တောင်သာ နွားထိုးကြီး စစ်ရေးတင်းမာနေဆဲ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက စင်္ကာပူကုမ္ပဏီ Sembcorp Industries ပိုင် လျှပ်စစ်ဓာတ်အားပေးစက်ရုံအားတွေ့ရစဉ် (မတ် ၂၀၁၉)

တောင်သာမြို့ တရုတ်ရေနံပိုက်လိုင်းစောင့်တဲ့တပ်စခန်းနဲ့ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေးတင်းမာနေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။ မြင်းခြံနဲ့ တောင်သာမြို့အစပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီး တိုက်ပွဲတွေကြောင့်လည်း စက်ရုံတွေပိတ်ထားလိုက်ရပါတယ်။ မန္တလေးတိုင်းထဲက စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့က တရုတ်ရေနံပိုက်လိုင်းစောင့်ဖို့ တပ်စွဲထားရာ မြို့အနောက်ဘက်က စက်မှု ၂ စွပ်ကျယ်စက်ရုံနဲ့ စစ်ကောင်စီထောက်ခံတဲ့ ပျူစောထီးကျေးရွာ ထယ်လှရွာတို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက သြဂုတ် ၁၂ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

ထယ်လှကျေးရွာကို တိုက်ခိုက်ချိန်မှာ စစ်သုံ့ပန်းတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း (၃) တာဝန်ရှိသူက ပြောပါတယ်။

"ထယ်လှရွာပေါ့နော်။ အဲ့မှာ နေအိမ် ၇ လုံးကို မီးရှို့ခဲ့တယ်။ ပြီးတော့ ပျူ ၄ ယောက်ဖမ်းလာတယ်။ ဖမ်းလာပြီးတော့ တောင်သာမြို့ထိပ်ပဲ စွပ်ကျယ်စက်ရုံကိုမီးရှို့လာတယ်။ ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံပေါ့နော် အဲ့ရှေ့က မိထ္ထီလာရဲတပ်ရင်းကို ဝင်တိုက်တယ်။"

ထယ်လှရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ

ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတဦးသေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မြင်းခြံမြို့ကနေ စစ်ကူလာတဲ့ယာဉ်တန်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေအနီး တိုက်ပွဲတွေဖြစ်ခဲ့လို့ စက်ရုံပိတ်ထားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"သူတို့က မြင်းခြံကနေ အကူတက်လာတဲ့ ကား ၂ စီးကို စက်ရုံနားကနေ စီးချတာပေါ့။ အဲ့မှာဆိုတော့ တိုက်ပွဲဖြစ်တော့ မြင်းခြံကနေတက်လာတော့ အဲ့နားကနေ ဖြတ်တိုက်တော့ အဲ့နားမှာ တိုက်ပွဲဖြစ်တယ်ပေါ့ဗျာ။ တိုက်ပွဲဖြစ်တော့ အရေးပေါ် ရပ်လိုက်ရတယ်ပေါ့ဗျာ။"

ဓာတ်အားပေး ကုမ္ပဏီတွေဘက်ကတော့ နယ်မြေမတည်ငြိမ်တဲ့အတွက် စက်ရုံတွေကို ယာယီရပ်နားထားမယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စက်ရုံတွေ အရေးပေါ် ရပ်တန့်ရတဲ့အတွက် စက်မှုဇုန်တွေကို ညပိုင်း ဓာတ်အားလျှော့ချပေးမှာဖြစ်သလို မြို့နယ်အချို့မှာ ယာယီဓာတ်အား ပြတ်တောက်တာတွေရှိနိုင်တယ်လို့ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကတော့ သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၁၃ ရက်မှာလည်း တောင်သာမြို့နဲ့ ရုံစည်ကြီးကျေးရွာကြားမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအနည်းငယ်ရှိခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာရှိခဲ့ပါတယ်။

တိုက်ပွဲတွေရှိခဲ့တဲ့ နွားထိုးကြီးမြို့ပေါ်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာပြီးနောက် စစ်တပ်က ဝင်ရောက်တပ်စွဲနေရာယူတယ်လို့သိရပါတယ်။ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် ကျောင်းတွေနဲ့ ဈေးတွေလည်း ပိတ်ထားပြီး သွားလာမှုမရှိသလောက်ပဲလို့ ဒေသခံတဦးက ပြောပါတယ်။

"မြို့ပေါ်မှာ သူတို့တပ်စွဲထားတယ်ပေါ့။ ခန့်မှန်းခြေဆို မြို့ပေါ်မှာ ၂၀၀ ဝန်းကျင်လောက်ရှိမယ်။ ရဲစခန်းမှာဆိုရင် ကတုတ်ကျင်း တူးတယ်။ သဲအိတ်တွေ အသစ်တွေ ပြန်လုပ်တာ၊ ကာတာတို့ ဘန်ကာလုပ်တာပေါ့ ခိုင်ခိုင်မာမာ။ ဈေးလည်းမဖွင့်ဘူး။ ဈေးလည်းမဖွင့်တော့ "ဈေးထဲကပစ္စည်းတွေယူပြီး ချက်ပြုတ်စားသောက်တယ်။ သုံးစရာရှိတဲ့ပစ္စည်းတွေ အဲ့ကယူသုံးတာပေါ့။ စားစရာရှိရင် အဲ့ထဲက ယူတာပေါ့။ (မြို့ထဲ) သွားလာလှုပ်ရှား မရှိသလောက်ပဲ ကားကို မဖြတ်သလောက်ဖြစ်နေတာ။"

နွားထိုးကြီးမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေနဲ့ တရုတ်ရေနံပိုက်လိုင်းစောင့်တဲ့ စစ်စခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေက သြဂုတ် ၁၀ ရက် မနက်ပိုင်းမှာ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိသလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှုရှိတယ်လို့လည်း သိရပါတယ်။

Your browser doesn’t support HTML5

တောင်သာ နွားထိုးကြီး စစ်ရေးတင်းမာနေဆဲ