သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမှာ တိုက်ပွဲတွေ တကျော့ပြန်ပြင်းထန်​​​​​​​


ချင်းညီနောင်အဖွဲ့ (Chin Brotherhood)ရဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) မတူပီ ယခင်သတင်းမှတ်တမ်း။
ချင်းညီနောင်အဖွဲ့ (Chin Brotherhood)ရဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) မတူပီ ယခင်သတင်းမှတ်တမ်း။

ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ ဒေသခံချင်းတိုင်းရင်းသား ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ချင်းကာကွယ်ရေးတပ်တွေ စုပေါင်းထားတဲ့ ချင်းညီနောင်အဖွဲ့ (Chin Brotherhood) ကစစ်ကောင်စီတပ်တွေကို ပစ်မှတ်ထား စစ်ဆင်ရေး စတင်ကြောင်း ကြေညာလိုက်ပြီးနောက် တိုက်ပွဲတွေ ပေါ်ပေါက်လာတာပါ။ ချင်းပြည်နယ်က တကျော့ပြန် စစ်ရေးတင်းမာမှုအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို မခင်လေး တင်ပြထားပါတယ်။

ချင်းကာကွယ်ရေးတပ်တွေ စုပေါင်းထားတဲ့ ချင်းညီနောင်အဖွဲ့ (Chin Brotherhood) ရဲ့ ချင်းညီနောင်စစ်ဆင်ရေး(Operation CB) နိုဝင်ဘာဆန်းက စတင်လိုက်ပြီဖြစ်ပါတယ်။ မင်းတပ်မြို့နဲ့ ဖလမ်းမြို့က စစ်ကောင်စီတပ်ရဲ့ မြို့ပေါ်စစ်စခန်းတွေကို တပြိုင်နက်တည်း စတင်တိုက်ခိုက်နေတဲ့အတွက် နှစ်ဘက် တိုက်ပွဲပြင်းထန်နေကြောင်း ချင်းညီနောင်အဖွဲ့က ဒီနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့စွဲနဲ့ သတင်းထုတ်ပါတယ်။

ညီနောင်စစ်ဆင်ရေးအဖြစ် ချင်းညီနောင်အဖွဲ့ (Chin Brotherhood) ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ ကတည်းက စတင်လိုက်တဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) မှာ မင်းတပ်နဲ့ဖလမ်းမြို့ တွေ ပေါ်က စစ်ကောင်စီစခန်းများကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာ ချင်းညီနောင်အဖွဲ့နဲ့အတူ မဟာမိတ်တပ်တွေလည်း စစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေကြတယ်လို့ ချင်းညီနောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ လတ်တလောမှာတော့ ဖလမ်းမြို့နဲ့ မင်းတပ်မြို့တွေမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါပစ်ခတ်တိုက်ခိုက်နေကြပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောပါတယ်။

“လက်ရှိတိုက်ပွဲအနေအထားကတော့ တိုက်ပွဲတွေတော့ ပြင်းထန်နေတယ်ပေါ့နော်။ စကစဘက်ကတော့ လေကြောင်းတွေနဲ့ အပြင်းအထန်တိုက်ခိုက်နေတယ်။ နီးစပ်ရာ ကျောက်ထုလို အမြောက်တပ်တွေကလည်း လက်နက်ကြီးတွေနဲ့ပစ်ကူတာတွေတော့ ရှိတယ်။ စစ်ရေးအရကတော့ အများကြီးပြောပြလို့မရသေးဘူးပေါ့နော်။ ကျနော်တို့ဘက်ကတော့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်ပေါ့နော်။”

မင်းတပ်နှင့် ဖလမ်းမြို့တွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတဲ့ (Chin Brotherhood) ချင်းညီနောင် အဖွဲ့မှာ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေး တပ်ဖွဲ့ ၊ မတူပီတပ်မဟာ (၁) တို့ ပါဝင်ပါတယ်။

ချင်းညီနောင်အဖွဲ့ရဲ့ စစ်ရေးရည်မှန်းချက်နဲ့ ပတ်သက်လို့လည်း CDF မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်ကဗွီအိုအေကိုအခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ဒီစစ်ဆင်ရေးကို ပြင်းပြင်းထန်ထန်ပေါ့နော်။ ကျနော်တို့ CB -Chin Brotherhood Operation အနေနဲ့ မင်းတပ်နဲ့ ဖလမ်းမှာ တိုက်ခိုက်နေတယ်။ ပြည်သူလူထုတရပ်လုံးအနေနဲ့ ဒီတော်လှန်ရေးအင်အားစုတွေအပေါ်မှာ ပိုပြီးတော့မှ ယုံကြည်ပေးပါ၊ ပိုပြီးခါမှကူညီကြပါ၊ ဝိုင်းဝန်းကြပါ။ မေတ္တာပို့တာတို့၊ ဆုတောင်းတာတို့..။ ကျနော်တို့ဘက်ကတော့ အပြင်းအထန် တိုက်စစ်ဆင်နေတယ်။ ပြည်သူလူထုက ကျနော်တို့ရဲ့အဓိကအင်အားဖြစ်ပါတယ်။ ပြည်သူလူထုနဲ့အတူ မကြာခင်ကျနော်တို့ရဲ့ တကယ်လုပ်ရင်အဟုတ်ဖြစ်တယ်..ဆိုပြီးမှ ကျနော်တို့ တကယ်လုပ်နေတဲ့စစ်ဆင်ရေးမှာ ပြည်သူလူထုအနေနဲ့ ဝိုင်းရံပေးတယ်။ နောက်ကနေ အားပေးထောက်ပံ့ပေးတာ ကျနော်တို့အတွက် အထောက်အပံ့ ခွန်အားတွေဖြစ်စေတယ်၊ ဆိုတော့ မကြာခင်မှာ ကျနော်တို့ရောက်တော့မယ့် ရည်မှန်းချက်တွေ၊ အိပ်မက်တွေမှာ ပြည်သူလူထုက ကျနော်တို့နဲ့တသားတည်းဖြစ်နေဖို့ လိုပါတယ်။ အဲဒီအတွက် ပြည်သူလူထုအနေနဲ့ ပိုပြီးမှ ပူးပေါင်းပါဝင်သင့်ပြီး ကူညီပေးကြဖို့၊ ကျနော်တို့အပါအဝင် တနိုင်ငံလုံးမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် တနိုင်ငံလုံးမှာရှိနေတဲ့ပြည်သူတွေအနေနဲ့ ပိုပြီးမှ ဝိုင်းရံပေးဖို့၊ အားအင်ပေးဖို့၊ ထောက်ပံ့ပေးဖို့ ကျနော် ပြောချင်ပါတယ်ဗျ။”

ချင်းပြည်နယ်မှာ တိုက်ပွဲတွေ တကျော့ပြန်ပေါ်ပေါက်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ အခုလို ချင်းပြည်နယ်တွင်း ပြင်းထန်လာနေတဲ့တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ချင်းပြည်သူတွေရဲ့ အခြေအနေကိုသိနိုင်ဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့တွေကို ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။ ချင်းပြည်နယ်တွင်း တိုက်ပွဲတွေပြင်းထန်လာနေတဲ့အတွက် တယ်လီဖုန်းလိုင်းတွေရော အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။

ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမှာ တိုက်ပွဲတွေ တကျော့ပြန်ပြင်းထန်
please wait

No media source currently available

0:00 0:03:49 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG