နျူကလီးယား ဆွေးနွေးပွဲ ပြန်လာဖို့ အီရန်ကို တရုတ်တိုက်တွန်း

နျူကလီးယား ဆွေးနွေးပွဲ ပြန်လာဖို့ အီရန်ကို တရုတ်တိုက်တွန်း

အီရန်နိုင်ငံ အနေနဲ့ နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းတဲ့နည်းနဲ့ အသုံးပြုပိုင်ခွင့် ရှိတယ်ဆိုတဲ့ ကိစ္စ အာမခံချက် ရဖို့အတွက် ၆ နိုင်ငံ ပါဝင်တဲ့ ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်စဖို့ လိုပြီလို့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) က အီရန်သမ္မတကို တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဟူဂျင်တောင်းနဲ့ အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်ဒ် (Mahmoud Ahmadinejad) တို့ဟာ ကာဇက်စတန်မြို့တော် အက်စ်တားနားကို ရောက်ရှိနေပါတယ်။ အာရှဒေသ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဖြစ်တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ဖို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။

တရုတ်သမ္မတက အီရန်သမ္မတကို ဆွေးနွေးပြောဆိုပြီး ယုံကြည်မှု ရရှိစေမယ့် သိသာထင်ရှားတဲ့ အဆင့် တက်လှမ်းနိုင်ဖို့ ပြောပါတယ်။ ဒါဟာ အီရန်နိုင်ငံရဲ့ အကျိုးသာမက အရှေ့အလယ်ပိုင်း ဒေသတခုလုံး တည်ငြိမ်ရေး အတွက်ပါ အကျိုးအမြတ် ရှိစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်သမ္မတကလည်း သူ့နိုင်ငံ အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံနဲ့ ဂျာမဏီနိုင်ငံတို့ ပါဝင်တဲ့ ဆွေးနွေးမှုကို ပြန်လည် ပြုလုပ်လိုပါတယ်လို့ ပြောပါတယ်။