မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေပြီးတော့ နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းဘဏ်တွေလိုပဲ ဘဏ် လုပ်ငန်း ဝန်ဆောင်မှုတွေ တိုးချဲ့ခွင့်ပြုလိုက်ပါတယ်။ အခုလို ခွင့်ပြုလိုက်တာနဲ့ပက်သက်ပြီး ဘဏ် လုပ်ငန်း သုံးသပ်သူတချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ကြိုဆိုကြပေမယ့် နိုင်ငံတကာ ဘဏ်တွေ ဆီက ချေးငွေ လွယ်လွယ်ကူကူ ရနိုင်မှာမဟုတ်ဘူးလို့လည်း သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။
ဗဟိုဘဏ်ကနေပီးတော နိုင်ငံခြားဘဏ်ခွဲတွေကို ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေအတွက် ဘဏ် လုပ်ငန်း ဝန်ဆောင်မှုတွေ တိုးချဲ့ခွင့်ပြုလိုက်ကြောင်းကို မနေ့က နိုဝင်ဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ဘဏ်ခွဲများအား ဘဏ်ခွဲလိုင်စင် ထုတ်ပေးရာ မှာ နိုင်ငံခြား ကုမ္ပဏီ/လုပ်ငန်းများ၊ ပြည်တွင်း/နိုင်ငံခြား ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ပြည်တွင်း ငွေရေးကြေးရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ပြည်တွင်း ကုမ္ပဏီ/လုပ်ငန်းများအတွက် လက်ကား ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။
အခုလို ခွင့်ပြုလိုက်ခြင်းကို ကြိုဆိုပေမယ့် ပြည်တွင်းဘဏ်တွေလို ချေးငွေကို တပြေးညီတည်း မဟုတ်ဘူး ဆိုရင်တော့ ပြည်တွင်းဘဏ်တွေအတွက် အခက်အခဲရှိလာနိုင်တယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်းဦးသန်းလွင်က သုံးသပ်လိုက်ပါတယ်။
“အခုဒီ နိုင်ငံခြားဘဏ်လုပ်ငန်းတွေ၊ ဘဏ်ခွဲတွေ ထပ်မံပီးတော့ တိုးချဲ့လုပ်ပိုင်ခွင့်ထဲမှာ သူက Wholesales Banking ကို ပေးတယ် ပေါ့ဗျာ။ ပေးပြီးတော့မှ သူက အတိုးနှုန်းကျတော့ သူကဘယ်လိုသတ်မှတ်မလဲ။ ဒါကလည်း သဲသဲကွဲကွဲတော့ မသိသေးဘူးပေါ့။ အတိုးနှုန်းက သူတို့စိတ်တိုင်းကျ သတ်မှတ်မယ်ဆို ပြည်တွင်းကတော့ ဘယ်လို ပြိုင်လို့ ရမလဲ။ ပြည်တွင်း ဘဏ်လုပ်ငန်းတွေနဲ့ စည်းမျဉ်းစည်းကမ်း တပြေးညီ သတ်မှတ်မယ်ဆိုရင်တော့ ပြည်တွင်းဘဏ်လုပ်ငန်းတွေက လုပ်သာကိုင်သာ ရှိတာပေါ့။ ဒါမှမဟုတ်လည်း သူတို့ကျတော့ တခါ အတိုးနှုန်းကအစ၊ ဘာကအစ ချေးငွေတွေကအစ၊ အတိုင်းအတာကအစ၊ အကန့်အသတ်မရှိဘူးဆိုတာမျိုး ဆောင်ရွက်ရင်းတော့ ပြည်တွင်းမှာအတွက်ကတော့ အခက်အခဲဖြစ်လာနိုင်တယ်။ အဲဒီတချက်ပဲ ပြောစရာရှိတယ်ပေါ့နော်။”
ဘဏ်လုပ်ငန်းပညာရှင် တဦးဖြစ်တဲ့ ဦးရဲမင်းဦးကတော့ နိုင်ငံခြားဘဏ်တွေဆီက ချေးငွေ ရယူဖို့ SME လုပ်ငန်းတွေအနေနဲ့ လွယ်ကူမှာမဟုတ်ဘဲ စနစ်တကျသေချာ ခိုင်မာစွာ တည်ဆောက်ထားတဲ့ SME လုပ်ငန်းတွေသာ ချေးငွေ ချပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
“ပထမတချက်က နိုင်ငံခြားဘဏ်တွေက ငွေချေးခွင့်ပေးတဲ့အတွက် သူတို့က ငွေချေးတော့မယ်ဆိုရင် သူတို့မှာ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်ဗျ- နိုင်ငံခြားဘဏ်တွေမှာ။ မြန်မာဘဏ်တွေ ထက်ကို ပိုပြီးတော့ တိကျတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ အဲ့ဒီစည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေ ဖြစ်မှ ရမှာ။ ဆိုတော့ SMEတွေ အားလုံးရမယ်လို့တော့ ကျနော်တို့မျှော်လင့်လို့ မရဘူး။ SME ထဲမှာမှ စနစ်တကျ ဖွဲ့စည်းထားတယ်၊ စနစ်တကျ စာရင်းဇယားထားတယ်၊ စနစ်တကျ စာရင်းစစ်ရှိတယ်၊ စနစ်တကျလုပ်ငန်း စီမံချက်တွေ ရှိတယ်။ အဲလို လုပ်ငန်းတွေကပဲ ချေးငွေ ရလိမ့်မယ်ဗျ။ အဲလိုမဟုတ်တဲ့လုပ်ငန်းတွေက ချေးငွေ ရကြအုံးမှာမဟုတ်ဘူး။ ကျနော်တို့ မြင်တာတော့ ဘယ်လိုမြင်သလဲဆိုရင် မြန်မာလုပ်ငန်းတွေထဲကပဲ ပညာတတ်တဲ့ စနစ်ကျတဲ့ လုပ်ငန်းတွေကပဲ ချေးငွေအရင်ရလိမ့်မယ်။ နိုင်ငံခြားဘဏ်တွေကနေ--”
ပြည်တွင်း SMEတွေအနေနဲ့ ပြည်ပဘဏ်တွေက လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီမှုမရှိနိုင်သေးတဲ့ အတွက် ချေးငွေ ရရှိဖို့က ခက်ခဲလိမ့်မယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဦးငွေထွန်းက ဆိုပါတယ်။
“အကို့အမြင်ကို ပြောရလို့ရှိရင် ပြည်ပကလာတဲ့ ဘဏ်တွေအသစ်လာရင်လည်း လက်ရှိအခြေအနေ မှာ SME နဲ့ ချေးငွေရရှိနိုင်ဖို့က နည်းနည်း ခက်အုံးမှာပဲကွ။ ဘာကြောင့်လဲဆိုတော့ ဒီ SME တွေ အနေနဲ့ က သူတို့မှာ ပြည်ပနိုင်ငံတွေက လိုအပ်မယ့် ဥပမာ-သဘောတခုက သူတို့ရဲ့ အရှုံးအမြတ် ဇယားတွေ၊ အခွန်ဆောင်ထားတာတွေ၊ တခြားသော အလုပ်အကိုင်သက်တမ်း…အဲဒါတွေကတော့ လိုနေအုံးမှာပဲ။ အဲဒီ တော့ ပြည်တွင်းဘဏ်တွေအနေနဲ့ စိတ်ပူနေတာ ဘာလဲဆိုတော့ လာလိုက် တာနဲ့ အကုန်လုံးကို လွယ်လွယ် ကူကူနဲ့ ထုတ်ချေးလိုက်မယ်လို့ ထင်နေကြတာ။ အကို့အနေနဲ့ ကတော့ အဲလိုမထင်ဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းဘဏ်တွေမှာလည်း သူ့ customers တွေ ရှိပြီးသား။ နောက်တခုက ဒီ SME တွေအနေနဲ့ ဒီချေးငွေ တခုတည်းမဟုတ်ဘူး။ ပြည်တွင်း ဘဏ်တွေနဲ့ တခြားသော ဝန်ဆောင်မှုကောင်းကောင်းတွေ လုပ်မယ် ဆိုရင် တော့ ပြည်ပဘဏ် တွေကို ယှဉ်နိုင်မှာပဲ။ ဒါပေမယ့် အခုအခြေအနေကတော့ တကယ်ကို ပြည်ပဘဏ်တွေ လာဖွင့်မယ့် အတွက်တော့ ယှဉ်ပြိုင်မှုအခြေအနေကတော့ အတော်လေးကို ပြည်တွင်းဘဏ်တွေအနေနဲ့ အခက်အခဲတွေ ရှိနိုင်တယ်လို့ အကို ယူဆတယ်။”
မနေ့က ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှတော့ ပြည်ပဘဏ်တွေအနေနဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေ ကို ဘယ်လောက်အတိုးနှုန်းနဲ့ ထားပီးငွေချေးပေးမယ် ၊ ဘယ်လို စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ်ထားလဲ ဆိုတာတော့ အသေးစိတ် မဖော်ပြထားသေးပါဘူး။
လက်ရှိမှာတော့ ဗဟိုဘဏ်မှာစာရင်းပေးထားတဲ့ ဘဏ် ၁၃ ခုရှိပီး တရုတ်၊ ဂျပန်၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေ ဖြစ်ပါတယ်ခင်ဗျာ။
Your browser doesn’t support HTML5