သက်တမ်းကုန် လွှတ်တော်အမတ်တွေကို ချီးမြှင့်ငွေ ပေးဖို့စီစဉ်

လက်ရှိ လွှတ်တော်သက်တမ်း ကုန်ဆုံးတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံရေးပင်စင်ကဲ့သို့ တလုံးတခဲတည်း ချီးမြှင့်ငွေပေးဖို့ ပြည်ထောင်စုလွှတ်တော်က စီစဉ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အခုလို နိုင်ငံရေးပင်စင်ပေးတာဟာ ဥပဒေအရ လုပ်တာဖြစ်ပေမဲ့လို့ တိုင်းပြည်ဘဏ္ဍာ အခက်အခဲ ကြုံတွေ့နိုင်တာကြောင့် အခုလိုမျိုး ချီးမြှင့်ငွေ မပေးသင့်ဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြ ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က သတင်းပေးပို့ထားပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကုန်ဆုံးမယ့် လွှတ်တော်သက်တမ်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အငြိမ်းစားလစာအဖြစ် နိုင်ငံရေးပင်စင်သဘောမျိုး ချီးမြှင့်ငွေပေးဖို့ ပြည်ထောင်စုလွှတ်တော်က စီစဉ်နေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ လက်ရှိရနေတဲ့ တစ်လစာပမာဏကို တစ်နှစ်အတွက် အငြိမ်းစားငွေအဖြစ် သတ်မှတ်ပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်ကာလအလိုက် တလုံးတခဲတည်း ပေးဖို့ စီစဉ်နေတာဖြစ်တယ်လို့ ပြည်သူလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုဥက္ကဌ ဦးသူရိန်ဇော်က ပြောဆိုထားတာကို အင်္ဂါနေ့ထုတ် 7 days သတင်းစာမှာ ဖော်ပြထားပါတယ်။ အခုလို နှုန်းထားအရဆိုရင် လွှတ်တော်သက်တမ်း ၅ နှစ် တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေက ငွေကျပ် သိန်း ၅၀ ရမှာ ဖြစ်ပြီးတော့ ကြားဖြတ် ရွှေးကောက်ပွဲကျမှ ဝင်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကတော့ ကျပ်သိန်း ၃၀ ခန့် ရရှိမှာလည်း ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်လို့ အသေးစိတ် အချက်အလက် သိရအောင် ဗွီအိုအေမြန်မာပိုင်းက ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဒီကော်မတီတာဝန်ရှိသူတွေက လက်ခံဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။ အခုလို လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံရေးပင်စင်သဘောမျိုး ချီးမြှင့်ငွေပေးဖို့ စီစဉ်နေတဲ့အပေါ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးခိုင်မောင်ရည်က အခုလို သုံးသပ်ပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးခံစားခွင့်ကတော့ ဥပဒေပါ ပြဌာန်းချက်အတိုင်း ခံစားသင့်ပါတယ်။ ခံစားထိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံ့ရဲ့ စီးပွားရေးအခြေအနေအရ တဘက်က ပြန်ကြည့်မယ်ဆိုရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေက မိမိရတဲ့ ငွေကြေးနဲ့ တဝက်သော်လည်းကောင်း ယူရင်တော့ ဒါ သင့်တယ်လို့ မြင်ရတာပေ့ါနော်။”

ဒီလို တလုံးတခဲတည်း ချီးမြှင့်ငွေပေးတာဟာ နောက်လွှတ်တော်သက်တမ်းမှာ မပါတဲ့သူတွေအတွက်သာ ရည်ရွယ်ပြီးတော့ နောက်လွှတ်တော်သက်တမ်းမှာ ဆက်လက် ထမ်းဆောင်မယ် ကိုယ်စားလှယ်တွေကတော့ နောက်လွှတ်တော်သက်တမ်းမှာ နောက်ဆုံးရရှိခဲ့တဲ့ လစာနဲ့ မြှောက်ပြီး ရရှိမှာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ ဒါပေမဲ့ လက်ရှိ နိုင်ငံရေးပင်စင် သဘောအဖြစ်နဲ့ အငြိမ်းစားယူမယ့်သူတွေဟာ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ နောက်ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံချင်ရင် ဝင်ရောက် အရွေးချယ်ခံနိုင်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဦးခိုင်မောင်ရည်ရဲ့အမြင်က -

“နောက်တကြိမ် လွှတ်တော်ကိုယ်စားလှယ် ဆက်မလုပ်ရ ဆိုတာမျိုးက သတ်မှတ်ထားတာ မရှိတဲ့အတွက် ဒုတိယအကြိမ် လွှတ်တော်မှာ ပထမဆုံး ဝန်ကြီးတွေခန့်တဲ့အခါမှာ လုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲက သိပ်မကြာဘဲနဲ့ ဥပဒေ အခု ပြင်လိုက်တာဖြစ်တဲ့အတွက် ဥပဒေပြင်ရင် ဥပဒေက ၃ လအတွင်းမှာ လစ်လပ်တဲ့နေရာကို ပြန်ကျင်းပရမယ်ဆိုရင် လွှတ်တော် စစချင်းမှာပဲ လစ်လပ်တဲ့နေရာတွေ ပေါ်လာရင် စပြီး မကြာခင်မှာပဲ ရွေးကောက်ပွဲ ပြန်ကျင်းပတဲ့အခါမှာဆိုရင် သူက တစ်နှစ်မပြည့်သေးခင်မှာပဲ နိုင်ငံရေးပင်စင် ရပြီးသား တစ်နှစ်မပြည့်သေးခင်မှာပဲ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သွားရင် သူက ပြန်ပြီးတော့မှ လွှတ်တော် နိုင်ငံရေး လစာငွေ၊ လွှတ်တော် ကိုယ်စားလှယ် လစာငွေ ပြန်ရမှာဆိုတော့ သူက အဲဒါကျတော့ နှစ်သီးစားလို ပုံစံ ဖြစ်သွားတယ်ပေါ့နော်။ အဲဒါမျိုးလည်း ဖြစ်သွားနိုင်တဲ့အတွက် နိုင်ငံရေးပင်စင်ယူတယ်ဆိုရင် နောင်တကြိမ် နိုင်ငံရေးလွှတ်တော်ကိုယ်စားလှယ် မလုပ်ဖူးဆိုရင်တော့ ဒါ သင့်တယ်လို့ ပြောရမှာပေါ့။”

အခုလိုမျိုး လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံရေး ပင်စင်သဘောမျိုးပေးဖို့ စီစဉ်တာဟာ တိုင်းပြည်အတွက် ငွေကြေးဖောင်းပွမှုတွေ ဖြစ်သွားနိုင်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက စိုးရိမ်ကြပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးစည်သူအောင်မြင့်က ပြောတာက -

“အဲဒါက မကောင်းဘူး။ ဘာလို့မကောင်းဘူးလဲဆိုတော့ ကိုယ့်အတွက် အခွင့်အရေးကို ကိုယ့်ဘာသာကိုယ် ပြဌာန်းပြီးတော့ ယူတဲ့ဟာ မကောင်းဘူး။ အဲတော့ ငွေကို တွက်ကြည့်လိုက်တော့လည်း သူတို့ယူမယ့်ငွေက အားလုံးပေါင်းလိုက်ရင် ပြည်ထောင်စုလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်နဲ့ ပေါင်းလိုက်ရင် ကျပ်ငွေ ၄ ဘီလီယံလောက်ရှိတယ်။ တကယ်လို့သာ တပ်မတော်သားတွေကိုပါ ပေးမယ်ဆိုရင် ၅ ဘီလီယံလောက် သွားရှိလိမ့်မယ်။ ဆိုတော့ အများကြီးဖြစ်နေတယ်။ ဆိုတော့ ဒီဥစ္စာက ပေးလည်း မပေးသင့်ဘူးပေါ့။ သူတို့က အဲ့လိုမျိုး ၅ မျိုးလောက် လုပ်ရုံနဲ့ ဒီလိုမျိုး တလုံးတခဲတည်း ချီးမြှင့်ငွေတွေ ပေးတဲ့ အလေ့အထ ဖြစ်သွားမယ်ဆိုရင် မကောင်းဘူးပေါ့ ဒါက။”

ဒီကိစ္စအတွက် သတ်မှတ်ထားတဲ့ ပုံစံဖြည့်ပေးဖို့ တောင်းခံလာတာကြောင့် ဖြည့်စွက်ထားပေမယ့်လို့ ဘယ်လိုပုံစံနဲ့ ငွေကြေးပမာဏ ဘယ်လောက်ပေးမယ်ဆိုတာကို မသိရှိရသေးဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။ အခုလိုမျိုး နိုင်ငံရေးပင်စင် ချီးမြှင့်ငွေကြောင့် နောက်အစိုးရသက်တမ်းမှာ ဘဏ္ဍငွေအခက်အခဲနဲ့ ကြုံတွေ့နိုင်တယ်လို့ ဦးခိုင်မောင်ရည်က ပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ် တလုံးတည်းတခဲတည်း ပေးရမယ်ဆိုတဲ့ မူအရ ပြီးတော့ နောက်အစိုးရမတက်ခင်လေးမှာ ပေးမယ့်သဘောမျိုး ဒီလွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်ကုန်ဆုံးတာနဲ့ ချက်ခြင်းပေးမယ့် သဘောမျိုးဖြစ်တဲ့အတွက် ထင်ပါတယ် ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလဆန်းကို ပေးလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီအတွက် အဲဒီနောက်မှာ တခါတည်း ငွေကြေးက တပြိုင်နက်တည်းနဲ့ ထုတ်သုံးစွဲသလို ဖြစ်လိမ့်မယ်။ နောက်အစိုးရ တက်တဲ့အချိန်မှာ နိုင်ငံတော်ဆီမှာ ဘဏ္ဍာ ဗဟိုဘဏ်မှာပေါ့နော် ငွေကြေးအရ လိုငွေတွေ ပြနေတယ်ဆိုတော့ ပိုက်ဆံနည်းသွားနိုင်တယ်လို့တော့ ကျနော်က အဲ့လို တွေးမိပါတယ်ခင်ဗျ။”

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား လွှတ်တော်ကိုယ်းစားလှယ်တွေ မပါဝင်ဘဲ အရပ်သား လွှတ်တော်ကိုယ်စားလှယ် ၄၀၀ နီးပါးဟာ ဒီနိုင်ငံရေးပင်စင် ခံစားခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်လွှတ်တော်သက်တမ်းမှာ တာဝန်မထမ်းဆောင်တော့မယ့် တိုင်းဒေသကြီး ကိုယ်စားလှယ်တွေလည်း ဒီခံစားခွင့်ကို ရရှိမှာ ဖြစ်ပါတယ်ခင်ဗျာ။