နာဆောင်ရွက်မှု မရှိတဲ့ နိုင်ငံစာရင်းကို ထပ်မံ ပြုစုရပါတယ်။

အဲဒီနိုင်ငံတွေစာရင်းထဲမှာ မြန်မာ၊ Bolivia နဲ့ Venezuela နိုင်ငံတွေ ပါဝင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့ ချုပ်ဆိုထားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သဘောတူညီချက်တွေအတိုင်း အပြည့်အ၀ လိုက်နာဆောင်ရွက်ဖို့ မြန်မာအနေနဲ့ လိုအပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကြိုးပမ်းမှုအတွက် ငွေကြေးအင်အား အားထုတ်မှု ပိုသုံးဖို့၊ တရားမဝင် ဘိန်းစိုက်ပျိုးမှု နှိမ်နင်းရေး တိုးမြှင့်ဆောင်ရွက်ဖို့၊ အဲဒီက ကြီးကြီးမားမား မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကိုလည်း အသေအချာ မှတ်တမ်းလုပ်ဖို့ မြန်မာအစိုးရကို အမေရိကန် ပြည်ထေင်စုအနေနဲ့ တိုက်တွန်းနေပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ အရင်ကထက် တိုးတက်မှုအချို့ ရှိလာတယ်ဆိုပေမဲ့လည်း လုပ်စရာတွေ ကျန်ပါသေးတယ်။”

FRAA ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အက်ဥပဒေအရဆိုရင် မူးယစ်တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေကို အပြည့်အ၀ လိုက်နာဆောင်ရွက်မှုမရှိတဲ့ အဲဒီနိုင်ငံတွေကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်နိုင်ပေမဲ့ သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ အကူအညီ ဆက်ပေးသွားဖို့ လိုအပ်ရင် အကူအညီ ပေးသွားနိုင်ပါတယ်။ ဒါကြောင့်လည်း အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသား အကျိုးစီးပွားအရ မြန်မာနိုင်ငံနဲ့ Venezuela နိုင်ငံတွေကို ပေးနေတဲ့ အကူအညီတွေကိုတော့ ဆက်ပေးသွားဖို့အတွက် သမ္မတ အိုဘားမားက ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ စံနှုန်းအတိုင်း အပြည့်အ၀ မဆောင်ရွက်နိုင်သေးပေမဲ့လို့၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ဒေသတွင်းမှာရော အမေရိကန် အပါအဝင် နိုင်ငံတကာနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ လိုလိုလားလား ရှိတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Marie Harf က ပြောခဲ့ပါတယ်။

“မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ မြန်မာနိုင်ငံအနေနဲ့ ကိုယ်တိုင်ရော အမေရိကန်ပြည်ထောင်စုနဲ့ရော လိုလိုလားလား ဆောင်ရွက်နေတဲ့ အပြုသဘော ဆောင်ရွက်မှုတွေ ရှိပါတယ်။ ဒါကြောင့်လည်း သူတို့ရှိနေတဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖြေရှင်းဖို့ အမေရိကန်အနေနဲ့ ဆက်ပြီး လက်တွဲ ဆောင်ရွက်သွားမှာပါ။ သူတို့လုပ်ဆောင်စရာ ကိစ္စတွေကိုလည်း ပြီးပြတ်အောင် ကြိုးစားဆောင်ရွက်နေမှုတွေ ရှိပေမဲ့လို့လည်း၊ နိုင်ငံတကာ စံနှုန်းစံထားအတိုင်း ဖြစ်အောင် ပြည့်ပြည့်၀၀ ဆောင်ရွက်နိုင်ခြင်းတော့ မရှိသေးပါဘူး။”

မြန်မာနိုင်ငံဟာဆိုရင် Amphetamine စိတ်ကြွဆေးပြား ထုတ်လုပ်မှုနဲ့ ဘိန်းဖြူထုတ်လုပ်မှုတွေမှာ အဓိက နိုင်ငံတနိုင်ငံ ဖြစ်နေတုန်းပဲလို့လည်း အမေရိကန်ပြည်ထောင်စုက သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ဘိန်းစိုက်ပျိုးမှုမှာလည်း မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။ ဘိန်းစိုက်ပျိုးမှုမှာ အာဖဂန်နစ္စတန်ကတော့ ကမ္ဘာမှာ အမြင့်ဆုံးပါ။

မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အမေရိကန်နဲ့အပြင် UNODC ကုလသမဂ္ဂ မူးယစ်တိုက်ဖျက်ရေး အေဂျင်စီနဲ့ပါ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာ ဘိန်းစိုက်ပျိုးမှု ကျဆင်းသွားခဲ့ပေမဲ့လို့၊ အခုနှစ်ပိုင်းတွေအတွင်း ဘိန်းစိုက်ပျိုးမှု ပြန်တိုးလာခဲ့တယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြပါတယ်။