မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင်း စစ်ကောင်စီရဲ့ လေကြောင်းကနေ အကြိမ်ငါးရာကျော် တိုက်ခိုက်ခဲ့ပြီး ဗုံး ၁၂၀၀ ကျော်ကြဲချခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က အရပ်သားပစ်မှတ်တွေကိုပါ အရှိန်မြှင့်တိုက်ခိုက်တာ၊ စစ်ရာဇဝတ်မှုကျူးလွန်နေတာကို စနစ်တကျမှတ်တမ်းပြုစုခဲ့ပြီး တရားမျှတမှုရအောင်နဲ့ အရေးယူဆောင်ရွက်နိုင်အောင် မီးမောင်းထိုးပြလိုက်တာလို့ CHRO ပြောရေးဆိုခွင့်ရှိသူက VOA ကို ပြောပါတယ်။ စစ်ဒဏ်သင့် ချင်းပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်တဲ့ အစီရင်ခံစာအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၁၅ ကြိမ် လုပ်ခဲ့ပြီး ၁၂၃၉ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီ့လို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း ကလေးငယ် ၂၉ ဦးအပါအဝင် ၁၀၈ ဦး အသက်ဆုံးပါးခဲ့ရပြီး ကလေးငယ် ၂၁ဦးအပါအဝင် လူပေါင်း၂၃၁ ဦး ဒဏ်ရာရခဲ့ကြရတယ်လို့လည်း သတင်းထုတ်ပြန်ထားတာပါ။
စစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ်တွေကို အရှိန်မြှင့်တိုက်ခိုက်လာပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတာကို သတင်းမီဒီယာနဲ့ နိုင်ငံတကာသိအောင် မီးမောင်းထိုးပြလိုက်တာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန် က VOA ကို အခုလို ပြောပါတယ်။
“ဒီဟာတွေက ကျနော်တို့ရဲ့ စစ်ရာဇဝတ်မှုတွေဖြစ်တယ်ဆိုတဲ့ဟာကို ကျနော်တို့အနေနဲ့ သဘောပေါက်တယ်၊ နားလည်တယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို စနစ်တကျမှတ်တမ်းတင်လာခဲ့တယ်ပေါ့နော်၊ မှတ်တမ်းတင်လာခဲ့တယ်၊ ဒီနေ့ ဒီချိန်ထိက ချင်းပြည်နယ်မှာ စစ်ဆင်ရေးတွေက မရှိသလောက်ဖြစ်နေပြီး နယ်သိမ်းစစ်ဆင်ရေးပေါ့နော်၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပိုပြီးတော့ များလာတယ်။ အဲ့ဒီများလာတဲ့အခါမှာလည်း ကျနော်တို့ ကြည့်တဲ့အခါမှာ အရပ်သားပစ်မှတ်က ပိုပြီးတော့ တိုးတိုးလာကို တွေ့ရတဲ့အတွက်ကြောင့် ဆိုတော့ ဒီဟာတွေကို ကျနော်တို့ အနေနဲ့ နိုင်ငံတကာတွေရော ပြီးတော့ မီဒီယာရော အသိပေးတဲ့တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့က ချင်းပြည်နယ်ရဲ့ အရပ်သားပစ်မှတ် အရပ်သားပိုတိုက်ခိုက်ခဲ့တဲ့အကြောင်းကို ကျနော်တို့ မီးမောင်းထိုးပြခြင်းဖြစ်တယ်ပေါ့။”
စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေမှာ အဆောက်အဦပေါင်း ၄၇၀ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီ့အထဲမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတာ-စတဲ့ တိုက်ခိုက်ခံရတဲ့အဆောက်အဦတွေကတော့ စာသင်ကျောင်းပေါင်း ၂၂ကျောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဌာန (၆)ခု၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းပေါင်း ၂၁ကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘာသာရေးအဆောက်အဦး စေတီပုထိုးအပါအဝင် ဘုန်းတော်ကြီး ကျောင်း(၅) ကျောင်း စတဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေအပါအဝင် အဆောက်အဦးပေါင်း ၅၀၀နီးပါး ပျက်ဆီးဆုံးရှုံးခဲ့ရတာပါလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO Chin Human rights Organization က သတင်းထုတ်ပြန်တာပါ။
၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ လေကြောင်းဗုံးကြဲမှု အရှိန်မြှင့်တိုးလုပ်လာတာကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အဖွဲ့က မှတ်တမ်းတင် စာရင်းပြုစုထားပါတယ်။ စစ်ကောင်စီတပ်တွေဟာ စစ်ရေးပစ်မှတ်သာမက အရပ်သားပစ်မှတ်တွေကိုပါ ရည်ရွယ်ပြီး တိုးမြှင့်တိုက်ခိုက်လာတာတွေ့ ရတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန် က VOA ကို ပြောပါတယ်။
လေကြောင်းရန်ကြောင့် အရပ်သားပြည်သူတွေက စိတ်မလုံခြုံမှုတွေ ခံစားနေရပြီး တချို့ကလေးသူငယ်မှာဆိုရင် ကျောင်းမနေရဲတဲ့အထိ စိတ်ဒဏ်ရာတွေ ရတယ်လို့ CHRO အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်ဟရဲလျန် က ပြောပါတယ်။
“တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ်က လေကြောင်းရန် လေကြောင်းတိုက်ခိုက်မှုကတော့ နေ့စဉ်နဲ့အမျှ မထင်မှတ်ဘဲနဲ့ နေ့တိုင်းသူတို့ တွေ့နေရတယ်ပေါ့။ ဆိုတော့ လေကြောင်းတိုက်ခိုက်မှုက ပိုပြီးတော့ တိုးလာတဲ့အခါမှာ ဘာဖြစ်လဲဆိုရင်တော့ ချင်းပြည်နယ်မှာ ရှိတဲ့ ပြည်သူလူထုက လုံးဝသူတို့က ဘယ်မှာနေနေ မလုံခြုံမှုကို ခံစားလာတဲ့ စိတ်ဓာတ်က ပိုပြီးတော့ ကြီးမားလာတယ်ပေါ့နော်။ ကလေးသူငယ်တွေဆိုရင်လည်း ကျောင်းမတက်ရဲဘူး ဘာလို့လဲဆိုတော့ ဟိုကျောင်းဗုံးကြဲတာ သူတို့သိတဲ့အခါမှာ စစ်ကောင်စီက ကျောင်းအဆောက်အဦတွေ ပစ်မှတ်ထားတယ်ဆိုတာ ကလေးတွေလည်း နားလည်ပြီးတော့ တချို့ကလေးတွေဆို ကျောင်းမတက်ရဲတာမျိုး ကျနော်တို့ တွေ့ရတယ်။”
ဒီလို စစ်ကောင်စီရဲ့ ချင်းပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်ရာဇဝတ်မှုမြောက်ပြီး ကျူးလွန်သူတွေကို ထိရောက်တဲ့အရေးယူမှုတွေပြုလုပ်သင့်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က သတင်းထုတ်ပြန်ထားတာပါ။ စစ်ဘေးဒဏ်ကြောင့် ချင်းပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူပေါင်းကလည်း သိန်းချီရှိနေပြီး ဘေးလွတ်ရာပြည်နယ်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်နေကြရသလို စစ်ရှောင်ပြည်သူတွေအတွက်လည်း လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHROက ဆိုထားပါတယ်။
လောလောဆယ်မှာတော့ ချင်းပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီး ချင်းပြည်နယ်တွင်း စစ်ကောင်စီတပ်စခန်း (၅၆) ခုကို တော်လှန်ရေးအဖွဲ့တွေက ၄၉ခု သိမ်းယူထားနိုင်တယ်လို့လည်း ချင်းလူ့အခွင့်အရေးအဖွဲ့ မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေအတွင်းမှာလည်း ထိခိုက်သေဆုံးရတာတွေရှိခဲ့ပြီး ဒီသီတင်းပတ်ထဲ အောက်တိုဘာလ ၂၅ ရက်က စပြီး ၄ရက်အတွင်း တစ်ဦး သေ၊ ၅ဦး ဒဏ်ရာရရှိတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ ချင်းမြို့ခံတဦးက VOA ကို ပြောခဲ့ပါတယ်။ ချင်းပြည်နယ်တွင်း ဗုံးကြဲတိုက်ခိုက်မှုတွေ- လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ လက်နက်ကိုင်အဖွဲ့တွေကို ချေမှုန်းတိုက်ခိုက်တာသာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5