မလေးရှားလေယာဉ် ပျောက်ဆုံးမှု မြန်မာ ပူးပေါင်း ရှာဖွေ

ပျောက်ဆုံး မလေးရှားလေယာဉ် ကို လေယာဉ် ရှာဖွေရေး ပူးပေါင်းအဖွဲ့မှ ဝေဟင်မှ လိုက်လံရှာဖွေနေကြစဉ်။ (မတ် ၁၃၊ ၂၀၁၄)

မလေးရှားနိုင်ငံကနေ တရုတ်နိုင်ငံကို ပျံသန်းစဉ် လမ်းခုလတ်မှာ ပျောက်ဆုံး သွားတဲ့ မလေးရှား ခရီးသည်တင် လေယာဉ် ကို နိုင်ငံတကာက ဝိုင်းဝန်း ရှာဖွေနေတာမှာ အခုဆိုရင် မြန်မာနိုင်ငံကလည်း ပူးပေါင်း ပါဝင်လာပြီ ဖြစ်ပါတယ်။ ပျောက်ဆုံးနေတာ သီတင်း တစ်ပတ်ရှိသွားပြီဖြစ်တဲ့ မလေးရှားလေကြောင်းပိုင် Boeing 777 လေယာဉ်ကို အိန္ဒိယသမုဒ္ဒရာထဲအထိ တိုးချဲ့ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကလည်း အခုလို ပူးပေါင်း ရှာဖွေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ လောလောဆယ် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ပျံသန်းတဲ့ Boeing 777 ခရီးသည်တင်လေယာဉ်ဟာ မတ်လ ၈ ရက် စနေနေ့မနက်ပိုင်းက လမ်းခရီးမှာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါလာတဲ့ ဒီလေယာဉ်ဟာ ကွာလာလမ်ပူလေဆိပ်ကနေ ထွက်ခွာအပြီး ၁ နာရီအကြာမှာ ပျောက်ဆုံးသွားခဲ့တာပါ။

ဒီလေယာဉ်ကို နိုင်ငံပေါင်း ၁၂ နိုင်ငံက သင်္ဘော ၄၂ စင်း၊ လေယာဉ် ၃၉ စင်းနဲ့ တောင်တရုတ်ပင်လယ်နဲ့ မလေးရှားကျွန်းဆွယ် တဘက်ကမ်း မိုင်ရာနဲ့ချီဝေးတဲ့ မလက်ကာ ရေလက်ကြားတို့မှာ အဓိက ရှာဖွေခဲ့ကြပေမဲ့ သဲလွန်စ တစုံတရာ မတွေ့ရတာကြောင့် လေယာဉ်နဲ့ နောက်ဆုံး အဆက်အသွယ်ပြတ်သွားခဲ့တဲ့ နေရာကနေ မိုင်ထောင်ချီဝေးတဲ့ အိန္ဒိယသမုဒ္ဒရာ အထိကို တိုးချဲ့ရှာဖွေဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

အိန္ဒိယသမုဒ္ဒရာထဲ ရှာဖွေတဲ့အခါ မြန်မာရေပိုင်နက်နဲ့လည်း ထိစပ်နေ တာကြောင့် မြန်မာနိုင်ငံ ကလည်း ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။

"တကယ်လို့ သူတို့ရှာဖွေနေတဲ့ လေယာဉ်ပျံတွေ မြန်မာနိုင်ငံ ရဲ့ လေပိုင်နက်ထဲကို ဖြတ်ကျော်မယ်ဆိုရင် ဝင်ရောက်မယ်ဆိုရင် ကျနော်တို့ ဝင်ရောက်ခွင့်ပြုထားတယ်။ တပ်မတော်(ရေ) အနေနဲ့လည်း အဲ့ဒီ့ဘက်က ကိုယ့်ရဲ့ နယ်မြေတွေမှာ ပါဝင်ကူညီရှာဖွေပေးဖို့ သူတို့အောက်မှာ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့ ရေတပ် အနေနဲ့ စပြီးတော့မှ ပါဝင်ဆောင်ရွက်ဖို့၊ လုပ်ဖို့ဆိုပြီးတော့မှ ညွန်ကြားထားတယ်လို့တော့ သိတယ်။ သင်္ဘော အရေအတွက်၊ ဘယ်မှာရောက်နေတယ်ဆိုတာတော့ အဲ့တာတော့ ကျနော် Operation ကိစ္စတွေဖြစ်လို့ ကျနော် အသေးစိတ်မသိဘူးခင်ဗျ။ တပ်မတော်အနေနဲ့ကလည်း ဘယ်နေရာတွေကို လုပ်ပေးစေချင်လဲ ဒါတွေကို ညှိနေတာပေါ့နော်။ သူတို့ရှာမယ့်ဧရိယာနဲ့ ကျနော်ရှိတဲ့ဧရိယာနဲ့ ဒါတွေ ညှိနေတာပေါ့။"

တခါ မြန်မာလေကြောင်းညွှန်ကြားမှု ဦးစီးဌာနကလည်း - မလေးရှားနိုင်ငံ ကနေ မြန်မာလေပိုင်နက်အတွင်း လိုအပ်ရင် ဝင်ရောက် ရှာဖွေခွင့်ပြုဖို့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း အကူအညီတောင်းခံခဲ့တာကြောင့် - ၁ ပတ်တိတိ ရှာဖွေခွင့် မြန်မာ လေကြောင်းဘက်က ခွင့်ပြု ထားပြီး လောလောဆယ် မြန်မာ့လေပိုင်နက် ထဲ ဝင်ရောက် ရှာဖွေမှုတွေတော့ မရှိသေးဘူးလို့ မြန်မာလေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း က ပြောပါတယ်။

" ၁၁ရက်နေ့ကတည်းကလေ မြန်မာလေပိုင်နက်ထဲမှာ လိုအပ်လာလို့ရှိရင် ဝင်ပြီးတော့ရှာဖွေခွင့်ပေါ့။ တောင်းတာရှိပါတယ်။ ရှိတော့ ကျနော်တို့က ခုနှစ်ရက်သက်တမ်းနဲ့ပေါ့။ သူတို့တောင်းတဲ့ လေယာဉ်ပျံ အမျိုးအစား ခြောက်မျိုးလောက်ရှိတာပေါ့။ ခြောက်မျိုးလောက်ကို ကြိုတင်ခွင့်ပြုချက် သဘောမျိုးပေါ့။ ခွင့်ပြုပေးထားတယ်။ အဲ့ဒီ့အဆင့်ပဲ ရှိသေးတယ်။ ဟိုဘက်က လာမယ်။ ဘယ်တော့ လာမယ်ဆိုတဲ့ အဲ့ဒီ့ Flight နဲ့ တင်လာတာမျိုးတော့ အခုချိန်အထိ လှုပ်ရှားမှုမျိုးတော့မရှိသေးဘူး။

ကျနော့်ဆီ တင်ပြတောင်းခံဆိုတဲ့ အထဲမှာတော့ မလေးရှားလေတပ်က ပါတယ်။ နောက် သြစတေးလျလေတပ်ကပါတယ်။ ဆိုတာမျိုး လေယာဉ်ပျံတွေအရပေါ့။ တွက်လို့ရတာပေါ့။ အထူးသဖြင့်ကတော့ Search and Rescue အတွက်ကို သုံးတဲ့လေယာဉ်တွေပေါ့။"

ဒါ့အပြင် ပင်လယ်ရေကြောင်းဘက်ကဆိုရင်လည်း မြန်မာ့တပ်မတော် (ရေ) နဲ့အတူ ရေကြောင်းဦးစီးဌာနကလည်း ပူးပေါင်းဆောင်ရွက်နေပြီး၊ အဓိက ရှာဖွေမယ့် မြန်မာ့ရေပိုင်နက်ဧရိယာနဲ့ပတ်သက်လို့လည်း ဦးဝင်းဆွေထွန်းက အခုလို ဆက်ပြောပြပါတယ်။

"အဓိက ပင်လယ်ပြင်ပဲဗျ။ ကျနော်တို့ဘက်နဲ့ဆိုင်တာဆိုရင်တော့ အဓိက ခုနကပြောတဲ့ Bay of Bengal ဧရိယာပေါ့။ ဘင်္ဂလား ပင်လယ်အော်ထဲမှာဖြစ်မယ်။ ဟိုဘက်ဆိုရင် အိန္ဒိယဘက်က ပို့လဲကျွန်းတို့ ဘာတို့ဘက် နားလောက်အထိ ရောက်တဲ့ ဧရိယာပေါ့။ ဒါပေမဲ့ ဒီဟာကလည်း ခုနက ကျနော်ပြောသလိုပဲ အကြမ်းဖျင်း ရာထားတဲ့ ဧရိယာဝိုက်ကြီးကို လုပ်ထားတာပေါ့။ ဒါပေမဲ့ ကျနော်တို့ဘက်က Facilitiesတို့ ဘာတို့ ညာတို့ က ကာကွယ်ရေးအတွက် တပ်ဖက်ကပေါ့။ တပ်ဖက်က လိုအပ်လာလို့ ဖြစ်ရင်လည်း ကူညီပေးကြမှာပါ။"

အခုလို ဒေသတွင်းအရေးကိစ္စတွေမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်လာတာ ဟာ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် ဒါ ပထမဦးဆုံး အကြိမ်လည်းဖြစ်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကတော့ အာဆီယံနိုင်ငံတွေကြားထဲမှာ သဘောတူညီ ထားချက်အရ မြန်မာနိုင်ငံဘက်က ပူးပေါင်း လုပ်ဆောင် တာဖြစ်တယ်လို့ ပြောဆိုပါတယ်။

"ကာကွယ်ရေးဝန်ကြီးဌာနချင်း ပူးပေါင်းဆောင်ရွက်မှုထဲမှာလည်း ဒီလိုမျိုး ရှာဖွေတဲ့ Search and Rescue SAR ကိစ္စတွေက ပါပြီးသားပဲလေ။ အဲ့တာကြောင့် ကျနော်တို့က ချက်ခြင်း သူ့ဘက်၊ ကိုယ့်ဘက် ညှိနှိုင်းဆောင်ရွက်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကဗျာ အာဆီယံရဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ထဲမှာ ဒီလိုမျိုး အန္တရာယ်တွေ ကြုံလို့ရှိရင် ပူးပေါင်းဆောင်ရွက်တာတို့၊ ဝိုင်းဝန်းရှာဖွေတာတို့လုပ်ရမယ့် သဘောတူထားတဲ့ မူဘောင်တွေရှိပါတယ်။

သိပ်မကြာခင်က နေပြည်တော်မှာ လုပ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာလည်း ဒီကိစ္စကို ကျနော်တို့က ဆွေးနွေးခဲ့တာပေါ့နော်။ အဲ့ဒီ့တော့ အဲ့ဒီ့မူဘောင်တွေအတိုင်းပဲ ကျနော်တို့က ပါဝင်ကူညီဆောင်ရွက်နေတာဖြစ်ပါတယ်။"

မလေးရှားအစိုးရဟာ အခုလို တခါမှ မကြုံခဲ့ဖူးတဲ့ အခြေအနေမျိုးကို ကိုင်တွယ်ဖြေရှင်းနေရတာဖြစ်တဲ့အတွက် ခရီးသည်နဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦး လိုက်ပါလာတဲ့ Boeing 777 လေယာဉ် ပြန်ရှာတွေ့ဖို့အတွက် ဘာပဲ လုပ်ရလုပ်ရ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး က ပြောဆိုခဲ့ပါတယ်။