တရုတ် ရေကာတာစီမံကိန်း ပွင့်လင်းမြင်သာမှုမရှိ

တရုတ် ရေကာတာစီမံကိန်း ပွင့်လင်းမြင်သာမှုမရှိ

တရုတ်နိုင်ငံဟာ သူ့နိုင်ငံတွင်းမှာရော အိမ်နီးချင်း ပြည်ပမှာပါ ရေအားလျှပ်စစ် စွမ်းအင်အစီအစဉ်တွေ တိုးချဲ့ဆောင်ရွက် နေတာကြောင့် ဒီလို ဆောင်ရွက်မှုတွေမှာ ပိုပြီး ပွင့်လင်းမြင်သာဖို့ လိုလိမ့်မယ်လို့
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဟိမဝန္တာဒေသကနေ မြစ်ဖျားခံလာတဲ့ မြစ်ချောင်းတွေအပေါ် တရုတ်က ရေလှောင်တမံတွေ တည်ဆောက်နေတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိလာနေတဲ့အချိန်မှာပဲ ထင်ရှားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ၂ ခုကနေ တရုတ်အနေနဲ့ ဒီလို စီမံချက်တွေကို ဆောင်ရွက်ရာမှာ ပွင့်လင်းမှုရှိဖို့ တောင်းဆိုလိုက်ပါတယ်။

ဒီလို စီမံချက်တွေကြောင့် သဘာဝကပ်ဘေးဆိုးတွေ ဖြစ်လာမှာ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာ၊ ရေရရှိမှု အခြေအနေ အပြောင်းအလဲ ဖြစ်လာမှာအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း ဘေဂျင်းကနေ Peter Simpson က သတင်းရေးသား ပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

တိဗက်ကုန်မြေမြင့်ကနေ မြစ်ဖျားခံတဲ့ မြစ်အတော်များများပေါ်မှာ တရုတ်နိုင်ငံက ရေလှောင်တမံတွေ အတော်များများ တည်ဆောက်နေတာကြောင့် အဲဒီမြစ်အောက်ပိုင်းက နိုင်ငံတွေ မြို့တွေအတွက် စိုးရိမ်မှုတွေ
တိုးလာခဲ့ပါတယ်။ Peter Bosshard ဟာ International Rivers လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစိုးရအဖွဲ့တဲ့ အဖွဲ့အစည်းက မူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။ ဒီစီမံကိန်းတွေကို တာဝန်ယူ ဆောင်ရွက်တဲ့ ICBC လိုမျိုး တရုတ်ရင်းနှီးမြှုပ်နှံမှု ဘဏ်ကြီးတွေက ဒီသက်ရောက်မှုအပေါ် သဘာဝပတ်ဝန်းကျင် အရရော လူမှုရေးအရပါ တာဝန်ယူ ပေးနေတယ်လို့ ဆိုပေမဲ့ တရုတ်ကုမ္ပဏီ အသေးတွေကတော့ ဒါတွေကို လစ်လျူပြုနေကြတယ်လို့ သူက ပြောပါတယ်။

“တကယ့် ကုမ္ပဏီလုပ်ငန်းကြီးတွေရဲ့ ဆောင်ရွက်ချက်တွေတော့ မြင်ရပါတယ်။ ဒါပေမဲ့ အစိုးရပိုင် ဒါမှမဟုတ် ပုဂ္ဂလိကပိုင် လုပ်ငန်းငယ်တွေကတော့ ကုမ္ပဏီကြီးတွေကနေတဆင့် ခံပြီး ဒီလို တာဝန်ယူတာမျိုးမရှိဘဲ
အချောင်လိုက်နေပါတယ်။ China Power Investment၊ China Southern Power Grid ဒါမှမဟုတ် ယူနန်ပြည်နယ်ပိုင် ကုမ္ပဏီလိုမျိုး တရုတ်ကုမ္ပဏီ အများအပြားရဲ့ တာဝန်မဲ့လုပ်ရပ်တွေ တွေ့ရတော့ အတော် စိတ်ပျက်ရပါတယ်။ မြန်မာနိုင်ငံက ရေလှောင်တမံ စီမံကိန်း လုပ်ငန်းတွေကိုကြည့်ရင် သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေအပေါ် စစ်ဆေး သုံးသပ်မှုတွေ မတွေ့ရပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အဲဒီ စီမံချက်နေရာတွေမှာ လယ်မြေသိမ်းယူမှုတွေ ရှိနေပါတယ်။”

ဟိဝမန္တာဘက်က မြစ်ချောင်းတွေ ရေစီးဆင်းမှု ပြောင်းလဲကုန်တဲ့ အခြေအနေအပေါ်မှာ တရုတ်မှာ တာဝန်ရှိတယ်လို့ အပြစ်တင်ခံရယုံတင် မဟုတ်တော့ဘဲနဲ့ မြေကြောရေကြောဆိုင်ရာ ဇလဗေဒ အချက်အလက်တွေကို ဖလှယ်ပေးဖို့ ငြင်းဆန်တာတွေ အပါအဝင် သူ့ရဲ့ စီမံကိန်းတွေအတွက် ပွင့်လင်းမြင့်သာမှု ကင်းမဲ့တဲ့အပေါ်မှာလည်း သံသယတွေ ပိုကြီးလာပါတယ်။ ရှမ်းပြည်နယ် အထက်ပိုင်း တရုတ်နိုင်ငံထဲက ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ သံလွင်မြစ်တလျှောက် တရုတ်ကုမ္ပဏီတွေရဲ့ လုပ်ငန်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံ ရှမ်းပြည်ဒေသကိုလည်း သဘာဝပတ်ဝန်းကျင်အပြင် ဒေသခံတွေရဲ့ နေ့ဓဒူ၀ စားဝတ်နေရေး ထိခိုက်စေတဲ့ အခြေအနေမျိုးတွေ ဖြစ်လာစေတယ်လို့ မြန်မာနိုင်ငံ မြစ်ချောင်များဆိုင်ရာ အဖွဲ့က ကိုစိုင်းစိုင်းက ပြောပါတယ်။

“အပေါ်ဖက်ပိုင်းမှာ ရေကာတာ တည်ဆောက်မှုရယ်။ နောက်ထပ် တရုတ်ကနေ သင်္ဘောကြီးတွေ သွားလာနိုင်ဖို့အတွက် မြစ်တလျှောက်မှာရှိနေတဲ့ ကျောက်စောင်တွေကို မိုင်းဖောက်တာတွေကြောင့် သဘာ၀ ပတ်ဝန်းကျင် ဆိုးကျိုးတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့တယ်။”

ဒါကြောင့်လဲ အခြား နိုင်ငံတကာဘဏ်တွေက တရုတ်ရဲ့ အခုလို ရေလှောင်တမံ စီမံကိန်းတွေအတွက် ငွေစိုက်ထုတ်ပေးတာ မလုပ်ကြဘူးလို့ Bosshard က ပြောပါတယ်။

“ဒါပေမဲ့ ဒီစီမံကိန်းတွေ ဆက်ဖြစ်နေတုန်းပါ။ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေရဲ့ စိုးရိမ်ပူပင်မှုတွေ ကိုလည်း တရုတ်ကုမ္ပဏီတွေက အလေးမထားပါဘူး။ ပွင့်လင်းမြင်သာမှုတွေ တိုင်ပင်ညှိနှိုင်းမှုတွေ နည်းတာ အစဉ်အလာလို ဖြစ်နေပါပြီ။ နေရောင်ခြည်ဟာ အကောင်းဆုံး ပိုးသတ်ဆေးဖြစ်တယ်၊ ပွင့်လင်းမြင်သာမှုတွေ ရှိခြင်းအားဖြင့်သာလျင် အခွင့်အာဏာကို အကောင်းဆုံး စောင့်ကြပ်ပေးနိုင်တယ် ဆိုတာ ပြောလာပြီးတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက နိုင်ငံတော်ကောင်စီကနေ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသစ်တွေ ချပေးခဲ့တာ မြင်ခဲ့ရပါပြီ။ ဒါပေမဲ့လဲ အခု ဒီ စီမံကိန်းတွေမှာတော့ ပွင့်လင်းမြင်သာမှု တိုင်ပင်ညှိနှိုင်းမှုတွေ လုံးလုံး မရှိသလောက်ပါပဲ။ အထူးသဖြင့်တော့ တကယ့်ကို လိုအပ်တဲ့ ဌာနေနိုင်ငံတွေက လူမှုလူ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းသင့်ပါတယ်။”

အခုလို ရေလှောင်တမံ စီမံကိန်းတွေကြောင့် သဘာဝကပ်ဘေးဆိုးတွေ ဖြစ်လာမှာ၊ ရေနေသတ္တဝါတွေနဲ့ ဒေသခံတွေ ရေရရှိမှု စတဲ့ ဂေဟစနစ်တခုလုံးကပါ ထိခိုက်တာတွေ ရှိတယ်လို့ မြန်မာနိုင်ငံတင် မဟုတ်တော့ပါဘူး။ တရုတ်စီမံကိန်းတွေရှိနေတဲ့ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက စိုးရိမ်တကြီး ပြောဆိုနေကြပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ သူ့ရဲ့စီမံကိန်းတွေကို တာဝန်ယူစိတ်မရှိဘဲ လက်လွတ်စပယ်လုပ်တယ် ဆိုတာကို ငြင်းပါတယ်။ တရုတ်အနေနဲ့ ရေလှောင်တမံ ဆောက်မယ်ဆိုရင် သူ့အောက်မှာရှိတဲ့ နိုင်ငံအတွက် အမြဲတမ်း စဉ်းစားပေးပြီး ဒီနိုင်ငံတွေအတွက် အကျိုးစီးပွားထိခိုက် အောင် ဘယ်တော့မှ မလုပ်ပါဘူးလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lei က ပြောပါတယ်။

“ဒီ ရေလှောင်တမံ စီမံကိန်းတွေကြောင့် သဘာဝအရင်းအမြစ်တွေ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ထိခိုက်စေနိုင်တာတွေကို အထူးအလေးပေး စဉ်းစား ဆောင်ရွက်ပါတယ်။” - လို့ တရုတ်ဘာသာစကားနဲ့ ပြောသွားတာပါ။ ဒါ့အပြင် သူတို့စီမံကိန်းရဲ့ မြစ်အောာက်ပိုင်း နိုင်ငံတွေရဲ့ စိုးရိမ်ချက်ကိုလည်း ထည့်သွင်း စဉ်းစားပါတယ်လို့ ဆိုပါတယ်။

အခုလို တရုတ်ရဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေဟာ အရှေ့တောင် အာရှဒေသမှာတင် မဟုတ်တော့ပါဘူး။ အာဖရိကနိုင်ငံတွေမှာပါ ခြေလှမ်းလာတာကြောင့် ဒီကိစ္စဟာ အရှေ့တောင်အာရှနိုင်ငံတွေတင် မဟုတ်တော့ဘဲ အာဖရိကနိုင်ငံတွေရဲ့ စိုးရိမ်ချက်ပါ ဖြစ်လာပါတယ်။ ကုလသမဂ္ဂရဲ့ ၁၉၉၇ ခုနှစ် နိုင်ငံဖြတ်ကျော် မြစ်ချောင်းများဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ ငြင်းထားတဲ့ နိုင်ငံတွေ ထဲမှာတော့ တူရကီနိုင်ငံနဲ့ တရုတ်နိုင်ငံပဲ ရှိပါတယ်။