ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ကန်ပက်လက်မြို့တွေကို ပြီးခဲ့တဲ့နှစ်ရက်အတွင်း အပြည့်အဝ သိမ်းယူလိုက်ပြီဖြစ်ကြောင်း ချင်းညီနောင် (Chin Brotherhood) ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၁၂၀ ကျော် လက်နက် ချခဲ့သလို နိုင်ငံရေးအကျဉ်း သား ၁၃ ဦးကိုလည်း ကယ်တင်ခဲ့တယ်လို့လည်း ချင်းညီနောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။
ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး ချင်းညီနောင်စစ်ဆင်ရေး Operation CB ကို နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင်ခဲ့တာပါ။ ဒီရက်ပိုင်းမှာ မင်းတပ်မြို့နဲ့ဖလမ်းမြို့ကို ထိုးစစ်ဆင်ခဲ့ပြီး သိမ်းယူခဲ့ပါတယ်။
ချင်းညီနောင်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က မင်းတပ်မြို့ကို ဒီလ ၂၁ ရက်နေ့မှာ သိမ်းယူနိုင်ပြီး စစ်ကောင်စီဘက်က လူ ၁၂၀ ကျော် လက်နက်ချခဲ့ကြောင်း VOA ကို အခုလို ပြောပါတယ်။
“မင်းတပ်ကို ကျနော်တို့ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ရပါတယ်။ မြို့ပေါ်မှာရှိတဲ့စခန်းတွေ အတော် များများကို တောက်လျှောက် ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ရတာပါ။ လက်နက်ချအညံ့ခံလာတာ ရဲစခန်းမှာရှိတဲ့ လက်နက်ကိုင် ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦး၊ မိသားစုတွေပါ ပေါင်းလိုက်ရင် ၁၆၀ ဝန်းကျင်ရှိပါတယ်။”
ကန်ပက်လက်မြို့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့ကို စွန့်ခွာသွားတာကြောင့် ပစ်ခတ်မှုမရှိ သိမ်းယူနိုင်ခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
“တဆက်တည်းမှာပဲ ဒီ ကန်ပက်လက်ကို ထိုးစစ်ဆင်ဖို့ ပေါ့နော်။ ကန်ပက်လက်ကိုတော့ ချဉ်းကပ်ထား တာ ကြာပါပြီ။ တကယ် ထိုးစစ်ဆင်ဖို့ ပြင်နေတုံး ၂၁ ရက်ည၊ ၂၂ ရက်နေ့ မနက်ပိုင်းလောက်မှာပေါ့နော်။ သူတို့ တောက်လျှောက် စခန်း စွန့်ခွာ ထွက်ပြေးသွားတာပေါ့။ ကျနော်တို့ ထိုးစစ်ဆင်မယ်အလုပ်မှာ ထွက်ပြေးသွားတယ်ဆိုတော့ ကျနော်တို့ မြို့ကို ရှင်းတယ်။ ထွက်ပြေးသွားတဲ့လူနောက်ကို လိုက်တယ်။ ကန်ပက်လက်ကိုတော့ သေနတ် မဖောက်လိုက်ရဘဲနဲ့၊ သေနတ် ပစ်ခတ်မှုမရှိဘဲနဲ့ ကန်ပက်လက်ကို သိမ်းလိုက်ရတဲ့ အခြေအနေ ရှိပါတယ်။”
ဒါ့ပြင် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အခုလို သိမ်းယူနိုင်ခဲ့တဲ့ မြို့တွေမှာ ဒေသခံတွေပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးကို အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက စတင်ပြီး မင်းတပ်မြို့နယ်က ကျေးရွာ (၂၀၀) လောက်မှာ ဒီစနစ်ကို ကျင့်သုံးနေတာကြောင့် အခက်အခဲမရှိနိုင်ကြောင်းလည်း ဆလိုင်းယောမာန်က ပြောပါတယ်။
လက်ရှိမှာတော့ ဖလမ်းမြို့ကို ဆက်လက် တိုက်ခိုက်နေကြောင်းနဲ့ တရားဝင် သတင်းထုတ်ပြန် သွားမှာဖြစ်ကြောင်းလည်း အခုလို ပြောပါတယ်။
“ဖလမ်းမြို့သိမ်းတိုက်ပွဲကတော့ နိုဝင်ဘာ ၉ ရက်နေ့မှာ စတာပေါ့နော်။တောက်လျှောက် ကျနော်တို့ ထိုးစစ်ဆင်တယ်။ တော်တော်များများ သိမ်းယူနိုင်ခဲ့ရာမှာ အခု ၂၆၈ ပေါ့။ ခလရ ၂၆၈ တခုတည်းပဲ တပ်ကုန်းတခုတည်းပဲ ကျန်ပါတော့တယ်။ အဲဒါကိုလည်း ကျနော်တို့ ဆက်လက် ထိုးစစ်ဆင်နေ ပါတယ်။ ဒီကြားထဲမှာ စစ်ကောင်စီကလည်း လေကြောင်းစစ်ကူ ချပေးတာတွေ ရှိတယ်။ ဖလမ်း စစ်ဆင်ရေးနဲ့ ပတ်သက်ပြီးမှလည်း ကျနော်တို့ တရားဝင် ထုတ်ပြန်သွားဖို့ ရှိပါတယ်။ ”
ဒီကနေ့မှာတော့ မင်းတပ်မြို့ပေါ်မှာ မြေမြှုပ်မိုင်းရှင်းလင်းနေပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ခွင့်ပြုချက်မရဘဲ မင်းတပ်မြို့မှာ ဝင်ထွက်သွားလာခွင့်မလုပ်ဖို့လည်း ချင်းကာကွယ်ရေး (မင်းတပ်) သတိပေးထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့က စတင်တဲ့ ချင်းညီနောင်စစ်ဆင်ရေး Operation CBမှာ Yaw Defense force ( YDF) ၊ Yaw Army ( YA )၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင် တပ်ရင်း ၃ တို့ ပူးပေါင်းပါဝင် ခဲ့သလို မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ အာရက္ခတပ်တော် AA က လက်နက်ခဲယမ်းအပြင် စစ်ရေးဆိုင်ရာ အကြံပေးတာတွေလည်းရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လောလောဆယ်မှာတော့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက မင်းတပ်၊ ကန်ပက်လက်အပါအဝင် ချင်းပြည်နယ်က မြို့ပေါင်း ၁၀ မြို့လောက်ကို သိမ်းယူထားသလို အာရက္ခတပ်တော် AA က ပလက်ဝ မြို့ကို သိမ်းယူထားပါတယ်။ စစ်ကောင်စီဘက်ကတော့ ဖလမ်း၊ ဟားခါး၊ ထန်တလန်နဲ့ တီးတိန်မြို့တွေ ကို ထိန်းချုပ်ထားဆဲရှိပြီး ဖလမ်း၊ ဟားခါး၊ ထန်တလန်ဘက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
ချင်းပြည်နယ်တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရပါဘူး။
Your browser doesn’t support HTML5