ချင်းပြည်နယ် ဟားခါးမြို့မှာ စစ်ကောင်စီနဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အောက်တိုဘာ၂၈ ရက်နေ့ ဟားခါးမြို့စွန်တိုက်ပွဲမှာတော့ စစ်ကောင်စီတပ်က ၁၀ ဦးကျဆုံး၊ ဗိုလ်မှူး တဦးအပါ ၄ ဦးကို ဖမ်းဆီးရမိတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ချင်းပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဒီရက်ပိုင်းတွေအတွင်း ချင်းပြည်နယ် ဟားခါးနဲ့ထန်တလန်ကြားလမ်းမှာ တိုက်ပွဲပြင်းထန်သလို ဟားခါးနဲ့ထန်တလန်မြို့ပေါ်တွေမှာလည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့တနင်္လာနေ့ နှစ်ရက်ဆက်တိုက် ဟားခါးမြို့ပေါ် မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက VOA ကို ပြောပါတယ်။
“တိုက်ပွဲကတော့ ဟားခါးမြို့ထဲမှာလည်း ဖြစ်တယ်။ ပြီးတော့ ထန်တလန်မြို့ထဲမှာလည်း ဖြစ်တယ်ပေါ့။ ဟားခါးမြို့ထဲမှာ အထက ၂ နေရာဖြစ်တယ်။ ပြီးတော့ ထန်တလန်ဘက်အသွား မြို့အစွန်မှာဖြစ်တယ်။ မနေ့ကတော့ ဟားခါးမြို့အစွန် တောင်ကုန်းတနေရာမှာ သူတို့စခန်းငယ်တခုကို ကျနော်တို့ ဝင်စီးနိုင်ခဲ့ တယ်ပေါ့။ သူတို့အင်အား ၁၅ ယောက်လောက်ပဲ ရှိတယ်ပေါ့။ အဲဒီမှာ ၄ ယောက် အရှင် ဖမ်းတယ်ပေါ့။ အဲဒီမှာ ဗိုလ်မှူးတယောက်ပါတယ်။ ၁၀ ယောက်ကတော့ တိုက်ပွဲမှာ ကျသွားတယ်ပေါ့။ တယောက်ကတော့ မတွေ့ဘူး။ လက်နက် ၁၅ လက်တော့ ရရှိတာပေါ့။”
တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်တပ်ကုန်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ပြန်ဆုတ်ခွာလာရတယ် လို့လည်း ပြောပါတယ်။ လက်နက်ကြီးကျည်အချို့ မြို့တွင်းကိုကျပြီး ဒေသခံတွေ ထိခိုက်တာရှိပေမဲ့ အတိအကျ မသိရသေးဘူးလို့ဆိုပါတယ်။ ဟားခါးတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် CNA နဲ့ ချင်း ဒေသကာကွယ်ရေးတပ် CDF တို့ပါတဲ့ ချင်းပြည်ကောင်စီအစိုးရတပ်က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိ ထန်တလန်ဘက်က စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းတပ်တွေကြား ဘတပြန်၊ ကျားတပြန် တိုက်ခိုက်နေရတဲ့အခြေအနေရှိကြောင်းလည်း ဆလိုင်းထက်နီက ပြောပါတယ်။
“ထန်တလန်မှာတော့ ၂ ဖွဲ့ လုံးနေတဲ့ အနေအထားမှာ ရှိတာပေါ့။ အဓိက,ကတော့ သူတို့ဘက်က အားသာချက်က ဟားခါးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ဒရစပ်ပစ်တယ်။ ပြီးတော့ ဂျက်ဖိုက်တာတွေ တော်တော်လေး အသုံးပြုတယ်ပေါ့။ အဲဒီမှာ ကျနော်တို့က စစ်ဆင်ရေးက ထင်သလိုတော့ မထိုးနိုင်တဲ့ အနေအထားမှာတော့ ရှိတာပေါ့နော်။ အခုက ကျနော်တို့ကမိုးတွင်း စစ်ဆင်ရေးက ကုန်ပြီ။ ဒါပေမဲ့ ပွင့်လင်းရာသီ စစ်ဆင်ရေးကတော့ ဆက်လက်ပြီးတော့ ပြင်းထန်လာမယ့်အနေအထားတော့ ရှိတာပေါ့။”
ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီစခန်း ၇ ခုရှိတဲ့အနက် ၅ ခုကို သိမ်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်း စစ်ကောင်ကရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်တင်းတိုက်ခိုက်တာတွေ ရှိတာကြောင့် စခန်းအချို့ လက်လွှတ်ရတာတွေလည်းရှိတယ်လို့ ပြောပါတယ်။ ဟားခါးမြို့ ဒေသခံတဦးကတော့ လွန်ခဲ့တဲ့ ၂ ရက်က တိုက်ပွဲဖြစ်ခဲ့ပေမဲ့ အောက်တိုဘာလ ၂၉ ရက်အင်္ဂါနေ့မှာ ဟားခါးမြို့တွင်း တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ပြောပါတယ်။
“မနေ့ကလည်း ဖြစ်တယ်။ တနေ့ကလည်း ဖြစ်တယ်။ အခု ဒီနေ့တော့ အေးသွားပြီ။ သင်္ချိုင်းကုန်းနားမှာ အဲလို ပြောနေကြတာ။ မြို့ ပြင်ဟုတ်တယ်။ ဘာမှမကြားဘူး ကျန်တာ။ ကျနော်တို့ အပြင်လည်း မထွက်ဘူးဆိုတော့။”
ဒေသတွင်း သတင်းမီဒီယာမှာကတော့ တနင်္လာနေ့တိုက်ပွဲမှာ လက်နက်ကြီးထိမှန်တာကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြပါတယ်။ ချင်းပြည်နယ်အတွင်းဖြစ်ပွားတဲ့တိုက်ပွဲသတင်းကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမတွေ့ရပါဘူး။
Forum