စစ်ဖြစ်နေတဲ့ နယ်မြေမဟုတ်တဲ့ နေရာတွေမှာ အဝေးထိန်း ဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတာတွေနဲ့ ပတ်သက်လို့ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အစီရင်ခံစာတစောင်ကို အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ရာမှာ - ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်း အရပ်သား ၆၄ ယောက်ကနေ ၁၁၆ ယောက်ကြား သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။
အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest ကတော့ ပွင့်လင်းမြင်သာမှု ရှိလာတဲ့အခါမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အမေရိကန်အစိုးရရဲ့ မဟာဗျူဟာအပေါ် ပိုမို လက်ခံနိုင်စွမ်းရှိလာသလို အရပ်သားတွေ ထိခိုက်သေကျေမှု မဖြစ်အောင် ရှောင်ကြဉ်ဖို့နဲ့ ဖြစ်လာခဲ့ရင်လည်း စာရင်းပြုစုထားပြီး သတင်း အချက်အလက်တွေ ထုတ်ပြန်ပေးနိုင်ဖို့ ရည်ရွယ်တဲ့ အမိန့်အသစ်တရပ်ကိုလည်း သမ္မတက ကြေညာမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။

အစီရင်ခံစာမှာတော့ ပဋိပက္ခဖြစ်ပွားရာဒေသတွေလို့ အစိုးရကခေါ်ဝေါ် သုံးစွဲထားတဲ့ ဒေသတွေရဲ့ ပြင်ပမှာ အဝေးထိန်းဒုံးလေယာဉ်တွေနဲ့ တိုက်ခိုက်မှု ကြောင့် သေဆုံးမှုတွေကို ဖော်ပြထားတာပါ။ ဒီအထဲမှာ အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေက သေဆုံးမှုတွေ မပါဝင်ဘဲ ပါကစ္စတန်၊ ယီမင်၊ လစ်ဗျားနဲ့ ဆိုမာလီယာနိုင်ငံက စာရင်းတွေကိုသာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
အစိုးရရဲ့ တရားဝင်ကိန်းဂဏန်းတွေက ၂၀၀ ကနေ ၁၀၀၀ ထောင်ကျော်အထိ ရှိနိုင်တယ်လို့ ပြင်ပအဖွဲ့တွေ ခန့်မှန်းထားတဲ့ အရေအတွက် ထက် လျော့နည်းနေတာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကန် Drone ကြောင့် စစ်မြေပြင် ပြင်ပ သေဆုံး အရပ်သား ၁၀၀ မက