ထိန်းသိမ်းခံ တရုတ်အမျိုးသမီးလူ့အခွင့်အရေး ရှေ့နေကို လူ့အခွင့်အရေးဆု ချီးမြင့်

တရုတ်အမျိုးသမီးရှေ့နေ Wang Yu

သေဒဏ်ကျခံရဖွယ်ရှိတဲ့ တရုတ်အမျိုးသမီးရှေ့နေ Wang Yu ကို လူ့အခွင့်အရေး ကာကွယ်ပေးတဲ့အတွက် အထင်ကရ Ludovic Trarieux ဆု ချီးမြှင့်လိုက်ကြောင်း အေသင်မြို့မှာ စနေနေ့က ကြေညာခဲ့ပါတယ်။

မစ္စ် Wang ဟာ ၂၀၁၅ ခုနှစ်တုန်းက အကြမ်းဖက်ဖြိုခွဲမှုအတွင်း ရှေ့နေနဲ့ တက်ကြွလှုပ်ရှားသူပေါင်း ခန့်မှန်းခြေအားဖြင့် ၂၅၀ အဖမ်းခံခဲ့ရတဲ့ ထဲမှာ ပါဝင်ခဲ့ပြီး သူ့ကို နိုင်ငံတော်သစ္စာဖောက်မှု နဲ့ တရားစွဲခံထားရတာကြောင့် ဒီပုဒ်မအရ သေဒဏ်ကျခံရဖွယ်ရှိနေတာပါ။

တရုတ်အစိုးရက ဝမ်နဲ့ တခြားသူတွေဟာ ရာဇဝတ်မှုကျူးလွန်အောင် စည်းရုံးလှုံ့ဆော်ဖို့ တရုတ်နိုင်ငံရဲ့ ဥပဒေကို ဗန်းပြပြီး အသုံးချကြောင်း စွပ်စွဲထားပါတယ်။ ဝမ်ရဲ့ခင်ပွန်းရှေ့နေလည်း အချုပ်နှောင်ခံထားရပြီး ၁၆ နှစ်အရွယ် ရှေ့နေဝမ်ရဲ့ သားကိုတော့ ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်နေကြပါတယ်။ ဝမ်ကို ဆုချီးမြှင့်ဖို့ အကဲဖြတ်အဖွဲ့ကရွေးခဲ့တာဟာ အန္တရာယ်ကြီးမှန်းသိပါလျက်နဲ့ ဆက်ပြီး နှုတ်ပိတ် တိတ်ဆိတ်မနေတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့ အမျိုးသမီးတဦးရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြု ချီးမြှင့်လိုတဲ့အတွက်ဖြစ်တယ်လို့ ဆုတံဆိပ်ပေးဖို့ မတည်ခဲ့သူ Bernard Favreau က AFP သတင်းဌာနကို ပြောပါတယ်။

သူက ကိုယ့်ကိုကိုယ် အန္တရာယ်အဖြစ်ခံပြီး အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ညှင်းပမ်းနှိပ်စက်ခံနေရတဲ့ လူနည်းစုတွေဘက်က ကာကွယ်ရပ်တည်ဖို့ ရွေးချယ်ခဲ့ပါတယ် လို့လည်း သူက ပြောပါတယ်။

၁၉၈၅ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ချီးမြင့်တဲ့ Ludovic Trarieux ဆုကို အဲဒီအချိန်က အကျဉ်းကျခံနေရတဲ့ရှေ့နေလည်းဖြစ်၊ အသားရောင် ခွဲခြားမှုကို ဆန့်ကျင် တော်လှန်နေသူလည်းဖြစ်တဲ့ တောင်အာဖရိကနိုင်ငံသား နယ်လ်ဆင် မဲန်ဒဲလားကို ချီးမြှင့်ခဲ့တာမှာ အကျဉ်းကျနေတဲ့ ဖခင်ကိုယ်စား သမီး ဖြစ်သူ Zenani ကလက်ခံရယူခဲ့ပါတယ်။

၁၉ ရာစုနှစ်အတွင်း ပြင်သစ်နိုင်ငံမှာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ မှားယွင်းစွာ စွပ်စွဲခံထားရတဲ့ Alfred Dreyfus ကို ပြင်းထန်စွာ ခုခံကာကွယ်ပေးခဲ့တဲ့ ပြင်သစ် ရှေ့နေ Ludovic Trarieux ကို အစွဲပြုပြီး ဒီဆုကို ချီးမြင့်တာ ဖြစ်ပါတယ်။ ဒီဆုကို လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း အကြိမ် ၂၀ ချီးမြင့်ခဲ့ပါတယ်။

Your browser doesn’t support HTML5

ထိန်းသိမ်းခံ တရုတ်အမျိုးသမီးလူ့အခွင့်အရေး ရှေ့နေကို လူ့အခွင့်အရေးဆု ချီးမြင့်