ကနေဒါသံတမန်ဟောင်း တရုတ်အစိုးရ ဖမ်းဆီး

ကနေဒါသံတမန်ဟောင်း Michael Kovrig

တရုတ်နည်းပညာ ကုမ္ပဏီအကြီးအကဲ Meng Wanzhou ကို အမေရိကန်ပြည်ထောင်စုရဲ့ ပန်ကြားချက်အရ ကနေဒါအစိုးရက ဖမ်းဆီးခဲ့ပြီးတဲ့နောက် ကနေဒါနဲ့ တရုတ်တို့ကြား တင်းမာမှုတွေ တိုးနေချိန်မှာပဲ တရုတ်အစိုးရက ကနေဒါသံတမန်ဟောင်း တဦးကို တရုတ်နိုင်ငံထဲမှာ ဖမ်းဆီး ထားလိုက်ပါတယ်။

၂၀၀၃ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ဘေဂျင်းနဲ့ ဟောင်ကောင်တွေမှာ ကနေဒါ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Michael Kovrig ကို ဒီသီတင်းပတ်အစောပိုင်းမှာပဲ တရုတ်အစိုးရက ဘာအကြောင်းပြချက်မှ မပေးပဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Mandarin ဘာသာစကား ကျွမ်းကျင်သူ Kovrig ဟာ ICS ပဋိပက္ခဆိုင်ရာ နိုင်ငံတကာအဖွဲ့ရဲ့ အရှေ့မြောက် အာရှဒေသဆိုင်ရာ အကြီးတန်း အကြံပေးဖြစ်ပါတယ်။

Canada နိုင်ငံမှာ အဖမ်းဆီးခံထားရတဲ့ Huawei နည်းပညာကုမ္ပဏီကြီးရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲကို အီရန် အပေါ် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖေါက်မှုနဲ့ အမေရိကန်ပြည်ထောင်စုကို လွဲှပြောင်းပေးနိုင်ချေ ရှိနေချိန်မှာပဲ သူ့ကိုအာမခံပေးသင့် မပေးသင့် ကနေဒါတရားရုံးမှာ ကြားနာစစ်ဆေးနေစဉ် Kovrig ကို အခုလို တရုတ်အစိုးရက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ICS အဖွဲ့ကြီးကတော့ Michael Kovrig ကို ဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ သိအောင်လုပ်ဆောင်မှာ ဖြစ်ကြောင်းနဲ့ သူ့ကို အန္တရာယ် မပေးပဲ ချက်ချင်းပြန်လွတ်ပေးရေးအတွက် သူတို့အစွမ်းကုန် ဆောင်ရွက်မှာ ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

Your browser doesn’t support HTML5

ကနေဒါသံတမန်ဟောင်း တရုတ်အစိုးရ ဖမ်းဆီး