ကနေဒါမှာ ခိုလှုံခွင့်ရရေး ကိုရဲရင့် ကြိုးစားနေဆဲ

ရဲရင့် (ခေါ်) ကိုသန်းစိုး

မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး ကနေဒါနိုင်ငံမှာ လက်ရှိ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားဆဲဖြစ်တဲ့ ရဲရင့် (ခေါ်) ကိုသန်းစိုးဟာ ကနေဒါအစိုးရက မြန်မာနိုင်ငံကို ပြန်ပို့မယ့်အရေးနဲ့ ရင်ဆိုင်နေရတာကြောင့် လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ် လက်ခံပြီး သူ့ကို ပြန်မပို့ဖို့ ကြိုးစားနေကြောင်း ကနေဒါနိုင်ငံ အခြေစိုက် The Province သတင်းမှာ ဖော်ပြထားပါတယ်။

ရဲရင့်ဟာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း စက်မှုတက္ကသိုလ် ကျောင်းသားတဦးအဖြစ်နဲ့ တက်ကြွစွာ ပါဝင်ခဲ့ပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်ကို တောခိုသွားပြီးတော့မှ ၁၉၈၉ ခုနှစ်မှာ မြန်မာနိုင်ငံထဲ ပြန်ဝင်ပြီး မြိတ်မြို့ကနေ ထိုင်းနိုင်ငံကို လေယာဉ်ပျံ ပြန်ပေးဆွဲသွားခဲ့တဲ့ ၂ ဦးထဲက ၁ ဦး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ကျခံခဲ့ရပြီးတဲ့နောက် အမေရိကန်ပြန်ထောင်စုကို ပညာတော်သင် အစီအစဉ်နဲ့ ရောက်လာခဲ့ပြီး နေထိုင်နေဆဲ ကာလမှာဘဲ 9/11 တိုက်ခိုက်မှုလို့ လူသိများတဲ့ အကြမ်းဖက်သမားတွေက လေယာဉ်ပျံ ပြန်ပေးဆွဲပြီး နယူးယောက်မြို့ ကမ္ဘာ့ ကုန်သွယ်ရေးမျှော်စင်ကြီး ၂ ခုကို တိုက်ခိုက်လိုက်ပြီးနောက် အမေရိကန်ရဲ့ နိုင်ငံရေး အခြေအနေ ပြောင်းလဲသွားခဲ့ရာက သူ့ကို အမေရိကန် အစိုးရက ပြန်လည် ဖမ်းဆီးခဲ့ပါတယ်။

နောက်ပိုင်းမှာ အမေရိကန် အစိုးရက သူ့ကို အာမခံနဲ့ ပြန်လွတ်ပေးလိုက်ပေမယ့် လွတ်လပ်စွာ နေထိုင်၊ သွားလာခွင့်မရှိတာကြောင့် ကနေဒါ ဘက်ကို ပြောင်းပြီး ၂၀၀၃ ခုနှစ်ကစလို့ ခိုလှုံခွင့် လျှောက်ထားတာမှာ ခုချိန်ထိ ခိုလှုံခွင့်မရသေးတဲ့အပြင် လွန်ခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ ကနေဒါ အစိုးရက ရဲရင့်ကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်လာတာကြောင့် အရက်က ရထားတဲ့ အလုပ်လုပ်ခွင့် အခွင့်အရေးပါ ဆုံရှုံးသွားခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေအရ သူ့အနေနဲ့ ပြန်လို့ မဖြစ်နိုင်သေးတဲ့အတွက် မြန်မာနိုင်ငံကို ဘေးကင်း လုံခြုံစွာ ပြန်လို့ရနိုင်တဲ့အခြေအနေအထိ သူ့ကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူအဖြစ်နဲ့ ကနေဒါအစိုးရက ခိုလှုံခွင့်ပြုဖို့ ရှေ့နေနဲ့ ကြိုးစား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကနေဒါမှာ ခိုလှုံခွင့်ရရေး ကိုရဲရင့် ကြိုးစားနေဆဲ