သတင်းဆက်သွယ်ရေး ကန့်သတ်တားမြစ်မှုအပေါ်

သတင်းဆက်သွယ်ရေး ကန့်သတ်တားမြစ်မှုအပေါ်

ဒီတပတ် မြန်မာ့အရေး ဒီမိုကရေစီဆွေးနွေးခန်းမှာ ဦးသိန်းထိုက်ဦး က မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ အင်တာနက်ကနေတဆင့် ပြည်တွင်း-ပြင်ပ ဆက်သွယ်စကား ပြောဆိုနေမှုတွေကို ကန့်သတ်တားမြစ်လိုက်တဲ့ ဥပဒေထုတ်ပြန်ချက်အပေါ် အိန္ဒိယနိုင်ငံ အခြေစိုက်၊ ကွန်ပြူတာနည်းပညာ ဖြန့်ဝေနေတဲ့ မြန်မာ့သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့ (BIT - Burma Information Technology) အဖွဲ့က မန်နေဂျာ ကိုအောင်ကျော်မျိုး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးသိန်းထိုက်ဦး ။ ။ မြန်မာနိုင်ငံအတွင်းမှာ ကွန်ပြူတာ အင်တာနက်ကနေ ပြည်ပနဲ့ ဆက်သွယ်စကားပြောနိုင်တဲ့ Skype, Gtalk, Pfingo, VZO စတာတွေကို သုံးပြီး ဆက်သွယ်ပြောဆိုတာမျိုးတွေ မလုပ်ဖို့ မကြာသေးခင်ကပဲ မြန်မာ့ဆက်သွယ်ရေး စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။

အင်တာနက်ကနေ အသံနဲ့ အရုပ်နဲ့ ဆက်သွယ်နိုင်တဲ့ VOIP (Voice over Internet Protocol) ဝန်ဆောင်မှုတွေကို အင်တာနက်ဆိုင်တွေကနေ ဈေးနှုန်းချိုချိုနဲ့ ဆောင်ရွက်ပေးနေတဲ့အတွက် မြန်မာ့ဆက်သွယ်ရေးရဲ့ တရားဝင် နိုင်ငံခြားခေါ်ဆိုမှုနှုန်း ကျဆင်းပြီး နိုင်ငံတော်ဝင်ငွေ ထိခိုက်ရတယ်လို့ ဆိုပါတယ်။

ဒီလို ဆက်သွယ်ပြောဆိုတာတွေ လုပ်မယ်ဆိုရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တာမျိုးတွေ ရှိလာနိုင်တယ်လို့လည်း မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဒီလို ကန့်သတ်ချက်တွေ ထုတ်ပြန်လာတာနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံအခြေစိုက် ကွန်ပျူတာနည်းပညာ ဖြန့်ဝေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ BIT (Burma Information Technology) အဖွဲ့က မန်နေဂျာ ကိုအောင်ကျော်မျိုးကို ကျနော် ဆက်သွယ်မေးမြန်းထားပါတယ်။ မြန်မာနိုင်ငံအတွင်း အင်တာနက်တွေကိုသုံးပြီး ဆက်သွယ်စကားပြောနေတဲ့ အနေအထားတွေနဲ့ ပတ်သက်လို့ အခုလို စပြောပြပါတယ်။

ကိုအောင်ကျော်မျိုး ။ ။ ကျနော်တို့တွေ့သလောက်ကတော့ မြို့ကြီးတွေမှာပေါ့လေ၊ အထူးသဖြင့် Internet Access အင်တာနက် ရနေတဲ့မြို့ကြီးတွေမှာရှိတဲ့ လူတော်တော်များများ၊ လူငယ်တွေ တော်တော်များများက နိုင်ငံခြားထွက် အလုပ် လုပ်ကြတာပေါ့လေ။ အဲဒီလူတွေနဲ့ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့သူတွေရဲ့ မိသားစုတွေက သူတို့ရဲ့ ဆွေမျိုး သားချင်းတွေကို ခေါ်ချင်လို့ရှိရင် အင်တာနက်ကနေတဆင့် ဖုန်းခေါ်ကြတယ်။ အဲဒါကိုပဲ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတယ်လို့ ကျနော်တို့ သိရတယ်။

ဦးသိန်းထိုက်ဦး ။ ။ အင်တာနက်သုံးတဲ့သူတွေ၊ ပြည်တွင်းက လူတွေကိုလည်း ဆက်သွယ်မေးကြည့်တော့ သူတို့က စာတိုက်နဲ့ ကြေးနန်းဆက်သွယ်ရေးက တယ်လီဖုန်းကို သုံးပြီးတော့ နိုင်ငံခြားနဲ့ စကားပြောမယ်ဆိုရင် ဈေးသိပ်ကြီးတယ်၊ FEC နဲ့ ပေးရတယ်၊ အင်တာနက်က သုံးရတာက ဈေးသိပ်ချိုပြီးတော့ ဈေးကလည်း သိပ်ကွာတဲ့အတွက်ကြောင့် အင်တာနက်ကနေ ဆက်သွယ်တာက ပိုပြီးတော့ အဆင်ပြေတယ်လို့ ပြောကြတယ်။ ဒီတော့ အများပြည်သူ အဆင်ပြေနေတဲ့ကိစ္စကို အစိုးရဘက်က ပိတ်ပင်ဟန့်တားတာမျိုးတွေ လုပ်မယ်ဆိုရင် အင်တာနက်သုံးစွဲတဲ့ သူတွေအနေနဲ့ တခြားနည်းလမ်းနဲ့ ဆက်သွယ်လို့ ရတာမျိုးတွေကော ရှိနိုင်မလား။

ဦးအောင်ကျော်မျိုး ။ ။ ဟုတ်ကဲ့၊ များသောအားဖြင့် သူတို့ ပိတ်မယ်ဆိုတာက ဘယ်လိုပိတ်သလဲ ဆိုတာ ကတော့ ကျနော်တို့မသိဘူးပေါ့လေ။ ဆက်သွယ်ရေးဌာနက သူတို့ဝင်ငွေတွေ လျော့တဲ့အတွက် အင်တာနက် Café တွေမှာ ဒီဟာတွေကို သုံးခွင့်မပြုဖို့ တားတယ်ပေါ့လေ။ ဒီလိုမျိုး အမိန့်ထုတ်ပြီး တားရုံနဲ့ကတော့ ပိတ်ဆို့ တာတော့ သိပ်မလွယ်ဘူးပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ internal သုံးတဲ့ဟာ။ ဒီဟာသုံးဖို့အတွက်က ကျနော်တို့ account တခု ရှိနေလို့ရှိရင် သုံးလို့ရနေတဲ့အတွက် ဘယ်လို ပိတ်မလဲ။ အဲဒီ Cyber ကြီးတခုလုံးကို ပိတ်လိုက် မှာလား။ ကျနော်တို့လည်း သေချာတော့ မသိဘူး။ တကယ်လို့ ဥပမာ- Skype ကို ပိတ်မယ်ဆိုရင် Skype လိုမျိုး၊ ဒီလိုမျိုး VOIP ခေါ်တာပေါ့။ အင်တာနက်ကနေတဆင့် ဖုန်းခေါ်တဲ့ဟာတွေကိုပေးတဲ့ ကုမ္ပဏီတွေက ကမ္ဘာမှာ အများကြီးရှိတယ်။ သူတို့ အဲဒါတွေကို အကုန်ပိတ်မှာလား။ အဲဒါတွေကို ကျနော်တို့ မရှင်းဘူး။ အဲဒီလို ပိတ်မယ်ဆိုတာကို မရှင်းဘူး။

ဦးသိန်းထိုက်ဦး ။ ။ လွယ်လွယ်ကူကူရော ပိတ်လို့ ရမယ်လို့ ထင်ပါသလား ခင်ဗျား။

ဦးအောင်ကျော်မျိုး ။ ။ ကျနော်တို့သိသလောက်တော့ အင်တာနက် မပိတ်လို့ကတော့ အဲဒါကို ပိတ်ဖို့ လမ်း မရှိဘူးလေ။

ဦးသိန်းထိုက်ဦး ။ ။ နောက်တခုက အင်တာနက်ဆိုင်တွေကို တင်းတင်းကြပ်ကြပ် ဖိအားပေးတာမျိုး ဆိုရင်ရော ဗျာ။ အဲဒီ VOIP Call ခေါ်တာတွေ မလုပ်ရဘူးဆိုပြီး တင်းတင်းကြပ်ကြပ်တားမြစ်တာမျိုးဆိုရင် အင်တာနက်ကနေ ဆက်သွယ်တာတွေ လုံးဝရပ်စဲသွားတာမျိုး မဖြစ်နိုင်ဘူးလား။

ဦးအောင်ကျော်မျိုး ။ ။ စောစောကပြောသလို နှစ်ပိုင်းရှိနေတာပေါ့လေ။ ကျနော်တို့ ဗမာပြည်မှာကတော့ အင်တာနက် အဆက်အသွယ်တွေ၊ အင်တာနက်ရဖို့ကတော့ ခက်တယ်ပေါ့လေ။ ဥပမာ- အိန္ဒိယလို နိုင်ငံမျိုးမှာ အိမ်တိုင်းမှာ အင်တာနက်ရှိနေတယ်။ အင်တာနက်ဆိုင်လည်းရှိတယ်။ တော်တော်များများကတော အိမ်မှာ အင်တာနက်ရှိနေတယ်။ ကိုယ့်အိမ်ကနေ ကိုယ်သုံးတာကို ဘယ်သူက ပိတ်မှာလဲ။

ဒါပေမဲ့လည်း တခုရှိတာက ဗမာပြည်မှာက အများစုက အင်တာနက် Café ကနေ သုံးကြတဲ့အဆင့်ဆိုတော့ အင်တာနက် Café တွေကို တင်းတင်းကြပ်ကြပ် လုပ်လိုက်မယ်ဆိုရင်တော့ သာမန်အများစုက ဈေးပေါပေါနဲ့ ခေါ်လို့ရတဲ့ဟာတွေက ခေါ်လို့ မရဘဲနဲ့ ငွေတွေအများကြီးပေးမှ ပြည်ပမှာရောက်နေတဲ့ ကိုယ့်ရဲ့ဆွေမျိုး သားချင်းနဲ့ မိတ်ဆွေတွေကို ဖုန်းခေါ်နိုင်မယ့်အဆင့်ကို ရောက်သွားမှာပဲ။

ဦးသိန်းထိုက်ဦး ။ ။ အာဏာပိုင်တွေဘက်က အကြောင်းပြတာကတော့ အင်တာနက်က ပေးနေတဲ့ VOIP Call တွေကြောင့် မြန်မာ့ဆက်သွယ်ရေးရဲ့ တရားဝင် နိုင်ငံခြားခေါ်ဆိုမှုနှုန်း ကျဆင်းပြီးတော့ နိုင်ငံတော် ဝင်ငွေ ထိခိုက်တယ်ပြောပါတယ်။ အဲဒီတော့ ပြည်သူတွေဆီကရတဲ့ တယ်လီဖုန်းခက မြန်မာနိုင်ငံရဲ့ နိုင်ငံတော် ဝင်ငွေအတွက် သိပ်အရေးကြီးတဲ့ အစိတ်အပိုင်းတခု ဖြစ်နေတာမျိုး။ ဆိုလိုတာက ပြည်သူတွေဆီက တယ်လီဖုန်းခတွေ ရတာနည်းသွားရင် တိုင်းပြည်စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုတွေကို ထိခိုက်နိုင်လောက်တဲ့ အနေ အထားမျိုးတွေဖြစ်တဲ့အတွက် အာဏာပိုင်တွေဘက်က မဖြစ်မနေ အရေးယူရတဲ့ အနေအထားမျိုး မဖြစ်နိုင်ဘူးလားခင်ဗျား။

ဦးအောင်ကျော်မျိုး ။ ။ ကျနော်တို့သိသလောက်ကတော့ Internet Access ကနေပြီးတော့ သူတို့သိပ်ပြီးတော့ အစိုးရရဲ့ ဘတ်ဂျက်ထဲမှာ အများကြီးတော့ သတိမထားမိဘူး။ ဒါပေမဲ့လို့ တပိုင်းရှိတာက ကျနော်တို့နိုင်ငံက အာဏာရှင်နိုင်ငံဆိုတဲ့အတွက် monopoly - စီးပွားရေးကို တဦးတယောက်ထဲကနေ ချုပ်ကိုင်ထားတာတွေကနေပြီးတော့ သူတို့ရဲ့စီးပွားရေးတော့ ချုပ်ကိုင်ထားတဲ့ လူကိုတော့ နစ်နာသွားတာ ရှိတာပေါ့။

ဥပမာ အိန္ဒိယမှာဆိုရင် ဟိုးအရင်တုန်းက Landline ဖုန်းခေါ်ခတွေက ဈေးကြီးတယ်။ နိုင်ငံခြားတင်မဟုတ်ဘူး။ local ပေါ့လေ။ တခြားမြို့ရွာ ကိုယ်နဲ့ မတူတဲ့ မြို့ရွာကို ခေါ်မယ်ဆိုလို့ရှိရင် STD လို့ ခေါ်တယ်။ အဲလိုမျိုးဟာတွေကအစ ဈေးကြီးတယ်။ အင်တာနက်တွေပေါ်လာတော့ ကျနော်တို့ အိန္ဒိယမှာတွေ့တဲ့ အတွေ့အကြုံအရဆိုရင် အင်တာနက်တွေ ပေါ်လာတဲ့အခါ VOIP အင်တာနက်ဖုန်းခေါ်မှုတွေ လုပ်လာတော့ သူတို့ဆက်သွယ်ရေးမှာ ခေါ်တဲ့သူ မရှိတော့ဘူး။ အဲဒီတော့ သူတို့က အဲဒါတွေနဲ့လိုက်ပြိုင်ရတယ်။ သူတို့ရဲ့ ဖုန်းခေါ်ခတွေကို အကုန်လျှော့ပေးရတယ်။ အခု အိန္ဒိယအတွင်းမှာ ကြိုက်တဲ့ဘယ်မြို့ကိုပဲခေါ်ခေါ် local ပဲ။

နောက်တခု ဟိုးအရင်တုန်းက ဘာဖြစ်လို့ စေ့စပ်နိုင်တာလည်းဆိုတော့ ဖုန်းတွေခေါ်တဲ့အခါမှာ rate တွက်တာ မိနစ်နဲ့တွက်တာ။ တမိနစ်ကို ထားလိုက်ပါတော့- တစ်ကျပ်ဆိုရင် တစ်မိနစ်ကျော်သွားတာနဲ့ တပြိုင်တည်း နှစ်ကျပ် ဖြစ်သွားတယ်။ တစ်မိနစ်ရယ်၊ တစ်စက္ကန့်ပဲဖြစ်ဖြစ်၊ အဲဒီမှာ VOIP က ဘာသာလဲဆိုတော့ သူက စက္ကန့်နဲ့ တွက်တာ။ အဲဒီကျတော့ အိန္ဒိယမှာ ဖုန်းတွေက ဘာလုပ်လိုက်လဲဆိုတော့ စက္ကန့်နဲ့ တွက်တော့တယ်။ အခုဆိုရင် နဂိုရ်တုန်းက local call တစ်ကျပ်ဆိုရင် အခု ပြား ၆၀၊ ပြား ၆၀ ဟာ တမိနစ် မဟုတ်ဘူး။ တစက္ကန့်မှာ တပြား။

ဦးသိန်းထိုက်ဦး ။ ။ အဲတော့ ကိုအောင်ကျော်မျိုးဆိုလိုတာက အိန္ဒိယမှာဆိုရင် အင်တာနက်ကနေ ဖုန်းတွေ သုံးတာများလာတဲ့အတွက် အစိုးရက တယ်လီဖုန်းခတွေကို လျော့ပေးခဲ့ရတယ်။

ဦးအောင်ကျော်မျိုး ။ ။ ဟုတ်တယ်။ ဘာလို့လဲဆိုတော့ ဒါတွေက သိမ်းလို့ မရဘူးလေ။ စောစောက ပြောသလို account ရှိတယ်၊ အင်တာနက်ရှိတယ်၊ ။ ကိုယ့်ဘာသာ ကိုယ်လွတ်လွတ်လပ်လပ် သုံးပိုင်ခွင့်ရှိတယ်။ အဲဒါကို ကျနော်က Skype ကို သုံးလို့မရ၊ မသုံးနဲ့လို့ ပြောလို့မရဘူး။

ဥပမာ ဒီနိုင်ငံတွေမှာဆိုရင် ကျနော်တို့ ဗမာပြည်မှာဆိုရင် credit card တွေ ဘာတွေ မရှိဘူး။ ဒီနိုင်ငံတွေမှာဆိုရင်တော့ ကိုယ့်မှာ credit card တွေလည်းရှိတယ်။ debit card တွေလည်း ရှိတယ်။ အင်တာနက်ဖုန်း၊ Skype တို့ ဘာတို့က ဘာမှ မခက်ဘူး။ လူတိုင်းဖွင့်နိုင်တယ်။ bank account ရှိတဲ့ လူတိုင်း ဖွင့်နိုင်တယ်။ ကိုယ့် account ကို ကိုယ့်ဘာသာကိုယ် ဖွင့်တာကို အစိုးရက ဘာဥပဒေနဲ့မှ တားလို့ မရဘူး။ ဒါဟာ ကိုယ့်ရဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပဲ။ နောက်တခုက consumer rights စားသုံးသူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပဲ။ ကျနော်တို့ဆီမှာတော့ စားသုံးသူတွေက လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မရှိတဲ့ ပြဿနာပေါ့။ နောက်တခုက စောစောကပြောသလို သူတို့က အားလုံးကို dominate, monopolize လုပ်ထားတယ်၊ သူတို့က ထိန်းချုပ်ထားတယ်။ အဲဒီတော့ သူတို့သတ်မှတ်တဲ့ ဈေးကွက်က သတ်မှတ်တာ မဟုတ်ဘဲ အစိုးရက သူတို့ ကြိုက်သလို သတ်မှတ်ထားတယ်။

ဦးသိန်းထိုက်ဦး။ ။ မြန်မာနိုင်ငံကို ဖုန်းဆက်မယ်ဆိုရင် အပြင်ကပဲခေါ်ခေါ်၊ အတွင်းကပဲ အပြင်ကိုခေါ်ခေါ် တယ်လီဖုန်းခကတွေကတော့ တခြားနိုင်ငံတွေထက် ပိုပြီးတော့ ဈေးကြီးတယ်လို့ သိရပါတယ်။ ဒီတယ်လီဖုန်းခတွေ ဈေးကြီးတဲ့ကိစ္စကိုရော ဘယ်လို နှိုင်းယှဉ်ကြည့်မိပါသလဲ။ ဘာကြောင့်လို့ ကိုအောင်ကျော်မျိုးတို့ သုံးသပ်ပါသလဲ။

ဦးအောင်ကျော်ဦး ။ ။ နှစ်ခုရှိတယ်။ သူတို့နည်းပညာ မမြင့်ရင် အရင်တုန်းက တယ်လီဖုန်းလိုင်းတွေက ကြိုးတွေနဲ့သွားကြတယ်။ ကြိုးလိုင်းတွေအတိုင်း ကြိုးလိုင်း ဘယ်နှစ်မီတာရှည်လဲ ပေါ့လေ။ ကီလိုမီတာ ဘယ်လောက်ဆိုရင် အရင်တုန်းက rate က ဘယ်လောက်၊ အဲဒီထက်ကျော်သွားရင် ကီလို မီတာ ၁၀၀ ကို အိန္ဒိယမှာ ရူပီး တစ်ကျပ်ဆိုရင်၊ ကီလိုမီတာ ၁၀၁ ဆိုရင် ရူပီး နှစ်ကျပ် ဖြစ်သွားတယ်။ အဲလိုမျိုးနဲ့ တွက်တာတွေ ရှိတယ်ပေါ့။ ဒါက ပထမဦးဆုံး ဖုန်းခ ယူနည်းတွေ။ အခုနောက်ပိုင်းမှာက ကီလိုမီတာနဲ့ မတွက်တော့ဘူး။ ကီလိုမီတာ ဘယ်လောက်ပဲဝေးဝေး access ရှိမရှိနဲ့ ကိုယ့်ရဲ့ Station ရှိမရှိနဲ့ပဲ တွက်တယ်။ ဥပမာ- ကျနော်က ဒေလီမှာနေတယ်။ ကျနော်တို့ နယ်စပ်ဆိုရင် ကီလိုမီတာ လေး-ငါးထောင်လောက် ရှိတယ်။ အိန္ဒိယ အကျယ်အဝန်းနဲ့ဆိုရင် ၄ ထောင် ဖြစ်ပါလေ့စေ၊ သူ့ရဲ့ station ရှိတဲ့အတွက် ဒီ station နဲ့ ဟို station နဲ့ အတူတူပဲ - ကုမ္မဏီတခုတည်း ဖြစ်တဲ့အတွက်။ အကွာအဝေးကို မတွက်တော့ဘူး။

ဦးသိန်းထိုက်ဦး ။ ။ အင်တာနက်သုံးတဲ့ ကိစ္စဘက်ကို ပြန်ပြီးတော့ လှည့်ချင်ပါတယ်ခင်ဗျ။ မြန်မာနိုင်ငံမှာ အင်တာနက်ကို လူငယ်တွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးလာတယ်ဆိုပေမယ့် အင်တာနက် ကန့်သတ်မှုတွေကတော့ အကြီးအကျယ် ရှိနေသေးတယ်ဆိုပြီး ပြောဆိုကြတာမျိုးတွေ ကြားရပါတယ်။ အဲဒီတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် အကန့်အသတ်တွေ ရှိတယ်ဆိုပေမယ့် အင်တာနက် သုံးစွဲတဲ့အခြေအနေက အရင်နဲ့စာရင်တော့ တိုးတက်လာတယ်လို့ မပြောနိုင်ဘူးလား။ အင်တာနက်သုံးနေတဲ့ အခြေအနေပေါ်မှာ ဘယ်လိုမြင်ပါလဲ။

ဦးအောင်ကျော်မျိုး ။ ။ ဗမာပြည်မှာတော့ အင်တာနက်ကို သုံးခွင့်ရှိပေမဲ့ filter လုပ်ထားတယ်ပေါ့လေ။ သူတို့ခွင့်ပြုတဲ့ site တွေမှပဲ ကြည့်လို့ရတယ်။ အထူးသဖြင့် ဒီနိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ စာမျက်နှာ (site) တွေ၊ သူတို့ အစိုးရကို ထိခိုက်နိုင်တဲ့အကြောင်းအရာတွေ ပါနေလို့ရှိရင် အဲလိုမျိုး site တွေကို ကြည့်လို့မရအောင် server ကနေ ကြည့်လို့မရအောင် တားမြစ်ထိန်းချုပ်ထားတယ်။ အဲဒါတွေက Information Rights ကို ပိတ်ပင်တာပေါ့လေ။ သတင်းရပိုင်ခွင့်ကို ပိတ်ပင်ထားတာတွေရှိတယ်။

နောက်တခုက ကျနော်သိသလောက် ဗမာပြည်မှာတော့ အင်တာနက်ကို တကယ် ပေးနိုင်သလောက်ကို အသုံးမချနိုင်သေးဘူး။ ဥပမာ- ဒီနိုင်ငံတွေမှာဆိုရင် အင်တာနက်က Information အတွက် အဓိက ရရှိတဲ့နေရာ ဖြစ်နေတယ်ပေါ့။ ကျောင်းသားတွေအတွက်ရော၊ သုတေသနပြုသူ (researcher) တွေအတွက်ရော အားလုံးအတွက်ပေါ့လေ။ ဗမာပြည်မှာတော့ ကျောင်းတွေမှာလည်း အင်တာနက်ပေးတယ်။ ဒါပေမဲ့လို့ ကြည့်လို့မရတဲ့ စာမျက်နှာ (site) တွေများတယ်။ နောက် အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးခွင့်မရှိဘူးပေါ့လေ။

ဦးသိန်းထိုက်ဦး ။ ။ ဒီရက်ပိုင်းထဲမှာ မြန်မာနိုင်ငံမှာ အင်တာနက် သုံးရတာ ဆက်သွယ်မှု (connection) တော်တော်နှေးတယ်လို့ ကြားရပါတယ်။ ဒါကလည်း အရှေ့အလယ်ပိုင်းနဲ့ အာရပ်ကမ္ဘာမှာ လူမှုရေးကွန်ယက်တွေ (social network) ကိုသုံးပြီးတော့ ဆန္ဒပြပွဲတွေ၊ စည်းရုံးလှုပ်ရှားတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အင်တာနက်တွေ သိသိသာသာ ပိုပြီး နှေးသွားတယ်ဆိုပြီး ပြောကြတာမျိုးပါ။ ဒီ အင်တာနက် နှေးသွားတဲ့ကိစ္စ၊ ကန့်သတ်ထိန်းချုပ်မှုတွေ ရှိလာတယ် ဆိုတဲ့ကိစ္စကရော တခြား နိုင်ငံတွေမှာ ဖြစ်နေတဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ၊ လူထုအုံကြွမှုတွေနဲ့ ဆက်စပ်တယ်လို့ ကိုအောင်ကျော်မျိုးတို့ မြင်မိပါသလား။

ဦးအောင်ကျော်မိုး ။ ။ ကျနော်တို့ အင်တာနက်တွေ နှေးသွားတာကတော့ အာရပ်ကမ္ဘာမှာ ဖြစ်နေတဲ့ဟာတွေကို ဒီဘက်ကို ပျံ့မလာအောင် ထိန်းချုပ်တာဖြစ်နိုင်တယ်။ ဒါပေမဲ့ ဖုန်းလိုင်းကတော့ ကျနော်တို့လည်း သေသေချာချာမသိဘူးပေါ့လေ။ ဘာလို့လည်းဆိုတော့ သေချာတဲ့အချက်က ကျနော်တို့ ဗမာပြည်မှာ ဖုန်းလိုင်းကနေ တိုက်တွန်းနှိုးဆော်တာ (campaign) လုပ်တာ တော်တော့ကို နည်းတယ်။

ဖုန်းလိုင်းဆိုတာက အထူးသဖြင့် SMS (Short Message Service) တွေ ဘာတွေနဲ့ တိုက်တွန်းနှိုးဆော်တာ (campaign) လုပ်တာ ကျနော် သိသလောက်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူး၊ ကျယ်ကျယ်ပြန့်ပြန့် မကြားမိသေးဘူး။ ကျနော်တို့ နားလည်သလောက်ကတော့ စောစောကပြောသလို ဆက်သွယ်ရေး ဝန်ကြီးဌာနမှာ ဝင်ငွေတွေ လျော့သွားတာတော့ တော်တော့ကို ဖြစ်နိုင်တယ်။ ဒါကြီးက တိုင်းပြည်တခုလုံးနဲ့ ယှဉ်ရင်တော့ နည်းနည်းလေးဖြစ်ပေမဲ့ သူတို့ဌာနတခုတည်းမှာတော့ သိသိသာသာ လျော့သွားတာ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဆီကနေ ပြည်ပကို ခေါ်ဆိုမှုတွေ မရှိသလောက် နည်းသွားမယ်။ ပြည်ပကနေ ဗမာပြည်ထဲကို ခေါ်တဲ့အခါမှာလည်း VOIP ကနေ တဆင့် ခေါ်လို့ရှိရင် သူတို့ဆီကို ဖြတ်စရာမလိုဘဲနဲ့ အင်တာနက်ကနေတဆင့် ဖြတ်သွားတာဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ သူတို့ ဝင်ငွေကို အဓိက ထိန်းချုပ်ချင်တာ ဖြစ်ဖို့များပါတယ်။

အဓိက နစ်နာမှာကတော့ သာမန်စားသုံးသူတွေ အကုန်လုံးနစ်နာမှာပဲ။ အကျိုးရှိမှာကတော့ ဆက်သွယ်ရေး ဝန်ကြီးဌာနက အကျိုးရှိနိုင်တယ်။ သူတို့နဲ့ပေါင်းနေတဲ့ ကုမ္ပဏီတွေ အကျိုးရှိနိုင်တယ်။ အဲဒါကလွဲပြီး ဘယ်သူ့ ကိုမှ အကျိုးမရှိနိုင်ဘူး။ ဒါကတော့ ရှင်းနေတဲ့-မြင်သာတဲ့ဟာပေါ့။

ဦးသိန်းထိုက်ဦး ။ ။ မြန်မာနိုင်ငံအတွင်းမှာ အင်တာနက်တွေကနေ ဗွီဒီယို၊ တယ်လီဖုံးနဲ့ ဆက်သွယ်စကားပြောမှုတွေကို မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းဝန်ကြီးဌာနက ကန့်သတ်ဖို့ ကြိုးစားလာတဲ့အပေါ် အိန္ဒိယနိုင်ငံအခြေစိုက်၊ ကွန်ပြူတာ နည်းပညာ ဖြန့်ဝေနေတဲ့ BIT (Burma Information Technology) အဖွဲ့က မန်နေဂျာ ကိုအောင်ကျော်မျိုး ကို ဆက်သွယ်မေးမြန်းထားတာပါ။