၂၀၀၈ ခုနှစ်က ကွယ်လွန်သွားခဲ့တဲ့ မန္တလေးမြို့က စာရေးဆရာ၊ သတင်းစာ ဆရာမကြီး လူထုဒေါ်အမာရဲ့ နှစ် ၁၀၀ ပြည့်မွေးနေ့ အခမ်းအနား မန္တလေးမြို့မှာ ကျင်းပနေပါတယ်။ ဒီလို မွေးနေ့ ရာပြည့် အခမ်းအနား ကျင်းပနေချိန်ဟာ လူထုဒေါ်အမာ နှစ်ပေါင်းများစွာ စောင့်စားခဲ့တဲ့ အပြာင်းအလဲနဲ့ ငြိမ်းချမ်းရေး ရည်မှန်းချက် လက်တွေ့ အကောင်အထည်ပေါ်တော့ မလား ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်မားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ လူထုဒေါ်အမာ မကွယ်လွန်ခင် လပိုင်းအလို၊ တယ်လီဖုံးနဲ့ ဆက်သွယ် မေးမြန်းခဲ့တဲ့ ပြောကြားချက်တချို့ကို စုစည်းပြီး ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
"အမေ့မွေးနေ့က နက်ဖြန်ခါ ၉၂ နှစ်ပြည့်မှာကွ၊ ဘာမှ ခမ်းခမ်းနားနားလုပ်တာ မရှိပါဘူးကွာ၊ နှစ်တိုင်းလိုပါပဲ၊ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးမှာပါ။"
၂၀၀၇ ခုနှစ် နိုင်ဝင်ဘာလ ၂ဂ ရက်နေ့၊လူထုဒေါ်အမာရဲ့ ၉၂ နှစ်ပြည့် မွေးနေ့ မတိုင်ခင်တရက်အလို၊ သူနဲ့ ဆက်သွယ် စကားပြောဖြစ်တဲ့ အချိန်က နောက်နေ့ ကျရောက်မယ့် သူ့မွေးနေ့အကြောင်းကို ပြောသွား ခဲ့တာပါ။ အဲဒီ မွေးနေ့ အခမ်းအနားဟာ လူထုဒေါ်အမာ ထင်ရှိထင်ရှား ရှိနေခဲ့တဲ့ နောက်ဆုံး မွေးနေ့ အခမ်းအနားလည်း ဖြစ်ခဲ့ပါတယ်။
သူ့မွေးနေ့ဆိုရင် သူကိုချစ်တဲ့၊ သူ့စာတွေကို တန်ဘိုးထားတဲ့စာပေ အပေါင်းအသင်းတွေ မန္တလေးမှာ ဆုံတွေ့လေ့ရှိတဲ့ အစဉ်အလာကြောင့် ဧည့်သည်တွေရော စုံနေပြီလားလို့ မေးဖြစ်ခဲ့ပါတယ်။
"ဧည့်သည်တွေ ရောက်တယ်တော့။ ရန်ကုန်က မိတ်ဆွေတွေလေ၊ အမေကလေ အများ မေတ္တာ စေတနာနဲ့ အခုလို အသက်ရှည်တယ်ဆိုပြီး ဝမ်းသာပြီး သာဓုခေါ်နေပါတယ်။"
၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မွေးဖွားခဲ့သူ၊ မွေးချင်း ၁၂ ယောက်ထဲက စတုထ္ထသမီး ငယ်နာမည် အမာ၊ လူထုဒေါ်အမာ ဟာ ဗုဒ္ဓသာသာနာ့၊ နဂ္ဂဟကျောင်း၊ အမျိုးသမီးနေရှင်နယ်ကျောင်း၊ ABM (American Baptist Mission School)၊ မန္တလေး ဗဟို အမျိုးသားကျောင်းနဲ့ မန္တလေး ဥပစာကောလိပ်တွေမှာ ငယ်စဉ်က ပညာဆည်းပူးခဲ့သူပါ။
၁၉၃၆ ခုနှစ် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်တဲ့ အချိန်၊ ဒုတိယကျောင်းသား သပိတ်ကြီးမှာ ပါဝင်ရင်း၊ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲတွေကြား အင်းယျားဆောင် သဟာရနဲ့ စာဖတ်အသင်း၊ အတွင်းရေးမှူး အမာ၊သိပိတ်မှောက်ကျောင်းသူ အမာရယ်လို့ လူသိများခဲ့တာပါ။ ဒေါ်အမာနဲ့ ပတ်သက်လို့ ၂၀၁၃ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာ အခုလို ပြောခဲ့ဘူးပါတယ်။
“၁၉၃၅-၃၆ ကျောင်းသား သပိတ်မှာ စပြီး ဒေါ်အမာကို ကျနော် မြင်ဖူးတာပါ။ အဲဒီ
အချိန်တုန်း က ကျနော် ဆယ်တန်းကျောင်းသားပဲ ရှိပါသေးတယ်။ ဂျူဗလီဟောမှာ
ကျင်းပတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းရေးညီလာခံမှာ
ဒေါ်အမာ အဆိုတရပ ်တင်တယ်။ အဲဒီကစပြီး သူ့ကို တွေ့ဖူးတာပဲ။”
၁၉၃၈ ခုနှစ်မှာ Maurice Collis ရေးတဲ့ Trials in Burma ကို မြန်မာပြည်တွင် စစ်ဆေးခဲ့သော မှုခင်းများဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါ်အမာ ဘာသာပြန်ခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ကြီးပွားရေး လူထုဦးလှနဲ့ လက်ထပ်ခဲ့ပြီးတဲ့ နောက် ၁၉၄၅ ခုနှစ်၊ လူထုဂျာနယ်၊ ထုတ်ဝေတဲ့အခါ လက်ထောက် အယ်ဒီတာ၊ နောက် ၁၉၄၆ လူထုသတင်းစာ ထုတ်ဝေတဲ့အခါ အယ်ဒီတာ အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။
သတင်းစာဆရာ၊ စာရေးဆရာ တယောက်အနေနဲ့ အစိုးရအုပ်ချုပ်သူ အဆက်
ဆက်ရဲ့ အငြိုအငြင်တွေကိုလည်း ခံခဲ့ရသလို၊ မိသားစုတွေ အကွဲကွဲအပြားပြားဖြစ်၊ ခင်ပွန်းဖြစ်သူ လူထုဦးလှ ပုဒ်မ ၅ နဲ့ အဖမ်းခံခဲ့ရတဲ့ အချိန်တွေမှလည်း လူထု သတင်းစာခေါင်းကြီးတွေကို တာဝန်ယူရေးသားခဲ့ပါတယ်။
"အမေတို့ခေတ်တုန်းကလေ ပြည်သူတွေဘက်က ရပ်တည်တဲ့ သတင်းစာမှန်ရင် ပြည်သူတွေမှာ ဘာဖြစ်နေသလဲ၊ ဘာတွေလိုအပ်နေသလဲ၊ ဘာတွေ ခံစားနေရသလဲ အဲဒါတွေကို အကုန်လုံးဖေါ်ထုတ်ရေးသားခွင့်ရှိတယ်။ ပြီးတော့ ဘယ်လိုလုပ်ပေးမှာ၊ ဘယ်လိုဆောင်ရွက်ပေးပါ ဆိုတာလည်း အကြံဉာဏ်ပေးခွင့်ရှိတယ်။ အခု ဒါမျိုးတွေ ရေးလို့မှ မရဘဲ။"
လူထု သတင်းစာတိုက်ရဲ့ သမိုင်းကြောင်းတွေကပဲ လူထုဒေါ်အမာတို့ မိသားစုရဲ့ သမိုင်း၊ မန္တလေးရဲ့ သတင်းစာနဲ့ အမျိုးသားလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားမှု သမိုင်းလို့ ခိုင်းနိုင်းပြော ပြသူတွေ ရှိပါတယ်။ ၁၉၄၉ ခုနှစ်ကဆိုရင် လူထုသတင်းစာနဲ့ ကြီးပွားရေးပုံနှိပ်စက်တွေ ရှိတဲ့ အဆောက်အအုံ ကို ဖေါက်ခွဲ တိုက်ခိုက် ခံခဲ့ရဘူးပါတယ်။
ခင်ပွန်းဖြစ်သူအပြင်၊ သူကိုယ်တိုင်လည်း အထိမ်းသိမ်းခံရတာတွေ ရှိသလို၊ နောက်ပိုင်း သတင်စာတိုက် ချိပ်ပိတ်ခံရတာ၊ နောက် သားဖြစ်သူ ဗဟာပြည်ကွန်မြူနစ်ပါတီကို တောခိုခဲ့တဲ့ အကြီးဆုံးသား ကိုစိုးဝင်း တောထဲမှာပဲ ကွန်လွန်သွားခဲ့တဲ့ သမိုင်းတွေလည်း ရှိခဲ့ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးရပြီး ခရီးကြမ်းမှာ ခံနိုင်ရည်အပြည့်နဲ့ မားမားမတ်မတ်ရပ်ခဲ့သူ အဖြစ် ဂုဏ်ပြုပြောခံရတဲ့ စာရေးဆရာ၊ သတင်းစာ ဆရာ၊ အမျိုးသမီးကြီးကို သူ့ဘဝမှာ ဘယ်အချိန်တွေ ပျော်ခဲ့ဘူးသလဲလို့ မေးကြည့်မိပါတယ်။
"ဟင်းဟင်း၊ အမေပြန်စဉ်းစားကြည့်တော့လေ၊ ဟို သတင်းစာထုတ်နေတဲ့ ကာလကပဲ စိတ်ချမ်းသာ သလား မပြောတတ်ဘူး။"
၁၉၆၄ ခုနှစ်မှာ ပြည်သူချစ်သော အနုပညာသည်များစာအုပ်နဲ့ စာပေဗိမာန် အနုပညာစာပေဆု ရရှိခဲ့ပါတယ်။ သတင်းစာဆရာမတဦးအနေနဲ့ ဆိုဗီယက် ရုရှား၊ ချက်ကိုစလို ဗက်ကီးယာ၊ အရှေ့ဂျာမဏီ၊ တရုတ်နိုင်ငံတွေကို သွားရောက်လေ့လာခဲ့ပါတယ်။ ဆိုရှယ်လစ်တိုင်းပြည်များသို့ ဆိုတဲ့စာအုပ်မျိုးအပြင်၊ Edgar Snow ရေးတဲ့ The Other Side of the River ကို ဘဝချင်းမတူသည့် တရုပ်ပြည်ဆိုပြီး သဘာသာပြန်ခဲ့တာ၊ ရွှေဒေါင်းတောင်ဆောင်းပါးတွေနဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာအုပ်ထုတ်ဝေခဲ့တာ၊ နောက်ပိုင်း ရတပုံ မန္တလေး၊ ကျမတို့ မန္တလေး ဆိုတဲ့ စာအုပ်တွေ၊ ထိုင်းဝထ္ထုတိုတွေ၊ နိုင်ငံတကာ ဆောင်းပါးတွေ အများအပြား ရေးသားခဲ့သူပါ။
ဒေါ်အမာဟာ သတင်းစာဆရာမကြီး တယောက်အနေနဲ့ တိုးတက်တဲ့ နိုင်ငံရေးအယူဆရှိသူ၊ လူထုဘက်က ရပ်တည်ပြီး အတိုက်အခံအဖြစ် အမြဲတစေရပ်တည်ခဲ့သူလို့ သူနဲ့ နီးစပ်သူတွေ ပြောလေ့ရှိပါတယ်။ ၁၉၇၈ ခုနှစ်ကဆိုရင် ခင်ပွန်းဖြစ်သူ လူထုဦးလှ၊ သား ကိုငြိမ်းချမ်းတို့နဲ့အတူ သူကိုယ်တိုင် အထိမ်းသိမ်းခံခဲ့ရဘူးပါတယ်။ အာဏာပိုင်တွေ ဘက်က မလိုမကျခဲ့တဲ့အတွက် သူ့စာတွေ ပိတ်ပင်ခံခဲ့ရတာ၊ ဖြတ်တောက်ခံခဲ့ရတာတွေလည်း အများကြီးရှိခဲ့ပါတယ်။
သူမကွယ်လွန်ခင် လပိုင်းအလို၊ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ဝန်းကျင်က မြန်မာနိုင်ငံ အစိုးရထုတ် သတင်းစာတွေမှာ သူ့ကို ဝေဖန်၊ ထိုးနှက်တဲ့ ဆောင်းပါးတချို့ ဖေါ်ပြနေခဲ့ပါတယ်။ အဲဒီအချိန် စစ်အစိုးရကို ဖေဝန်သူတွေ နှစ်ရှည် ထောင်ဒဏ်တွေ ကျခံနေရတဲ့အချိန်မို့ ထပ်ပြီး အထိန်းသိမ်းခံရမှာကို မစိုးရိမ်ဘူးလားလို့ မေးဖြစ်ခဲ့ပါတယ်။
"မပြောနိုင်ဘူး ဘာမှတော့ ဒါပေမယ်လို့ အမေက အသက်ကကြီးလှပြီ ဟုတ်လား၊ လူကလည်း ကောင်းကောင်း သွားနိုင် လာနိုင်တာမှ မရှိတော့ဘဲ၊ ဒါကြောင့် မဖမ်းတာ ထင်တာပဲ။"
ကဗျာဆရာ မောင်သင်းခိုင်ကတော့ အမေဟာ ပင်လယ်ပါ၊ လူထုကတော့ လှော်ခတ်နေတဲ့ လှေတွေပါလို့ ပြည်သူချစ်သော သူရဲကောင်း ကဗျာမှာ တင်စားခဲ့ဘူးပါတယ်။ သားသေ လင်ဆုံးပေမယ့်၊ဘဝကို အရှုံးမပေးခဲ့သူ၊ ယုံကြည်ရာကို ခိုင်ခိုင်မာမာ ရပ်တည်သူတယောက် အဖြစ် တခြား ကဗျာဆရာ၊ စာရေးဆရာတွေ ဒေါ်အမာကို ဂုဏ်ပြုခဲ့ပါတယ်။
ဒါပေမယ့်လည်း မိသားစုတွေ တကွဲတပြားဖြစ်၊ နှစ်ရှည်ထောင်ဒဏ်တွေ နဲ့ ပေးဆပ်မှုတွေသက်သက် နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့တဲ့ ဒီမိုကရေစီ ခရီးမှာ၊ တိုင်းပြည်အတွက် အကောင်းမြင် မျှော်လင့်ချက် ရှိပါသေး သလားဆိုပြီး သူမကွယ်လွန်ခင် လပိုင်းအလိုက မေးဖြစ်ခဲ့ပါတယ်။
"အကောင်းဘက်ကတော့ အမေက မျှော်လင့်တယ်။ အမေတို့ တခုခု အပြောင်းအလဲတော့ ဖြစ်ခါနီးပြီလို့လေ။ ဒါပေမယ့် ဒီအတိုင်းကြီးတော့ ဖြစ်လာမှ မဟုတ်ဘူး သားရဲ့၊ လုပ်ကြရဦးမှာပဲ။ တို့ ဗမာတွေ အချင်းချင်း နားလည်မှုနဲ့ လက်တွဲပြီးတော့ တယောက်တယောက် သည်းညည်းခံပြီးတော့ သွားကြရမှာပဲလို့ အမေက အောက်မေ့တာပဲ။"
တခါက လူထုဒေါ်အမာ ပြောခဲ့ဘူးတဲ့ စကားတွေပါ။၂ဝဝ၈ ခု ဧပြီ ၇ ရက် အသက် ၉၃ နှစ်အရွယ်မှာ လူထုဒေါ်အမာ ကွယ်လွန်ခဲ့ပါတယ်။ သူချစ်တဲ့ မန္တလေး၊ သူတန်ဘိုး ထားတဲ့ စာပေ၊ သူမျှော်လင့်တဲ့ မြန်မာပြည် အနာဂတ် အားလုံးကို စွန့်ထားခဲ့ပါတယ်။ မန္တလေးရဲ့ ယာဉ်ကျေးမှုနဲ့ မဟာတံတိုင်းကြီး တချပ် ပြိုကျခဲ့တဲ့ အချိန်လို့တောင် ကဗျာဆရာတချို့ ခိုင်းနိုင်း တင်စားခဲ့ပါတယ်။ အခု သူ့မွေးနေ့ နှစ်တရာပြည့် အခမ်းအနားတွေ ကျင်းပနေချိန် ဟာ မြန်မာပြည်မှာ နှစ်ပေါင်းများစွာ စောင့်ခဲ့ကြတဲ့ အပြောင်းအလဲတွေ အမှန်တကယ် ပေါ်လာတော့မလား မျှော်လင့်ချက်တွေ မြင့်မားနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
Your browser doesn’t support HTML5