မြန်မာနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ ပြည်သူ့လွှတ်တော်ရဲ့ ပထမသတင်းအပတ်အတွင်းမှာပဲ လွှတ်တော်သဘာပတိတွေ အပါအဝင် နိုင်ငံတော်သမ္မတ နဲ့ ဒု-သမ္မတတွေကို ရွေးချယ်ခဲ့ကြပါပြီ။ ဒီလို ရွေးချယ်ရေးလုပ်ငန်းစဉ်တွေ ဘယ်လောက်အထိ မျှတမှုရှိပါပြီလဲ။ ပြည်သူလွှတ်တော်ဟာ တိုင်းပြည်ရဲ့ အနာဂတ်၊ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်နိုင်မယ့် ဥပဒေတွေ ချမှတ်ဖို့ ဘယ်လောက်အထိ ဆောင်ရွက်လာနိုင်ပြီလို့ မျှော်လင့်နိုင်ပါပြီလဲ။ နေပြည်တော်မှာ ရောက်နေသူများထဲက ဒု-သမ္မတအဖြစ် အမည်စာရင်း တင်သွင်ခံခဲ့ရသူ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဌ ဒေါက်တာအေးမောင် ကို ဦးသိန်းထိုက်ဦး က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ဒေါက်တာအေးမောင် က ဒု-သမ္မတတွေ အမည်စာရင်းတင်သွင်းခဲ့တာနဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ရှင်းပြပါတယ်။
ဦးအေးမောင် ။ ။ နိုင်ငံတော်သမ္မတနဲ့ ပတ်သက်လို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေမှာ စစ်ရေးအမြဲဆိုတာ ပါတယ်။ အဲဒါကို အရပ်သားတွေ တင်ခွင့်ရှိတဲ့ဆိုတဲ့တခုနဲ့ ကျနော်က တင်ခဲ့တာပါ။ ဒုတိယအနေနဲ့ အမျိုးသားလွှတ်တော်မှာ တင်ရတဲ့ ရည်ရွယ်ချက်က အမျိုးသားလွှတ်တော် ဒုတိယ သမ္မတလောင်းမှာ တိုင်းရင်းသားထဲက ရှိချင်တဲ့ဆန္ဒ ကျနော်တို့မှာရှိလို့ အခုလို တင်သွင်းခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားလွှတ်တော်မှာရှိတဲ့ အင်အားက ၁၆၈ ဦး ရှိပါတယ်။ အဲဒီအထဲမှာ ပြည်ခိုင်ဖြိုးပါတီအင်အားက ၁၂၉ ဦးရှိပြီး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ အင်အားက ၅ ဦး ရှိပါတယ်။ တခြားအင်အားစုတွေလည်း ရှိကြတာပေါ့။ ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုတွေ စုစုပေါင်းအင်အားက ၃၀ ကျော်ကျော်လောက်ပဲ ရှိပါတယ်။ ဆိုတော့ ကျနော်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အင်အားက ၇ ဦးပဲ ရှိပါတယ်။ ကျနော်တို့ကို ထောက်ခံအားပေးခဲ့တဲ့ အင်အားက ၂၇ ဦးဆိုတော့ ၇ ဦးအပြင် တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေက အယောက် ၂၀ လောက် ထောက်ခံမဲပေးတယ်လို့ သတ်မှတ်လို့ ရပါတယ်။ ၁၂၉ ဦးရှိတဲ့ ကြံ့ခိုင်ရေးပါတီက ၁၄၀ နဲ့ နှိုင်းယှဉ်ကြည့်ရင် သုံးသပ်နိုင်မယ်လို့ ထင်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ဒေါက်တာအေးမောင်အနေနဲ့ သမ္မတ ရွေးချယ်ရေးလုပ်ငန်းစဉ် အဆင့်ဆင့် ရွေးချယ်မှုတွေကတော့ ဘယ်လောက်အထိ ထင်သာမြင်သာရှိတယ်၊ ပွင့်လင်းမှုရှိတယ်လို့ သတ်မှတ်နိုင်ပါသလဲ။
ဦးအေးမောင် ။ ။ လွှတ်တော်ထဲမှာ ပြန်လည်ရွေးချယ်တဲ့ကိစ္စတွေက တော်တော်လေး ထင်သာမြင်သာ ရှိပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ထင်သာမြင်သာ ရှိပေမယ့် အခုနလို အတိုက်အခံတွေဖက်က မဲတွေ သိပ်နည်းနေတဲ့အတွက် ဒီလွှတ်တော်ထဲမှာ အတိုက်အခံဘက်က ပီပီပြင်ပြင် အသံထွက်နိုင်တဲ့အနေအထား ရှိတယ်လို့ ပြောနိုင်ပါ့မလား။
ဦးအေးမောင် ။ ။ အတိုက်အခံအင်အားကတော့ လွှတ်တော်နှစ်ရပ်လုံးမှာပါ။ ပြည်သူ့လွှတ်တော်မှာဆို ၄၅ ဦးလောက်က ကျနော်တို့ ဒီမိုကရက်တစ်အင်အားစုက အများဆုံးပါ။ အမျိုးသားလွှတ်တော်မှာဆိုရင် ၃၃ ယောက်လောက်ပဲ ရှိပါတယ်။ ၁၆၈ ဦးကို အမျိုးသားလွှတ်တော်ထဲမှာ ၃၀ နီးပါးလောက်က ပျောက်သွားမယ့် သဘောပေါ့။ ဒါပေမဲ့ အဆိုတစ်ရပ်ကို တင်တယ်ပြုတယ်ဆိုတဲ့ အသံဟာ ပြည်သူတွေကြားမှာ ပျံနှံနေမှာ ဖြစ်ပါတယ်။ ပြည်သူတွေရင်ထဲမှာရှိတဲ့ ဥစ္စာတွေကို လိုအပ်ရင်လိုအပ်သလို တင်ပြသွားဖို့ အစီအစဉ်ရှိထားပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ လွှတ်တော်နဲ့ ပတ်သက်လို့ ဝေဖန်သံတွေ ထွက်နေပါတယ်။ အတိုက်အခံရယ်လို့ ပီပီပြင်ပြင် မရှိဘဲနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် မရှိဘူးဆိုပြီးတော့ ဝေဖန်သံမျိုးတွေပါ။ သတင်းကန့်သတ်မှုတွေလည်း ရှိနေတယ်ဆိုပြီးတော့။ ဆိုတော့ လွှတ်တော်အတွင်းမှာ ဒေါက်တာအေးမောင်တို့အနေနဲ့ ကန့်သတ်ပိတ်ပင်မှုတွေ ရှိတယ်ဆိုတဲ့ ခံစားချက်မျိုး ရပါသလား။ ကန့်သတ်မှုတွေရှိတယ်လို့ ပြောနိုင်လား။
ဦးအေးမောင် ။ ။ ရှိပါတယ်။ ကျနော်တို့ အဆိုတခုကို တင်မယ်ဆိုရင် ၁၅ ရက်ကြိုတင်ရပါတယ်။ ဥပဒေကြမ်းတခုကို တင်မယ်ဆိုရင် ရက်ပေါင်း ၃၀ လွှတ်တော်ရဲ့ ဥက္ကဌကို အဆိုတင်ရပါတယ်။ လွှတ်တော်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒုတိယညွှန်ကြားရေးမှူးမှတဆင့်။ မေးခွန်းလေးတခု မေးမယ်ဆိုရင် ဆယ်ရက်လောက် ကြိုတင်ရပါတယ်။ အဲဒါမျိုး စည်းကမ်းကန့်သတ်မှုတွေ ရှိပါတယ်။ အဲဒီမှာ စောင်ထိန်းရမယ့် တာဝန်ဝတ္တရာတွေလည်း ရှိပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို မပြိုကွဲအောင်၊ တို့တာဝန် သုံးပါးကို စောင့်ထိန်းရပါတယ်။ ဘာသာ၊ သာသနာကို ထိခိုက်မယ့် အသုံးအနှုန်းတွေလည်း မသုံးရပါဘူး။ ပုဂ္ဂိုလ်ရေး ထိခိုက်မယ့် အသုံးအနှုန်းတွေလည်း မသုံးရပါဘူး။ ကျနော်တို့မှာ စောင့်စည်းရမယ့် ဝတ္တရားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ အများနဲ့ ပတ်သက်တဲ့အဆိုတွေတော့ ဖြစ်မယ်။ အများနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတွေကို ပြည်သူလူထုတွေ တကယ်အကျိုးရှိမယ့်၊ ရှိနိုင်မယ်လို့ ယူဆတဲ့ မူကြမ်းတချို့ကိုတော့ ဒီမိုကရက်တစ်အင်အားစု တော်တော်များများက တင်သွင်းနေမယ်လို့ ယူဆပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ အများအတွက် အကျိုးရှိမယ်ဆိုတဲ့ ယူဆတဲ့ ဥပဒေကြမ်းတွေကို ဒေါက်တာအေးမောင် တို့ဘက်က တင်သွင်းပေမယ့် တင်သွင်းခွင့် ရလိုက်တာသာ ဖြစ်ပြီးတော့ ဘယ်လိုမှ အတည်ပြုချက် မကျနိုင်ဘူး။ မဲအများစုက ကြံ့ခိုင်ဖွံ့ဖြိုးရေးဘက်က ယူထားတဲ့အတွက်ကြောင့် ဒီ အဆိုပြုချက်တွေက အဆိုပြုရုံသက်သက်ပဲ သဲထဲရေသွန်း ဖြစ်သွားမယ့်ဆိုပြီးတော့ ဝေဖန်ကြတာမျိုးတွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ ဒေါက်တာအေးမောင် ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။
ဦးအေးမောင် ။ ။ အဲဒီအဆိုက မှားတယ်လို့ များပါတယ်။ ကျနော်တို့ အခု ဒုတိယ သမ္မတလောင်းရွေးတာကို ကြည့်ရင် သိပါတယ်။ တကယ့်တကယ် လွှတ်တော်ထဲမှာ တိုင်းရင်းသားပေါင်းစုံ ပါဝင်လာပါတယ်။ ဒါပေမဲ့ တကယ့်တကယ် ရင်ထဲကဆန္ဒမှန်ကို တကယ်ထုတ်ပြနိုင်ချေက နည်းတယ်လို့ ယူဆပါတယ်။ ကိုယ့်ရဲ့ ပါတီရဲ့ အလံတော်အောက်မှာပဲ ယူဆချက်တခုအောက်မှာပဲ ကျနော်တို့ ဒီအတိုင်းဆို ဒီအတိုင်းပဲ အဲဒီသဘောမျိုးနဲ့ ဦးတည်ပြီးသွားနေတာတော့ အများကြီးပေါ့။ ဆိုလိုတာက ကျနော်တို့ ကျနော်တို့အဆိုဟာ ပြည်သူကို အကျိုးပြုစေတယ်။ များတဲ့ အင်အားများတဲ့ပါတီတခု၊ အင်အားရတဲ့အုပ်စုက အဆိုကို ပစ်ပယ်ခဲ့ရင် ကျနော်တို့ အဆိုက အဆိုတင်သွင်းခွင့်တောင် ရှိနိုင်ချေနည်းပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ တိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်လို့ ကျနော်တို့ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီအနေနဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးကိစ္စတွေကို အလေးထားပြီး တင်ပြမယ်ဆိုတာမျိုး စောစောပိုင်းက ကြားခဲ့တာတွေ ရှိပါတယ်။ အခုအချိန်အထိ တိုင်းရင်းသားနယ်မြေတွေရဲ့ ဖွံ့ဖြိုးရေးကိစ္စတွေ ဘယ်လောက်အထိ တင်ပြပိုင်ခွင့် အနေအထား ရနေပါပြီလဲ။
ဦးအေးမောင် ။ ။ ကျနော်တို့ လက်ရှိအခြေအနေကို ပြန်သုံးသပ်ကြည့်ရင် ကျနော်တို့က လွှတ်တော်ရဲ့ ဥက္ကဌ တို့၊ ဒု-ဥက္ကဌတို့ အကုန်လုံးက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းပြည်နယ်ကြီးလွှတ်တော် အကုန်လုံးမှာ ပြည်ခိုင်ဖြိုးပါတီက ယူသွားတာပါ။ အဲဒီလို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပြောဆိုနိုင်ချေရှိတဲ့ အဆိုတို့၊ ဥပဒေကြမ်းတို့ မေးခွန်းတို့ အကုန်လုံးဟာ လွှတ်တော်ဥက္ကဌရဲ့ လက်ထဲကို ရောက်သွားပါပြီ။ ပြည်ခိုင်ဖြိုးပါတီကပဲဖြစ်ဖြစ် တကယ်၍ လုံခြုံရေးအားဖြင့် စိတ်ချယုံကြည်ရတဲ့ ပုဂ္ဂိုလ်နဲ့ ဖွဲ့စည်းထားတယ်ဆိုတဲ့ကိစ္စဟာ အင်မတန်မှ ကျနော်တို့ဘက်က အင်မတန် သဘောလည်းတူပါတယ်။ ထောက်လည်းခံပါတယ်။ လက်ရှိ အခြေအနေကို သုံးသပ်တယ်အခါမှာ အဲဒါမျိုးပါ။ ဆိုတော့ ကျနော်တို့ မြင်သာထင်သာရှိတဲ့ ပျော့ပျောင်းညင်းသာတဲ့ အပြောင်းအလဲမှုမျိုးဟာ မကြာခင် လွှတ်တော်အတွင်းမှာ ပေါ်ပေါက်လာမယ့် အဖွဲ့အစည်းမျိုးစုံ ရှိပါလိမ့်မယ်။ လွှတ်တော်ဥပဒေကြမ်း ကော်မတီတို့၊ တခြား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ဝန်ကြီးအဖွဲ့တွေ ဘာညာပေါ်လာပါလိမ့်မယ်။ အဲဒီဥစ္စာမှာ ဘယ်လောက်အထိ ဆွေးနွေးခွင့်ရှိသလဲဆိုတာကတော့ ပျော့ပျောင်းညင်းသာမှု ရှိမရှိက လာမယ့် အခင်းအကျင်းကို သုံးသပ်ကြမှာ ဖြစ်ပါတယ်။ လက်ရှိဝင်ပေါက်တွေ အကုန်လုံးက ပိတ်ထားတယ်ဆိုတာက လက်ရှိ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လက်ရှိ သူရဲ့ လုံခြုံရေးစည်းကို ခိုင်ခိုင်လုံလုံ စတယ်လို့ပဲ သုံးသပ်ပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ကျနော် အခုန မေးတာက တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားဒေသတွေရဲ့ ဖွံ့ဖြိုးမှု။ အထူးသဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ တင်ပြပိုင်ခွင့်တွေ ရှိနေပါပြီလဲ။
ဦးအေးမောင် ။ ။ အဲဒီ တင်ပြပိုင်ခွင့်ဆိုတာကလည်း ပြည်နယ်ဥက္ကဌပေါ်မှာလည်း မူတည်မှာပေါ့။ ပြည်နယ်ဥက္ကဌနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်ကလည်း ပြည်ခိုင်ဖြိုးပါတီက ဖြစ်နေတာကို။ ကျနော်တို့က ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်းကို စဖို့အတွက် - ဒေသဖွံ့ဖြိုးရေးစတဲ့အခါမှာ ပူးပေါင်းဆောင်ရွက်နိုင်ချေ ရှိမရှိ။ ကျနော်တို့ အဆိုပြုတဲ့ဟာက တကယ်ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းကြောင်းကို ရှိနေတဲ့ အဆိုပြုချက်ဆိုလို့ရှိရင် ပြည်ခိုင်ဖြိုးပါတီမှာပါတဲ့ ရခိုင်တိုင်းရင်းသားများက ကျနော်တို့အဆိုကို လက်ခံနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီ ဦးတည်ချက်နဲ့ပဲ ကျနော်တို့ ဆွေးနွေး အဆိုတင်သွင်းကြမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုပါလီမန်မှာလည်း ဒီအတိုင်းပါပဲ။ ကျနော်တို့က တိုင်းရင်းသားဒေသတခု ဖွံ့ဖြိုးရေးကို အဆိုတင်သွင်းတဲ့ - ဥပမာ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီပါတီက အဆိုတင်တဲ့ အဆိုဟာ ရှမ်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တယ်ဆိုရင် ကျနော်တို့က ထောက်ခံမှာပါ။ ရခိုင်အမျိုးသားပါတီအနေနဲ့ ထောက်ခံမှာပါ။ နည်းတူပဲ ပြည်ခိုင်ဖြိုးပါတီမှာပါတဲ့ တခြားတိုင်းရင်းသားတွေက ထောက်ခံပေးနိုင်မယ်ဆိုရင် အဲဒီ ထောက်ခံပေးတယ်ဆိုတဲ့ အသံ၊ ကန့်ကွက်တယ်ဆိုတဲ့ အသံဟာ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုရဲ့ ရင်ထဲမှာ ရောင်ပြန်ဟပ်သွားပါလိမ့်မယ်။ အဲဒီဥစ္စာရဲ့ အဖြေဟာ ကျနော်တို့ လိုလာချက်ပါ။
ဦးသိန်းထိုက်ဦး ။ ။ ဒီနေရာမှာ ကျနော်တို့ စောဒကတက်နိုင်တာတခုက အခုန ဒေါက်တာအေးမောင်ပြောတဲ့ အပေါ်ထပ် အဆောက်အအုံ လွှတ်တော်ဥက္ကဌတွေ ဖြစ်လာမယ့်၊ နောက်ပြီးတော့ တိုင်းပြည်ရဲ့ ဦးစီးဦးဆောင် ဖြစ်ခဲ့မယ်သူတွေက အခုမှ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးအာဏာကို ရယူခဲ့ကြတဲ့လူတွေ မဟုတ်ပါဘူး။ အရင် နှစ်ပေါင်းများစွာကတည်းက တိုင်းပြည်မှာ သူတို့က စစ်တပ်အကြီးအကဲတွေအဖြစ် တာဝန်ယူခဲ့ကြသူတွေပါ။ သူတို့သာ တိုင်းရင်းသားအကျိုးကို ကြည့်ပြီးလုပ်မယ်ဆိုရင် အရင်ကတည်းက ပြောမယ်ဆိုရင် အရင် နှစ်ပေါင်းများစွာကတည်းက လုပ်ခဲ့မယ့်လူတွေလို့ ပြောလို့ရနိုင်တဲ့အတွက် အခုအချိန်ကြမှ ထူးထူးခြားခြား မျှော်လင့်ချက်မျိုးတွေ ရှိနိုင်ကြပါ့မလား။
ဦးအေးမောင် ။ ။ ကျနော်တို့က ကာလတခု စောင့်တဲ့အခါမှာ မီးပွိုင့်ကြီးလိုပေါ့ - မီးနီ၊ မီးဝါ၊ မီးစိမ်း ဆိုတာ ရှိတာကို။ အဲဒီတော့ မီးအနီက ကြာလွန်းရင် မီးပွိုင့်ကြီး ပျက်နေလို့လားဆိုတဲ့ ဥစ္စာကို ကားစီးလာတဲ့လူတွေက သုံးသပ်ကြမှာပဲ။ အနီပြပြီးရင် အစိမ်းပြမှာပေါ့။ စိမ်းတဲ့ကာလမှာ ဝါကြအုန်းမယ်။ ဝါတဲ့ကာလလေးပဲ ကျနော်တို့လိုတယ်၊ စိမ်းလည်းလိုတယ်၊ အနီလည်း လိုတယ်။ အနီကာလများရင်လည်း မီးပွိုင့်ကြီးက ပျက်လို့လားလို့ လူထုကပဲဖြစ်ဖြစ် ကားစီးလာသူတွေကပဲပဲဖြစ်ဖြစ် မီးပွိုင့်ကို ပြဿနာရှာတာမျိုး မဖြစ်ဖို့လိုတယ်။ အကုန်လုံးဟာ ပြောင်းချင်တဲ့လမ်းကြောင်းကို သွားတာမို့ ကျနော်တို့အမြင်မှာ မီးအဝါနဲ့ ပတ်သက်တဲ့ လမ်းတလမ်းလိုတယ်လို့ ထင်တယ်။ အဲဒီတော့ မီးဝါကာလဟာလည်း ကာလအတိုလေးတခု ဖြစ်မယ်လို့ ထင်ပါတယ်။ မကြာခင်မှာ ကာလတိုလေးတခုကို ဖြတ်သန်းပြီးတဲ့အခါ ကျနော်တို့လိုချင်တဲ့ မီးစိမ်းပြတဲ့ ကာလကို ရောက်မယ်လို့ မှန်းပါတယ်။ အဲဒီကာလလေးမှာ ကျနော်တို့ အခုနလို မီးအနီကာလက အခက်အခဲတွေဟာ မီးအဝါကာလမှာ ပျော့ပျောင်းမယ်၊ မီးအစိမ်းကာလမှာ ထင်သာမြင်သာ ပိုပြီးဖြစ်လာမယ်။ သတင်းလွတ်လပ်ခွင့်လည်း ပိုများလာမယ်ဆိုတဲ့ သဘောပါ။ အဲဒီကာလလေးကိုတော့ ကျနော်တို့ မျှော်မှန်းထားပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ကြည့်ရင် နိုင်ငံတော်သမ္မတနဲ့ သမ္မတက ဖွဲ့စည်းထားတဲ့ အဖွဲ့ဝင် (၁၁) ဦးပါတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ က တိုင်းပြည်ကို အဓိက အုပ်ချုပ်မယ်။ ဒီ ကောင်စီက နိုင်ငံတော်ဥသျှောင်အဖွဲ့အစည်းမျိုး ဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီတော့ မြန်မာပြည်က ရွေးကောက်ပွဲပြီးလို့ အရပ်သားအစိုးရ ပေါ်တယ်ထားအုန်း နိုင်ငံတော် အေးချမ်းသာယာရေး နဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်အောက်ကနေ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအောက်ကို ရောက်မယ့်သဘောမျိုးဆိုပြီး ဝေဖန်ကြတာမျိုးတွေလည်း ရှိကြပါတယ်။ လွှတ်တော်က ထိန်းချုပ်နိုင်တာမျိုးထက် သမ္မတနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကပဲ ဆက်ပြီး တိုင်းပြည်ကို ထိန်းချုပ်မယ့်သဘောမျိုး မဖြစ်နိုင်ဘူးလား။ အာဏာရှင်ဆန်တဲ့ စစ်အုပ်ချုပ်ရေးအောက်က လွတ်မြောက်နိုင်မယ့် အနေအထားမျိုးကို မျှော်လင့်နိုင်ပါ့မလား။
ဦးအေးမောင် ။ ။ လက်ရှိ ဖွဲ့စည်းပုံ အခြေအနေက ကျနော်တို့ သုံးသပ်တာက အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံရဲ့ တစိတ်တဒေသလည်း ပါပါတယ်။ အဲဒီတော့ ကျနော်တို့က direct သမ္မတကို ပြည်သူလူထုက တိုက်ရိုက်မဲပေးခွင့် ရှိတဲ့ အခြေအနေမျိုး မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ သမ္မတနဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပ်နှင်းထားတဲ့ ပြန်စီစစ်ကြည့်တဲ့အခါမှာ သမ္မတကပဲ မိမိရဲ့ သဘောဆန္ဒနဲ့ လျှော်ညီတဲ့ ပုဂ္ဂိုလ်ကို အစိုးရအဖွဲ့မှာ ပါဝင်အောင် သူက ဖိတ်ခေါ်နိုင်တယ် - အမေရိကန်သမ္မတလိုပဲ။ အဲဒီ သဘောလည်း ရှိပါတယ်။ သမ္မတရဲ့ အပေါ်မှာ - နိုင်ငံဦးသျှောင်ရဲ့ တာဝန်က အင်မတန်မှ ကျယ်ပြန့်ပါတယ်။ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်းဟာ နိုင်ငံသူနိုင်ငံသားအားလုံးအပေါ်မှာ စေတနာ နဲ့ သမာသမတ်ရှိဖို့က အင်မတန်မှ အရေးကြီးသလို၊ အင်မတန် အရည်အချင်းနဲ့ ပြည်စုံတဲ့ သမ္မတမျိုး ဖြစ်မှသာလျှင် ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ၊ တကယ်တမ်း ဥပဒေရဲ့ အကာအကွယ်ကို ပြည့်ပြည့်ဝဝ ရမယ့် အခြေအနေရှိပါတယ်။ နိုင်ငံတော် သမ္မတဖြစ်မယ့် ပုဂ္ဂိုလ်တွေမှာပါတဲ့ အကုန်လုံးဟာ အင်မတန်ကို တာဝန်ကြီးတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်သလို ကျနော်တို့ မေတ္တာပို့သပါတယ်။ မိမိတို့ တိုင်းသူပြည်သား အကုန်လုံးအပေါ် ရင်ဝယ်သားအဖြစ် စောင့်ရှောက်ပါ။ မိဘသဖွယ် စိမံခန့်ခွဲပါ။ ပြည်သူတွေရဲ့ ရပိုင်ခွင့် အပြည့်အဝကိုလည်း ရပိုင်ခွင့်ရှိအောင် စီမံခန့်ခွဲပေးပါဆိုတဲ့ မေတ္တာကို ပို့နေရုံကလွဲပြီး ကျနော်တို့မှာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အကာအကွယ်ကို ရနေဖို့ ဆုတောင်းနေတဲ့ သဘောရှိပါတယ်။
ဦးသိန်းထိုက်ဦး ။ ။ ဒီ လွှတ်တော်သွားတက်တဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး တဖတ်က မဲခွဲပြီးတော့ ဆုံးဖြတ်တာပါ။ တဖတ်က ဆုံးဖြတ်ချက်တွေကို အတည်ပြုရုံ၊ အတိုက်အခံ ရှိတာမျိုး ဖြည့်ပေးဖို့ သူတို့ဖက်က အကြောင်းပြနိုင်ရုံ သက်သက်သွားတက်တာ ဖြစ်ပြီးတော့ ဒီ လွှတ်တော်အစည်းအဝေးက တစုံတရာ လွတ်လပ်ခွင့်လည်းမရှိ၊ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်ခံနေရတဲ့ နေရာဆိုပြီး ပြောကြတာရှိပါတယ်။ အဲဒီတော့ ဒေါက်တာအေးမောင်အနေနဲ့ ဒီလွှတ်တော်တက်တာကနေပြီး တစုံတရာ အကျိုးရှိတယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါသလား။
ဦးအေးမောင် ။ ။ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို အတည်ပြုခဲ့ကြတဲ့ ကာလတခု ရှိပါတယ်။ အဲဒီလိုပဲ ၂၀၁၀ ရွေးကောက်ပွဲကြီးကို ကျင်းပပေးတဲ့ ကာလတခု ရှိပါတယ်။ အခုတခါ ၂၀၁၁ မှာ လွှတ်တော်ကြီးကို ရောက်ပြီးတဲ့အခါမှာ ကျနော်တို့က လွှတ်တော်အတွင်းမှာပဲ စည်းဝိုင်းအတွင်းမှာ ဆွေးနွေးကြတာတွေကို တွေ့ရပါတယ်။ အဲဒီမှာ လွှတ်တော်သဘာပတိရှေ့မှာ ရွေးကောက်ပွဲတွေ လုပ်ကြတာရှိတယ်။ သမာသမတ် အင်မတန် ကျပါတယ်။ အင်မတန်ကို တိကျပြီး၊ မြင်သာထင်သာ ရှိပါတယ်။ အဲဒါတွေကို သတင်းစာတွေမှာ သေသေချာချာ မဲအရေအတွက်နဲ့ ရေးထားတာကို တွေ့ပါတယ်။ အင်မတန်ကို အစဉ်အလာကောင်းတခုအနေနဲ့ လွှတ်တော်အတွင်းက ဥစ္စာကို လွှတ်တော်ပြင်ပကို ပြည်ထောင်စုနယ်မြေအားလုံးမှာ ပျံနှံအောင် လုပ်ပေးဖို့ လိုပါလိမ့်မယ်။ အဲဒါက လာမယ့် ငါးနှစ်ကာလမှာ လုပ်လာမယ့် ရွေးကောက်ပွဲတွေ ရှိလာလို့ သုံးသပ်တင်ပြတာပါ။ အဲဒီကာလမှာ နိုင်ငံတကာရဲ့ ဆင့်ခေါ်မှုကိုဖြစ်ဖြစ်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုဖြစ်ဖြစ် ကျနော်တို့ တင်ပြဖိတ်ခေါ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီလိုပါပဲ လွှတ်တော်ရဲ့ ငါးနှစ် သက်တမ်းကာလအတွင်းမှာ လွှတ်တော်အတွင်းက မြင်ကွင်းကို ပြည်သူတွေ direct ခံစားကြည့်ရှုလာနိုင်အောင် မီဒီယာလွတ်လပ်ခွင့်ကိုလည်း ကာလတခု၊ အတိုင်အတာတခုမှာ ကျနော်တို့ ပြည်သူတွေ ပြည်သူလွှတ်တော်အချင်းချင်း ဆွေးနွေးတင်ပြပြီးကာမှ အကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားပြီးမှ လွှတ်တော်အတွင်းမှာ တင်ပြတောင်းဆိုမှုတွေကို လုပ်သွားနိုင်မယ်လို့ ကျနော်ပြောချင်ပါတယ်။