အိန္ဒိယ-ဘင်္ဂလာဒေ့ရှ်ကို စိုးရိမ်စေတဲ့ ဧရာမ တရုတ်ရေကာတာ

တိဘက်ဒေသထဲက Yarlung Zangbo မြစ်

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေထဲ စီးဝင်တဲ့ မြစ်မကြီးပေါ်မှာ တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ရေကာတာ တည်ဆောက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ကြောင့် ၂ နိုင်ငံစလုံးက စိုးရိမ်လာကြပါတယ်။ ဒီစီမံကိန်းကြောင့် မြစ်အောက်ပိုင်း ဒေသတွင်းနေထိုင်တဲ့ လူသန်းပေါင်းများစွာကို သက်ရောက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

တိဘက်ဒေသထဲမှာ "ရာလန် ဇန်ဘို" လို့ အမည်ရှိပြီး အိန္ဒိယထဲ ရောက်တဲ့ အခါ "ဗြမ္မပုတ္တရ" ဖြစ်အဖြစ် ထင်ရှားတဲ့ မြစ်ကြီးပေါ်မှာ ဧရာမ ရေကာတာကြီးကို တည်ဆောက်ဖို့ တရုတ်အစိုးရက ပြီးခဲ့တဲ့ လမှာ အတည်ပြုခဲ့တဲ့ အတွက် ဒါဟာ အိန္ဒိယနဲ့ တရုတ် ၂ နိုင်ငံကြား ပြဿနာ အသစ် တခု ဖြစ်လာနိုင်ခြေရှိနေတာပါ။

ဒီမြစ်ကြီးဟာ အိန္ဒိယ ပိုင်နက်ထဲ မဝင်ခင် - Great Bend လို့ နာမည်ပေးထားတဲ့ နေရာမှာ အလျား ပေ ၆၀၀၀ ကျော်လောက် အတွင်း ဇောက်နက်နက်နဲ့ စီးဆင်းနေတာကြောင့် ဒါဟာ ရေအားလျှပ်စစ် ထုတ်ဖို့ အခြေနေ အလွန် ကောင်း နေတာပါ။

တရုတ်အစိုးရ ဆင်ဟွာ သတင်းမှာတော့ ဒါဟာ တရုတ် နိုင်ငံရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချ ရေး အတွက် အဓိက လုပ်ဆောင်ပေးနိုင်တဲ့ နေရာ ဖြစ်သလို ဒီနေရာမှာ ဂေဟစံနစ် ကို ဦးစားပေး ထိန်းသိမ်းမယ့် စီမံကိန်းချ လုပ် ဆောင်ဖို့ ရှိကြောင်း ရေးသားထားပါတယ်။

အိန္ဒိယနိုင်ငံက သဘာဝ ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်နေသူ တွေကတော့ ဒါဟာ ဂေဟစံနစ် ထိခိုက်မှု ရှိနိုင်တဲ့ ဒေသ၊ တောင်ထူထပ်တဲ့ဒေသ ဖြစ်တဲ့အတွက် အခုလိုကြီးမားတဲ့ စီမံကိန်းကြီးတွေ လုပ်ဆောင်မှာကို စိုးရိမ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် က ဘူမိကျွမ်းကျင်သူတွေကတော့ အခုလို ကမ္ဘာ့အကြီးဆုံး ရေကာတာကြီးကို တရုတ်က ဆောက်လုပ်မယ့်အပေါ် အထူးစိုးရိမ်ကြောင်း ပြောနေတာပါ။

Your browser doesn’t support HTML5

အိန္ဒိယ-ဘင်္ဂလာဒေ့ရှ်ကို စိုးရိမ်စေတဲ့ ဧရာမ တရုတ်ရေကာတာ