သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ် ကျီခါးမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့သိမ်းယူ


ချင်းပြည်နယ် တွန်းဇံမြို့နယ်ထဲက မြို့နယ်ခွဲဖြစ်တဲ့ ကျီခါးမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့။ (မေ ၁၉၊ ၂၀၂၄/ဓာတ်ပုံ-Tedim Times)
ချင်းပြည်နယ် တွန်းဇံမြို့နယ်ထဲက မြို့နယ်ခွဲဖြစ်တဲ့ ကျီခါးမြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့။ (မေ ၁၉၊ ၂၀၂၄/ဓာတ်ပုံ-Tedim Times)

ချင်းပြည်နယ် တွန်းဇံမြို့နယ်ထဲက စစ်ကောင်စီအထိုင်စခန်းနဲ့ ကျီခါးမြို့တို့ ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်တာတွေလည်းရှိခဲ့ပါတယ်။ တွန်းဇံမြို့နယ်တွင်း တိုက်ပွဲအခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေနဲ့တကွ ကျီခါးမြို့ကိုသိမ်းပိုက်နိုင်ဖို့ အခုလ ၁၅ ရက်နေ့ကတည်းကစပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ကြိုးပမ်းနေခဲ့တာပါ။ တိုက်ခိုက်ပြီး ၅ ရက်မြောက် မေလ ၂၀ ရက်မှာတော့ တွန်းဇံနဲ့ ကျီခါးကို ထိန်းချုပ်နိုင်ပြီလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ကျီခါးမြို့ကိုတော့ လုံးဝသိမ်းယူထားနိုင်ပြီလို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဗွီအိုအေကို ပြောပါတယ်။

"တွန်းဇံမြို့နယ်ထဲက ကျီခါးနဲ့ ကျနော်တို့ ဒီလ ၁၅ ရက်ကနေ စခန်းသိမ်း စစ်ဆင်ရေးလုပ်တာ ကျီခါးကတော့ မနေ့က ကျနော်တို့လက်ထဲ အားလုံး ရောက်သွားတာပေါ့။ စခန်းအပါအဝင် ကျီခါးကတော့ စစ်ကောင်စီကင်းစင်သွားပြီလို့ ပြောလို့ရတယ်။ တွန်းဇံမြို့ကတော့ အထိုင်တပ်ကုန်းနဲ့ ရဲစခန်းကတော့ ကျနော်တို့ သိမ်းပြီးပြီ။"

တွန်းဇံမြို့ စစ်ကောင်စီ တပ်အထိုင်စခန်းတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေတိုက်ခိုက်နေချိန် ကျီခါးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ တွန်းဇံမြို့ကို ပူးပေါင်းသွားခဲ့ကြတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်တာကြောင့် စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်လို့ သိရပါတယ်။ တွန်းဇံမြို့စစ်ကောင်စီ အထိုင်စခန်းကနေဆုတ်ခွာသွားတဲ့ စစ်သားတွေဟာ မြို့ထဲ အချို့နေရာတွေမှာ ရှိနေတယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။

"တိုက်ပွဲက သူတို့အင်အားတော့နည်းတယ်။ ဒါပေမယ့် ဂျက်ဖိုက်တာ ဗုံးကြဲမှုက တော်တော်တော့များတယ်။ အဲ့ဒါကြောင့် ကျနော်တို့က ထင်သလောက် နယ်မြေရှင်းလင်းရေး မလုပ်နိုင်ခဲ့တာဖြစ်တယ်။တွန်းဇံစခန်းကို တိုက်တော့လည်း လက်နက်ပါပြီးတော့ သူတို့ စခန်းကနေထွက်ပြီးတော့ အခု မြို့ထဲမှာ နေရာကောင်းတဲ့နေရာတွေ၊ လုံခြုံတဲ့နေရာတွေ ပြန်ယူနေတယ်ဆိုတော့ စခန်းသိမ်းပေမယ့် မြို့ထဲမှာ လက်နက်သိမ်းဆည်းမှုတွေဘာတွေ အခုထိ ဘယ်လိုဆက်ဖြစ်နေမလဲဆိုတာ မြေပြင်သတင်းအရ အခုထိ မသိရနိုင်သေးဘူးပေါ့။"

တွန်းဇံမြို့နဲ့ ကျီခါး တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။ လက်ရှိအားဖြင့် ချင်းပြည်နယ်ထဲက မြို့နယ် ၉ မြို့ထက်မနည်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG