သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တီးတိန်နဲ့ ကလေးမြို့တွေမှာ တိုက်ခိုက်မှုတွေဖြစ်ပွား


ချင်းပြည်နယ် တီးတိန်မြို့
ချင်းပြည်နယ် တီးတိန်မြို့

ချင်းပြည်နယ် တီးတိန်မြို့ သိုင်းငင်းကျေးရွာမှာ တပ်စွဲ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် တီးတိန်က ဒီကနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ ကလေးမြို့မှာလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၁ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေးတင်းမာနေတဲ့ တီးတိန်နဲ့ ကလေးဒေသဘက်က နောက်ဆုံး အခြေအနေတွေကို ကိုခင်မောင်စိုးမင်းက စုစည်းတင်ပြပေးပါမယ်။

ချင်းပြည်နယ် တီးတိန်မြို့ တီးတိန်နဲ့ ဖလမ်းမြို့လမ်းခွဲဖြစ်တဲ့ သိုင်းငင်းကျေးရွာလမ်းခွဲမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဇူလိုင် ၁၁ ရက် ဒီကနေ့ မနက်ပိုင်းမှာပဲ တီးတိန် ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ နာရီတော်တော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဘက်က ၄ ဦး ကျဆုံးခဲ့ပြီး စစ်တပ်ဘက်ကလည်း အထိနာခဲ့တယ်လို့ တီးတိန်ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“၄ နာရီခွဲလောက်ပေါ့နော်။ မနက်ပိုင်းကဖြစ်တာ။ main လမ်းမပေါ့။ တီးတိန်နဲ့ဖလမ်း လမ်းခွဲ main လမ်းမပေါ်မှာ သူတို့က အဓိက အချက်အချာကျတဲ့ ကုန်းပေါ်မှာ တပ်စွဲထားတာပေါ့။ စဉ်းစားထားတာတော့ သိမ်းဖို့ပေါ့နော်။ အခြေအနေ ကိုယ့်ဘက်က လုံလောက်မှု မရှိတဲ့အတွက်ကြောင့် ကျနော်တို့ အခုတော့ ပြန်ဆုတ်လိုက်ရတယ်။ ရဲဘော်က ၄ ယောက်ကျသွားတယ်ပေါ့နော်။ ဒဏ်ရာ နည်းနည်းပါးပါး ရတဲ့သူတွေလည်း ရှိတယ်။ ပြင်းထန်တဲ့ အခြေအနေလို့ ပြောရမှာပေါ့။ သူတို့ဘက်ကလည်း အထိနာလို့ရှိမယ်။ ဘယ်လောက်ကျမယ် ဆိုတာတော့ ပြောမရသေးဘူး။ သူတို့လည်း တော်တော်လည်း အထိနာခဲ့တယ်။”

သိုင်းငင်း စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ တိုက်ပွဲဖြစ်တဲ့နေရာတွေကို ကလေးမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လေကြောင်းကနေလည်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

သိုင်းငင်းလမ်းခွဲဟာ တီးတိန်မြို့ရဲ့ လမ်းပန်းဆက်သွယ်ရေးအပြင် ကုန်စည်စီးဆင်းမှုတွေမှာပါ အရေးပါတဲ့ နေရာဖြစ်ပြီး တီးတိန်မြို့ကနေ ဖလမ်းမြို့နဲ့ ကလေးမြို့တို့ကို အဓိက ဆက်သွယ်ထားတဲ့ လမ်းခွဲလည်း ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ စစ်တပ်က အခိုင်အမာ တပ်စွဲထားပြီး ယာဉ်နဲ့ ကုန်ပစ္စည်း သယ်ယူတာတွေ အပေါ်မှာ ငွေကြေးတောင်းခံတာတွေ လုပ်နေတာကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ကုန်ပစ္စည်းတွေနဲ့ ယာဉ်တွေကို ငွေကြေးကောက်ခံတာတွေကြောင့် သယ်ယူစရိတ် မြင့်မားလာပြီး ကုန်စည်ဈေးနှုန်းတွေ တက်လာတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။

ဒီအတောအတွင်း ကလေးမြို့မှာတော့ တာဟန်းရပ်ကွက်မှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ လူ ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ မောင်နှမ ၂ ယောက်ကို ထိမှန်ခဲ့တာ ဖြစ်ပြီး အမဖြစ်သူကတော့ နေရာမှာတင် သေဆုံးသွားတယ်လို့ အဲ့ဒီအခြေအနေကို သိရှိသူ တဦးက အခုလို ပြောပါတယ်။

“လက်နက်ကြီး သူတို့ ရမ်းပစ်ရင်နဲ့ ကလေးမြို့ ၊ တာဟန်းရပ်ကွက်က မောင်နှမ ၂ ယောက်ထိထားတယ်။ အစ်မက ပွဲချင်းပြီးဆုံးသွားတယ်။ မောင်ကကျတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်။”

စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ကလေးမြို့မှာရှိတဲ့ အစိုးရ နည်းပညာကျောင်းမှာ တပ်စွဲထားပြီး တာဝေးပစ်နိုင်တဲ့ လက်နက်ကြီးတွေ တပ်ဆင်ထားသလို အဲ့ဒီနေရာကနေ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ကလေးမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းအပြင် ဖလမ်းနဲ့တီးတိန်မြို့နယ် တွေအထိပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ဒီလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် လူနေအိမ်တွေအပေါ် ကျရောက်ပေါက်ကွဲတာ၊ စစ်ဘေးရှောင်တွေ ရှိတဲ့နေရာတွေအနီး ကျရောက်ပေါက်ကွဲတာတွေကြောင့် လက်နက်ကြီးအစမှန်ပြီး ဒေသခံတွေ မကြာခဏ သေဆုံးတာတွေလည်း ရှိပါတယ်။ ကလေးမြို့က နောက်ဆုံး အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန် ပြောဆိုတာ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG