သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ဖလမ်း၊တီးတိန်နဲ့တွန်းဇံမှာ ကုန်စည်ပြတ်လပ်


ချင်းပြည်နယ်တနရော (ဓာတ်ပုံ- courtesy)
ချင်းပြည်နယ်တနရော (ဓာတ်ပုံ- courtesy)

ချင်းပြည်နယ်ထဲက ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေချိန်မှာ အဓိကဆက်သွယ်လမ်းကြောင်း ပိတ်ဆို့နေတာကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေပါတယ်။ ကုန်ဈေးနှုန်းတက်ပြီး ပစ္စည်းတွေပြတ်လတ်နေတာကြောင့် ဒေသခံတွေစားသောက်နေထိုင်ရေး အခက်တွေ့နေပါတယ်။ ချင်းပြည်နယ်ဘက် နောက်ဆုံးသိရတဲ့ အခြေအနေတွေအကြောင်း ရန်ကုန်ကပေးပို့လာတဲ့သတင်းကို ကိုအောင်မြတ်သူပြောပြမှာပါ။

ချင်းပြည်နယ်ထဲက ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်တွေဘက်မှာ ဇန္နာဝါရီ ၈ ရက်နေ့ကစလို့ ဒေသခံချင်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပြင်းထန်လာနေတာပါ။ စစ်ရေးတင်းမာနေတာနဲ့အမျှ ကုန်စည်စီးဆင်းရာ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ် ဖလမ်း တီးတိန် တွန်းဇံ မြို့နယ်တွေဘက်ကို သွားတဲ့ကားလမ်းလဲ ပိတ်ပင်သွားတာ ဒီနေ့ ဇန်နဝါရီလ ၁၇ ရက်ဆိုရင် ၅ ရက်ရှိနေပါပြီ။ အသွားအလာရပ်ဆိုင်းနေတဲ့အတွက် ကုန်စည်စီးဆင်းမှုပါ ရပ်တံ့ပြီး ကုန်ဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာနေတယ်လို့ တွန်းဇံမြို့ခံ ကိုဆလိုင်း ပီတာ ကပြောပါတယ်။

“ အခု ဆန် ကုန်ဈေးနှုန်းကတက်နေတယ်။ အဲတာပြည်သူလူထုက တော်တော်စိတ်ပူနေကြတယ်။ ကလေးကနေကား တက်လို့မရဘူးဆိုတော့။ ကုန်စည်ကတော့တက်နေတယ်။ ဆန်တအိတ်က ငါးသောင်းကျော်ရှိတယ်။ အိတ်က (၃) ပုံး ပေါ့။ တတင်းခွဲပေါ့။ ဆီက တပိသာကို ၉၀၀၀ ကျပ်၊ စက်သုံးဆီက တဂါလံက ၈၀၀၀ ကျပ်။ ထပ်တက်ဦးမှာ။ အခုကလေးနဲ့ သိုင်းငင်းကြားမှာ ပစ်ကြတယ်ဆိုတော့ ထပ်တက်ဦးမှာ။ ”

စစ်ကိုင်းတိုင်းဘက်ကနေ ချင်းပြည်နယ် ဖလမ်း၊ တွန်းဇံ၊ တီးတိန်ဘက်ကို ကုန်စည်တွေ အဓိကဝင်ရောက်တဲ့ ကားလမ်းပိတ်နေတာ ရက်ကြာရှည်လာမယ်ဆိုရင် ဒေသခံတွေအတွက် အခက်ခဲရှိလာတယ်လို့ တီးတိန်မြို့ခံတဦးက ပြော ပါတယ်။

“ အခုတောင်မှ လမ်း(၅)ရက်လောက် ပိတ်တဲ့အခြေအနေမျိုးမှာ ဒီလိုမျိုးအခက်ခဲကြုံတယ်ဆိုတော့။ ကျန်းမာရေး အတွက် ကလေးကိုဆင်းမဲ့သူတွေရော။ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော် ခရီးသွားနေတဲ့ပြည်သူတွေက သူတို့ရဲ့ နေရပ်ကို ပြန်မလာနိုင်ကြဘူး။ ဆိုတော့အခက်ခဲမျိုးကြုံရတယ်ပေါ့နော်။ အခုဆက်ပြီးတော့မှ ဒီလိုမျိုးလမ်းပိတ်တာ ဒီထက်အချိန်ကြာလာရင်တော့ ဒီပစ္စည်းလေးတွေက ဈေးတက်ယုံမကဘဲ သူတို့ရဲ့စားရေး သောက်ရေး တော်တော်တွေနဲ့ အဆင်မပြေဖြစ်လာမဲ့အခြေအနေမျိုးမှာရှိတယ်။”

တီးတိန်မြို့နယ်နဲ့ အခြားဒေသတွေမှာ ဒေသခံပြည်သူတွေအနေနဲ့အစာရိက္ခာတွေကို ကြိုတင်သိုလှောင်ထားကြဖို့နဲ့ ကုန်ကူး သန်းရောင်းဝယ်သူတွေအနေနဲ့ ပုံမှန်ဈေးနှုန်းအတိုင်းသာရောင်းချဖို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် People Defense Army အဖွဲ့ကနေ အသိပေးကြေညာထားပါတယ်။

အင်အားအများအပြားနဲ့ ကလေးမြို့ကနေ ချင်းပြည်နယ်ဘက်ကိုသွားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ ဒေသတွင်း တိုက်ပွဲဖြစ်ပွါးနေပါတယ်။ ဇန်နဝါရီလ ၁၅ ရက်ကနေ ဒီနေ့ ၁၇ ရက်နေ့အထိ ဖလမ်းမြို့နယ်ဘက်မှာဖြစ်နေတဲ့ တိုက်ပွဲအခြေအနေတွေကို ချင်းအမျိုးသားကာကွယ်ရေး CNDF အဖွဲ့တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ဒီနေ့က (၁၇)ရက်နေ့က မနက်ပိုင်း (၉)နာရီ (၁၀)နာရီကနေ အဲဒီအချိန်လောက် တိုက်ပွဲတခါပြန်ဖြစ်တယ်။ အဲတာက လာသီးမြစ်တဝိုက်မှာ သူတို့တခေါက်ပြန်ဖြစ်တော့ သူတို့ဘက်က(၆)ယောက်ကျတယ်လို့ပြောတယ်။ ကျွန်တော်တို့ဘက်ကတော့ တယောက် လက်နက်ကြီးဒဏ်ရာရတာပေါ့နော်။ (၁၅)ရက်နေ့မှာ သူတို့က ဘားတံတား ကနေ ကလေးမြို့ဘက် ပါလ်သဲ ကနေ အဲဒီဘက်တွေကိုတက်လာပြီးမှ (၁၅)ရက်နေ့က မနက်(၇)နာရီလောက်က ကျွန်တော်တို့တိုက်ပွဲပြန်ဖြစ်တယ်။ အဲဒီမှာ ယောက်ကျတယ်လို့။ (၁၆) ရက်နေ့မနက်မှာ တိုက်ပွဲပြန်ဖြစ်တယ်။ အဲဒီပါလ်သဲအနီးနားတဝိုက်ဘဲ။ ”

၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုရှိနေတယ်လို့ CNDFအဖွဲ့ တာဝန်ရှိသူက ပြောပေမဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။ တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာနဲ့ ဟိန်ဇိန်ကျေးရွာနားမှာ ဇန်နဝါရီ ၁၅ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ချင်းကာ ကွယ် ရေးပူးပေါင်းတပ်တို့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့တိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသား ကာကွယ်ရေး အဖွဲ့တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“ (၁၅)ရက်နေ့မှာ သူတို့လေယာဉ်နှစ်စင်းနဲ့လာတိုက်တယ်။ တော်တော်ပြင်းထန်တယ်။ သူတို့လေယာဉ်နှစ်စင်းနဲ့ တိုက်တော့ ကျွန်တော်တို့ဘက်က ၇ယောက် ဒဏ်ရာရတာပေါ့နော်။ ၄ ယောက်ကတော့ပြင်းထန်တယ်။ တယောက်ကတော့ ဆုံးသွားတယ်။ ၃ ယောက်ကိုတော့ ကျွန်တော်တို့ အိန္ဒိယပို့လိုက်တယ်။ ”

လက်ရှိ ကလေးမြို့နဲ့ချင်းပြည်နယ်ဆက်သွယ်ရေးလမ်းဖြစ်တဲ့ တီးတိန်မြို့နယ် သိုင်းငင်းလမ်းဆုံဘက်မှာ နှစ်ဖက် တပ်တွေ နယ်မြေစိုးမိုးနိုင်ရေးအတွက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေစဲလို့ သူကပြောပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တီးတိန်မြို့နယ် သိုင်းငင်းလမ်းဆုံဘက်မှာ တိုက်ပွဲဖြစ်ပွါးတာ မကြားသေးဘူးလို့ ပြောပါတယ်။

“ ဒီမနက်တော့မသိသေးဘူး။ မနေ့ကတော့ မနက် ၁၀ နာရီလောက်မှာတော့ အဲဒီဖလမ်းဖြစ်ရပ်ဘက်မှာတော့ ကျွန်တော်တို့ ဘားတံတားမြောက်ဘက် မီတာ ၄၀၀၀ လောက်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကြောင်း ကိုတော့ PDFအကြမ်းဖက်(၈၀)လောက်က ပစ်ခတ်ခဲ့တာရှိတယ်။ ကျွန်တော်တို့ဆီကတော့ ဒဏ်ရာရတဲ့ စစ်သည်တချို့ရှိပါတယ်။ ဟိုဘက်ကလဲကျွန်တော်တို့ လက်နက်တချို့ရလိုက်တာရှိပါတယ်။ ”

တွန်းဇံမြို့နယ်မှာတော့ လက်ရှိတိုက်ပွဲငြိမ်သက်နေပေမဲ့ ဇန်နဝါရီ ၁၃ ရက် မနက်ပိုင်းက ချင်းပူးပေါင်းတပ်ဖွဲ့တွေနဲ့ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် နယ်စပ်အခြေပြု ခွဲထွက်ရေး ကသည်းသူပုန်တပ်ဖွဲ့တို့ စဲနမ်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွါးခဲ့ကြပါတယ်။

ချင်းပြည်နယ် ဖလမ်း တီးတိန် တွန်းဇံမြို့နယ်တွေဘက်မှာ ချင်းပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့CNDF၊ ကလေးPDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ချင်းအမျိုးသားတပ်ဦးCNF PDF Zoland၊ CDM Siyin၊ Zogam Army အစရှိတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်အကြားတိုက်ပွဲဖြစ်ပွါးနေတာပါ။ လက်ရှိ တီးတိန်၊ တွန်းဇံ၊ နဲ့ ဖလမ်းမြို့နယ်တွေမှာ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက ရွာသား ၂၀၀၀ ကျော် စစ်ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

........................................................................................

တိုက်ရိုက် လင့်ခ်

















XS
SM
MD
LG