စာနယ်ဇင်းကောင်စီ မီဒီယာဥပဒေမူကြမ်း လွှတ်တော်တင်မည်

မြန်မာစာနယ်ဇင်းကောင်စီ မီဒီယာဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ (ဇူလိုင်လ ၂၀၁၃)။

သတင်းစာနယ်ဇင်းသမားတွေ ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းကို လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက လာမယ့် တနင်္လာနေ့မှာ အမျိုးသားလွှတ်တော်ကို တင်သွင်းတော့မှာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်း လဲနေတဲ့ မြန်မာနိုင်ငံတွင်း ပြည်သူတွေ သတင်းမီဒီယာ လွတ်လပ်ခွင့် ပိုပြီးတော့ ရရှိလာစေဖို့ လွှတ်တော်တွင်း တာဝန်ခံ တင်ပြ တောင်းဆိုပေးမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုပါတယ်။ အသေးစိတ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

တနင်္လာနေ့ သြဂုတ်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်တွင်း တင်သွင်းတော့မှာဖြစ်ပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့် ရရှိရေး သတင်းသမားတွေ ဝိုင်းဝန်း တောင်းဆိုနေတဲ့ မီဒီယာဥပဒေကို တာဝန်ခံတင်သွင်းပေးမယ့် လွှတ်တော်ကိုယ်စားလှယ်ကတော့ အမျိုးသားဒီမိုကရေစီပါတီသစ်က ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ပဲ ဖြစ်ပါ တယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ အရပ်သားအစိုးရ လက်ထက်အတွင်း ပြည်သူတွေ သတင်းမီဒီယာလွတ်လပ်ခွင့် ပိုပြီးတော့ ရရှိလာစေဖို့ သူ့အနေနဲ့ လွှတ်တော်တွင်း တာဝန်ခံ တင်ပြတောင်းဆိုပေး မှာဖြစ်တယ်လို့လည်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

“မီဒီယာလွတ်လပ်ခွင့် လိုချင်တာက ကျနော့်အတွက်လည်း မဟုတ်ပါဘူး။ မီဒီယာသမားတွေ အတွက်လည်း မဟုတ်ပါဘူး။ တိုင်းပြည်အတွက်ပါ။ ပြည်သူပြည်သား အားလုံးအတွက် ကျနော်တို့က ဒီဟာကို တင်ရတာပါ။ အခုဟာက ဒီမိုကရေစီ ဖြစ်တယ်ဆိုပြီး ပြောသောငြားလည်း ကျနော်တို့မှာ ဒီမိုကရေစီ နိုင်ငံတွေမှာ မရှိတဲ့ ပြန်ကြားရေးဝန်ကြီးဌာနမျိုးတွေ ကျနော်တို့ဆီမှာ ရှိနေပါတယ်။ နိုင်ငံပိုင် ပြန်ကြားရေးဝန်ကြီးဌာန ဆိုတာမရှိအောင် ကြိုးစားရမှာပါ။ ဒါက အခြေခံအဆင့်ပါ။ ဒုတိယ အချက်ကတော့ ပြန်ကြားရေးဝန်ကြီး ဌာန နေရာမှာ ကျနော်တို့ မီဒီယာကောင်စီကပဲ လုပ်ငန်းတွေကို တာဝန်ယူ လုပ်သွားရမှာပါ။ အဲဒီအဆင့်ကို ပြီးအောင်တော့ ကျနော်တို့က ဆက်တိုက် ကြိုးစားရဦးမှာပါ။”

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တင်သွင်းထားပြီးသား ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာ မီဒီယာဥပဒေမူကြမ်းနဲ့အပြိုင် လွှတ်တော်မှာ တင်သွင်း အဆိုပြုဖို့ရှိတဲ့ သတင်းစာနယ်ဇင်းသမားတွေ ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းကို လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ တင်သွင်းဖို့ ပြင်ဆင် ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အခုလို ပြောပါတယ်။

“စာနယ်ဇင်းကောင်စီနဲ့ ညှိနှိုင်းဖို့ ဟိုဘက်ဒီဘက် ကွဲနေတဲ့အချက်တွေ ရှိတယ်။ တဘက်နဲ့တဘက် လုံး၀ ဆန့်ကျင်နေတဲ့ အချက်တွေလည်း ရှိတယ်။ ကွဲလွဲတဲ့အချက်တွေကို ဘယ်လို ရင်ဆိုင် ဖြေရှင်းရမလဲ ဆိုတဲ့ အချက်အလက်တွေ ကျနော့်ကို ပေးထားပါတယ်။ တကယ် လွှတ်တော်ကျမှသာ ဒီဟာက အကြိတ်အနယ် တွေ့မှာပါ။”

စာနယ်ဇင်းသမားတွေ စုဖွဲ့ထားတဲ့ သတင်းမီဒီယာကောင်စီက ရေးဆွဲ တင်သွင်းမယ့် မီဒီယာဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် နှစ်ရပ်စလုံးမှာ တင်သွင်း အဆိုပြု ထောက်ခံနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း ဒီဥပဒေမူကြမ်းကို ဖတ်ရှု သိရှိနားလည်ပြီး ဆွေးနွေးပေးဖို့ စာနယ်ဇင်းသမားတွေက အလေးအနက်ထား တောင်းဆိုပါတယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောပါတယ်။

“လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် ကို ကျနော်တို့ ပေးလိုက်ပါပြီ ခင်ဗျ။ နိုင်ငံတော်နဲ့ နိုင်ငံသား အားလုံး အကျိုးအတွက် ရည်ရွယ်ပြီးတော့ ထောက်ခံ ဆွေးနွေးပေးဖို့ပေါ့နော် မေတ္တာရပ်ခံတာ။ ဆွေးနွေးတဲ့အဆင့်ကျလို့ရှိရင် ကျနော်တို့ဘက်က ဆွေးနွေးတဲ့သူတွေ ပိုပြီးတော့ ထိထိရောက်ရောက် ဆွေးနွေးလို့ရအောင် အကြံဉာဏ်တွေ ပေးသွားတာမျိုး လုပ်မှာပါ။ ဥပဒေက ဘယ်လောက်ထိ နိုင်ငံသားတွေ အခွင့်အရေးကို ကာကွယ်ပေးမလဲ၊ နိုင်ငံသားတွေ ဒီဥပဒေအောက်မှာ ဘယ်လောက်ထိ ထိန်းသိမ်းစောင့်ရှောက်ခံရမလဲ ဆိုတာ ဥပဒေပြုတဲ့ လုပ်ငန်းစဉ်တခုလုံးမှာရှိတဲ့ အားလုံးမှာ တာဝန်ရှိပါတယ်။ အဲဒီလိုမျိုး တာဝန်ရှိတာနဲ့နည်းတူ လုပ်နေကြတဲ့သူတွေ အားလုံး၊ ဥပဒေ လက်မှတ် ရေးထိုး ထုတ်ပြန်တဲ့အထိ သမိုင်းမှတ်တမ်း ရေးတဲ့အခါမှာ ဘယ်လို မှတ်တမ်းမျိုး ရေးခဲ့တယ် ဆိုတာကို ပြည်သူလူထုက အဆုံးအဖြတ် ပေးပါလိမ့်မယ်။”

မီဒီယာဥပဒေမူကြမ်း လွှတ်တော်တွင်း တင်သွင်းအဆိုပြုတဲ့အခါ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် လွှတ်တော်တွင်း ကူညီထောက်ခံ ဆွေးနွေးနိုင်ဖို့အရေး လွှတ်တော်နာယက သူရဦးရွှေမန်း အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို သတင်းမီဒီယာသမားတွေက မေတ္တာရပ်ခံ တင်ပြခဲ့ကြပြီးဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဆိုင်ရာ မီဒီယာဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ တင်ပြအဆိုပြုခဲ့ရာမှာတော့ ကန့်ကွက်သူမရှိ တခဲနက် အတည်ပြုခဲ့ကြပြီးတော့ အခုဆိုရင် အမျိုးသားလွှတ်တော်မှာပါ အတည်ပြုနိုင်ဖို့ အဆိုတင်သွင်းကြတော့မှာ ဖြစ်ပါတယ်။

ဒီလိုမျိုး ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ မီဒီယာဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ မီဒီယာ လွတ်လပ်ခွင့်မရှိဘဲ သတင်းမီဒီယာသမားတွေ အပေါ်မှာ ကန့်သတ်ဖိနှိပ်မှု၊ ချုပ်ကိုင်မှုတွေ ရှိတယ်ဆိုပြီး သတင်းမီဒီယာသမားတွေ ဘက်ကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြတာဖြစ်ပါတယ်။

သတင်းမီဒီယာသမားတွေက ကိုယ်တိုင်ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းကို လွှတ်တော်တွင်းတင်ပြဖို့ ကြိုးစားကြတဲ့အခါ ဒီသတင်းမီဒီယာ ဥပဒေမူကြမ်းကို လွှတ်တော်ကို ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ကိုယ်စားပြုပြီး တင်ပြမပေးနိုင်ဘူးလို့ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က ပြောဆိုလိုက်တဲ့ အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ဆန်းပိုင်းတုန်းကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ခေါ်ချက်နဲ့ တွေ့ဆုံခဲ့ကြတဲ့ သတင်းမီဒီယာကောင်စီ (ယာယီ) နဲ့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တွေ့ဆုံကြတဲ့အခါမှာ လည်း ပြေလည်မှုမရခဲ့ဘဲ သဘောထား ကွဲလွဲမှုတွေ ရှိနေကြဆဲဖြစ်ပါတယ်။

အခုအခါမှာ သတင်းမီဒီယာသမားတွေအနေနဲ့ လွှတ်တော်တွင်း သတင်းမီဒီယာဥပဒေမှုကြမ်းကို လွှတ်တော်တွင်း တင်သွင်းတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုရရှိရေးကို ကြိုးပမ်းနေကြသလို ပြည်သူလူထုအတွင်းလည်း သတင်းသမားတွေရဲ့ မီဒီယာဥပဒေမူကြမ်းကို ထောက်ခံကြဖို့ လက်မှတ်စုစည်းတဲ့ စည်းရုံးလှုံ့ဆော်မှု ကမ်ပိန်းတွေလည်း လုပ်ဆောင်နေကြပါတယ်။