၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆိုးရွားလှတဲ့ သဘာဝဘေးအန္တရာယ်များ (ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ)

Your browser doesn’t support HTML5

၂၀၂၄ ခုနှစ်ဟာ စံချိန်တင်ခဲ့သမျှအပူချိန်အမြင့်ဆုံးရောက်ရှိလာတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ အပူချိန်မြင့်တက်မှုနဲ့ဆက်စပ်ပြီး သဘာဝဘေးတွေ ပြင်းထန်အားကောင်းလာသလို  ကုန်းနေ ရေနေသတ္တဝါအပါအဝင် ဂေဟဗေဒစနစ်တွေလည်း ပိုပြီးထိခိုက်လာတယ်လို့လည်း ထောက်ပြကြပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆိုးရွားလှတဲ့ သဘာဝဘေးအန္တရာယ်များ (ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ)

၂၀၂၄ ခုနှစ်ဟာ စံချိန်တင်ခဲ့သမျှအပူချိန်အမြင့်ဆုံးရောက်ရှိလာတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ အပူချိန်မြင့်တက်မှုနဲ့ဆက်စပ်ပြီး သဘာဝဘေးတွေ ပြင်းထန်အားကောင်းလာသလို ကုန်းနေ ရေနေသတ္တဝါအပါအဝင် ဂေဟဗေဒစနစ်တွေလည်း ပိုပြီးထိခိုက်လာတယ်လို့လည်း ထောက်ပြကြပါတယ်။ ကမ္ဘာ့အပူချိန်မြင့်တက်မှုနဲ့ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ ထင်ရှားတဲ့ သဘာဝဘေးဒဏ်တွေနဲ့ နိုင်ငံတကာရဲ့ အားထုတ်မှုအနှစ်ချုပ်ကို နန်းလောင်ဝ်နဲ့ ကိုစည်သူတို့က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဆယ်နှစ်ဆက်တိုက် ကမ္ဘာ့အပူချိန်တွေမြင့်တက်လာတာမှာ ၂၀၂၄ ခုနှစ်ကတော့ မှတ်တမ်း တင်ခဲ့သမျှ အပူချိန်အမြင့်ဆုံးနှစ်တနှစ်ဖြစ်လာပါတယ်။ ဥရောပသမဂ္ဂရဲ့ ဥတုရာသီရေးရာဌာန Copernicus ရဲ့ နိုဝင်ဘာလထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့ပျှမ်းမျှအပူချိန်ဟာ ၁၈၅၀ ပြည့်လွန်နှစ်၊ စက်မှုခေတ်ဦးကာကလအပူချိန်ထက် 1.5 ဒီဂရီကို ပထမဆုံး ကျော်လွန်ရောက်လာပါ တယ်။ ၂၀၂၃ ခုနှစ်တုန်းကတော့ ကမ္ဘာ့ပျှမ်းမျှအပူချိန်က ၁.၄၈ ဒီဂရီထိရှိခဲ့တာပါ။ ပစိဖိတ်သမုဒ္ဒရာ ထဲက သဘာဝအတိုင်းပေါ်ပေါက်တတ်တဲ့ El Nino အပူလှိုင်းကြောင့် ပိုဆိုးလာတာ ဖြစ်နိုင်တယ် လို့လည်း သုံးသပ်ကြပါတယ်။ ခုလိုကမ္ဘာ့အပူချိန်တွေမြင့်တက်လာတာနဲ့ဆက်စပ်ပြီး သေဆုံးရသူတွေ လည်း ကမ္ဘာမှာ စံချိန်တင်တိုးလာပြီး မက္ကဆီကိုနိုင်ငံမှာတော့ အသက် ၃၅ နှစ်အောက်လူငယ်တွေ ပိုများလာတယ်လို့ ကိုလံဘီယာတက္ကသိုလ်က သုတေသီတွေက ပြောပါတယ်။

ကိုလံဘီယာတက္ကသိုလ်က ဥတုရာသီရေးရာ စီးပွါးရေးပညာရှင် Jeffrey Shrader က သူတို့ရဲ့တွေ့ရှိ ချက်ကို ခုလိုပြောပါတယ်။

“လူငယ်တွေဟာ ပူနွေးစွတ်စိုရာသီဥတုရဲ့သက်ရောက်မှုကို ပိုပြီးကြုံရတာကို တွေ့ရှိခဲ့ပါတယ်။ အပူချိန် မြင့်လွန်းတဲ့အတွက် သေဆုံးရသူအများစုဟာ အသက် ၃၅ နှစ်အောက်တွေဖြစ်ကြပါတယ်။ ကမ္ဘာတဝန်းလုံးမှာ ရာသီဥတုနဲ့ဆက်စပ်ပြီး အဓိက သေဆုံးရတာကတော့ အပူချိန်ပြင်းထန်လွန်းတာ ကြောင့်ပါ။ ဒါကိုမှတ်တမ်းပြုစုထားတာတွေလည်းအများအပြားရှိပါတယ်။ အပူချိန်ပြင်းထန်လို့ သေဆုံးရတဲ့လူအများစုဟာလည်း အသက် ၅၀ ကျော်တွေထက် အသက် ၃၅ နှစ်အောက် လူငယ်တွေ ဖြစ်နေတာကိုလည်း ပထမဆုံးတွေ့ရှိခဲ့ပါတယ်။”

ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ နွေရာသီအတွင်း နေ့အပူချိန်ပြင်းထန်လွန်းတဲ့အတွက် ဆေးရုံရောက်လာသူ ထောင်နဲ့ချီရှိပြီး လူဦးရထူထပ်လွန်းတဲ့ မြို့တော်ကရာချီမှာတော့ လူအတော်များများ မူးလေ့လဲကျခဲ့ သလို တချို့လည်း နောက်ဆုံးအသက်ပါ,ပါသွားရတယ်လို့ ဒေသတွင်းသတင်းတွေက ပြောပါတယ်။ တချို့ပြည်နယ်တွေမှာဆိုရင် နေ့အပူချိန်က ၄၇ ဒီဂရီဆဲ့လ်ဆီးယပ်ထိကိုရောက်ရှိခဲ့တာပါ။ ဒါကြောင့် လူတွေအိမ်ပြင်မထွက်ကြဖို့၊ ရေများများသောက်ပြီး မလိုအပ်ပဲ ခရီးမသွားကြဖို့ အာဏာပိုင်တွေက သတိပေးတိုက်တွန်းခဲ့ရပါတယ်။

ကမ္ဘာ့အပူချိန်တွေပျှမ်းမျှမြင့်တက်လာတဲ့နှုန်းထက် ပါကစ္စတန်နိုင်ငံမှာ ပိုပြီးမြန်ဆန်လာနေတာဖြစ်ပြီး လာမဲ့နှစ်ပေါင်း ၆၀ အတွင်း အပူချိန်ဟာလွန်ခဲ့တဲ့အနှစ် ၄၀ လောက်က အပူချိန်ထက် ၁.၃ ကနေ ၄.၉ ဒီဂရီဆဲ့လ်ဆီးယပ်ထိ မြင့်တက်လာနိုင်ခြေရှိနေတယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ ဥတုရာသီရေးရာ ပညာရှင်တွေက ပြောပါတယ်။ ဒါဟာ နောင်ကြုံရတော့မယ့် ရှေ့ပြေးလက္ခဏာတွေဖြစ်မယ်လို့လည်း အောက်တိုဘာလကုန်မှာထုတ်ပြန်ခဲ့တဲ့ Lancet အစီရင်ခံစာမှာ ဖော်ပြပါတယ်။ Universtiy College London က Lancet အမှုဆောင်ညွှန်ကြားရေးမှူး Dr Marina Romanello ကအခုလို ပြောပါတယ်။

“ကျမတို့ရထားတဲ့ ဒေတာတွေနဲ့ ကျမတို့ တွေ့မြင်နေရတာတွေကို ကြည့်ရင် ဥတုရာသီဥတု ပြောင်းလဲမှုဟာ အခြေခံကျန်းမာရေးပြဿနာဖြစ်တယ်ဆိုတာ အလွန်ထင်ရှားပါတယ်။ ရာသီဥတု ပြောင်းလဲလာတာက လူ့ကျန်းမာရေးကို ထိခိုက်စေသလို လူ့ကျန်းမာရေးအတွက် ရေတို-ရေရှည် ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုကြီး လည်းဖြစ်ပါတယ်။”

အပူချိန်မြင့်တက်မှုနဲ့ ဆက်စပ်သေဆုံးမှုဆက်ပြီးမြင့်တက်နေတဲ့အတွက် အအေးဒဏ်ကြောင့် သေဆုံးရတဲ့ ပမာဏထက် ကျော်လွန်သွားနိုင်ခြေရှိနေပြီလို့လည်း The Lancet နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အပူချိန်မြင့်တက်မှုရဲ့ အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ်ထဲမှာ အလွန်အင်အားပြင်းတဲ့ သဘာဝ ဘေးဒဏ်တွေပေါ်ပေါက်ခဲ့တာမှာ ကမ္ဘာ့အကြီးဆုံး အပူပိုင်းသစ်တောကြီးတွေရှိရာ ဘရာဇီးလ်မှာ မိုးနည်းပြီး မြစ်ချောင်းတွေရေခမ်းလာသလို တချို့နေရာမှာတော့ မိုးခေါင်ရေရှားပြီး ခြောက်သွေ့ လွန်းတာကြောင့် တောမီးတွေလောင်ကျွမ်းလာပြီး တချို့အပိုင်းမှာကျတော့ ရုတ်တရက် မိုးသည်း ထန်ပြီးရေကြီးလာပါတယ်။ ကင်ညာနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE တို့မှာလည်း မကြုံစဖူး ရုတ်တရက် မိုးသည်းထန်ပြီး ရေကြီးခဲ့ပါတယ်၊။ ရေဘေးကြောင့် လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရှောင်တိမ်းခဲ့ရပြီး စီးပွါးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေလည်း အကြီးအကျယ် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

တောင်အာရှဘက်မှာတော့ ရီမာနဲ့ ယာဂီတို့လို အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းကြီးတွေကြောင့် အဖက်ဘက်က ပျက်စီးဆုံးရှုံးခဲ့ရတာတွေ၊ အမေရိကန်နိုင်ငံမှာ ဝင်တိုက်သွားတဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတွေနဲ့ လေဆင်နှာမောင်းကြီးတွေကြောင့် ထိခိုက်နစ်နာခဲ့ရတာတွေဟာ သမုဒ္ဒရာ ရေမျက်နှာပြင် ပိုပြီးပူနွေးလာတဲ့ အကျိုးဆက်တွေဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပါ တယ်။ ပင်လယ်ရေမျက်နှာပြင်တွေ ပိုပြီးပူနွေးလာတဲ့အခါ လေထုထဲမှာ သူ့ သဘာဝအတိုင်း ပြောင်းလဲ ပေါ်ပေါက်နေတဲ့ ရာသီဥတုအခြေအနေတွေ ပိုပြီးအင်အားပြင်းထန်လာတာပါ။ ပိုအဖြစ်များလာတဲ့ သဘာဝဘေးတွေဟာ ပိုပြီးတော့လည်းအင်အားကောင်းလာတဲ့အတွက် စီးပွါးရေးလုပ်ငန်းတွေ၊ အခြေခံအဆောက်အအုံတွေ၊ စိုက်ပျိုးရေးနဲ့ လူမှုအသိုင်းအဝိုင်းတခုလုံးကို ထိခိုက်လာတာဖြစ်ပါတယ်။

ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့်ရော၊ မုတ်သုံမိုးသည်းထန်လွန်းတာကြောင့်ပါ အကြီးအကျယ်ရေကြီးမြေပြိုခဲ့ပြီး လူ့အသက်အိုးအိမ် စည်းစိမ်တွေနဲ့ လမ်းပန်းဆက်သွယ်ရေးအပြင် စိုက်ပျိုးမြေတွေနဲ့ မွေးမြူရေးတိရိစ္တာန်တွေပါ သေကြေပျက်စီးပျက်စီးနေရပါတယ်။ ဗီယက်နမ်မှာလည်း ရေကြီးမှုကြောင့် လူပေါင်း ၃၅၀ ဝန်းကျင် သေဆုံးပြီး အခြေခံအဆောက်အအုံနဲ့ စိုက်ပျိုးမြေတွေ ပျက်စီးခဲ့ရတာပါ။ ဗီယက်နမ်သမ္မတ To Lam က ဥတုရာသီပြောင်းလဲမှုက နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်လာနေပြီလို့ စက်တင်ဘာ နှောင်းပိုင်းမှာကျင်းပတဲ့ ကုလအထွေထွေ ညီလာခံမှာ ပြောကြားခဲ့ ပါတယ်။

“နိုင်ငံတော်လုံခြုံရေးရဲ့ စိန်ခေါ်ချက်တွေဖြစ်တဲ့ ဥတုရာသီပြောင်းလဲမှု၊ ပြင်းထန်တဲ့ရာသီဥတုနဲ့ သဘာဝဘေးအန္တရာယ်တွေ၊ ကူးစက်ရောဂါတွေနဲ့ သဘာဝအရင်းအမြစ်တွေ နည်းပါးလာတာနဲ့ သက်ကြီးရွယ်အိုလူဦးရေတိုးလာတာတွေ .. စတဲ့အချက်တွေဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းချက်တွေကို ပိုပြီး နှောင့်နှေးလာစေပါတယ်။ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေနဲ့ ချမ်းသာတဲ့ နိုင်ငံတွေကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်တွေလည်းပိုပြီးကြီးမားလာစေပါတယ်။ ဗီယက်နမ်နဲ့ ဒေသတွင်း အခြားနိုင်ငံတွေကို ဖျက်ဆီးသွားတဲ့ စူပါတိုင်ဖွန်း ယာဂီဟာ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်အတွက် စိန်ခေါ်ချက်ဖြစ်တယ်ဆိုတာ ပြတ်ပြတ်သားသား သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။”

အာဖရိကတိုက်အနောက်မြောက်ပိုင်းနိုင်ငံတွေမှာ မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် လူပေါင်း တသန်းလောက် နေရပ်ပြောင်းရွှေ့နေရချိန် အမေရိကန်ပြည်ထောင်စုမှာလည်း အနှစ် ၅၀ အတွင်း လူသေဆုံးမှုအများဆုံးဖြစ်တဲ့ ဟာရီကိန်းမုန်တိုင်း Helene နဲ့ကြုံခဲ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ ရာဂီ မုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြို့နယ်ပေါင်း ၃၃၀ မှာ လူပေါင်း ၁. ၁ သန်း ဝန်းကျင် ရေဘေးသင့်ခဲ့ကြရပြီး သေဆုံးသူ ရာဂဏန်းရှိကြောင်း UNOCHA က ထုတ်ပြန်ပါတယ်။ မုတ်သုံမိုးကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံတို့မှာ မိုးသည်းထန်ပြီး ရေကြီးခဲ့ပါတယ်။ နီပေါနိုင်ငံမှာလည်း မကြုံစဖူး မုတ်သုန်မိုးသည်းထန်လွန်းတဲ့အတွက် ရေကြီးမြေပြို မှုကြောင့် သေဆုံးရသူ ၂၀၀ ကျော်ကြောင်း ကယ်ဆယ်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ တရုတ်နိုင်ငံဘက်မှာလည်း အလားတူ သဘာဝဘေးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တောင်အမေရိကတိုက်နိုင်ငံတွေထဲမှာတော့ ၂၀၂၄ ခုနှစ်အတွင်း တောမီးလောင်ကျွမ်းမှု စံချိန်တင် မြင့်တက်လာပါတယ်။ အထူးသဖြင့် ဘရာဇီးလ်၊ ကိုလံဘီယာနဲ့အီကွေဒေါနိုင်ငံတွေမှာတော့ မီးလောင်ကျွမ်းမှုအဆိုးဆုံးဖြစ်ပြီး သစ်တောဧကပေါင်း ထောင်နဲ့ချီ မီးဘေးသင့်ခဲ့ရပါတယ်။ စိုက်ပျိုးရေးအတွက် မြေယာချဲ့ထွင်ဖို့ တောမီးရှို့တာအပါအဝင် မိုးခေါင်ရေရှားမှုတာရှည်ပြီး ခြောက်သွေ့လွန်းတဲ့အတွက် တောမီးကြီးတွေပိုဆိုးလာတာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကနေဒါနိုင်ငံမှာဆိုရင်လည်း ခြောက်သွေ့လွန်းတဲ့အတွက် တောမီးတွေပိုဆိုးလာတာမှာ ၂၀၂၃ ခုနှစ် စံချိန်ထက် ကျော်လွန်ခဲ့သလို အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာလည်း ဒီဇင်ဘာလလယ်ထိ လောင်ကျွမ်းနေတဲ့ တောမီးကြီးတွေဟာလည်း ၂၀၂၃ ခုနှစ် မီးဘေးသင့်က ဧရိယာထက် ၃ ဆ ပိုကျယ်လာပါတယ်။

ကမ္ဘာအရပ်ရပ်မှာ ခုလိုသဘာဝဘေးဒဏ်တွေ ပိုပြီးဆိုးရွားလာနေချိန်မှာပဲ ကမ္ဘာ့လေထုထဲက ဖန်လုံအိမ်ဓာတ်ငွေ့သိပ်သည်းမှု စံချိန်တင်မြင့်တက်နေတဲ့အတွက် ကမ္ဘာ့အပူချိန်မြင့်တက်မှုက အနီရောင်အဆင့်ကိုရောက်လာပြီလို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ကနောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ တချိန်ထဲမှာပဲ ကမ္ဘာမြေကြီးရဲ့ ဥတုရာသီပြောင်းလဲမှုကို နည်းပညာသစ် နဲ့လေ့လာနိုင်တဲ့ အလားအလာကောင်းတွေတွေ့နေရပြီလို့လည်း ကမ္ဘာ့မိုးလေဝသ အဖွဲ့အစည်း WMO ကပြောပါတယ်။ WMO အတွင်းရေးမှူးချုပ်၊ ပါမောက္ခ Celeste Saulo က သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောပါတယ်။

“ကမ္ဘာကြီးရဲ့ ဥတုရာသီပြောင်းလဲမှုအခြေအနေက အနီရောင်အဆင့်ကို ရောက်နေပါပြီ။ မျှော်လင့်ချက်တော့ ရှိပါသေးတယ်။ အနာဂတ်မျိုးဆက်အတွက် မျှော်လင့်ချက်တော့ ရှိရပါလိမ့်မယ်။ ကမ္ဘာမြေစနစ်ကို ပိုပြီးနားလည်စေမယ့် နည်းပညာသစ်တွေလည်းရှိလာပါပြီ။ “

ဉာဏ်ရည်တုနည်းပညာတွေက ကမ္ဘာ့ကောင်းကျိုးအတွက်အသုံးချတာမျိုးဖြစ်အောင် တကမ္ဘာလုံး စီမံထိန်းချုပ်ဖို့တော့လိုတယ်လို့လည်း သတိပေးထားပါတယ်။ ဥာဏ်ရည်တုနည်းပညာတွေနဲ့ ရေကြီးရေလျှံနိုင်တဲ့အခြေအနေမျိုး ကြိုတင်ခန့်မှန်းပြီး လူမှုအသိုင်းအဝိုင်းဘက်က ကြိုတင်ပြင်ဆင် ထားနိုင်အောင် အထောက်အကူပြုပါလိမ့်မယ်လို့လည်း WMO ကပြောပါတယ်။

“မိုးလေဝသကို ကြိုတင်ခန့်မှန်းဖို့အတွက် လေ့ကျင့်ပေးထားတဲ့ ဉာဏ်ရည်တုနည်းပညာတွေက ဘယ်လောက်ထိတိုးတက်လာသလဲဆိုတာ မိုးလေဝသအဖွဲ့ချုပ်ရဲ့ အစီရင်ခံစာမှာ မီးမောင်းထိုးပြ ထားပါတယ်။ နည်းပညာသစ်တွေကြောင့် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းရာမှာ ပိုမို မြန်ဆန်လာသလို စက်ပစ္စည်းကိရိယာတွေရဲ့ စျေးနှုန်းလည်း အများကြီးသက်သာလာပါပြီ။ မိုးလေဝသကြိုတင်ခန့်မှန်းနိုင်ရေး ခေတ်မီနည်းပညာတွေ၊ ငွေကြေးနဲ့ အရင်းမြစ်မရှိကြတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေလည်း ခုနည်းပညာသစ်တွေကို အလွယ်တကူရနိုင်ကြတော့မှာပါ။”

နောက်ဆုံးပေါ်ခေတ်မီနည်းပညာတွေ တိုးတက်လာတယ်ဆိုပေမယ့် ဥတုရာသီပြောင်းလဲမှုရဲ့ သက်ရောက်မှုကို လျော့ပါးသက်သာသွားအောင် နည်းပညာတမျိုးတည်းနဲ့ လုပ်လို့တော့ မရဘူးလို့လည်း ကမ္ဘာ့မိုးလေဝသအဖွဲ့ သိပ္ပံပညာရှင်တွေက သတိပေးထားတာပါ။ နောက်ထပ်ထင်ရှားတဲ့ဖြစ်ရပ်ကတော့ ရေခဲလွှာရေခဲမြစ်တွေအရည်ပျော်ဆင်းတာတဲ့အတွက် ပင်လယ်ရေတွေမြင့်တက်လာတာပါ။ အကျိုးဆက်ကတော့ ဂေဟဗေဒစနစ်တွေနဲ့ လူ့သားတွေရဲ့ ဘဝရှင်သန်ရပ်တည်ရေးထိခိုက်လာတာမှာ ကျွန်းနိုင်ငံတွေနဲ့ ကမ်းရိုးတန်းနေလူမှု အသိုင်းအဝိုင်း ကတော့ အထိနာဆုံးဖြစ်ပါတယ်။ ဥတုရာသီပြောင်းလဲမှုအကျိုးဆက်နဲ့ သိပ်ပြီးမကြုံခဲ့ရတဲ့ တောင်အမေရိကတိုက်အောက်ဆုံးက Patatonia ဒေသထဲမှာလည်း ရေခဲမြစ်တွေအရည်ပျော်ဆင်းမှု မြန်ဆန်လာပြီလို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။

“ကမ္ဘာ့အပူချိန်မြင့်တက်မှုကို ထိန်းနိုင်အောင် စက်မှုခေတ်ဦးကာလ ၁၉ ရာစုတဝိုက်ကရှိခဲ့တဲ့ ကမ္ဘာ့ အပူချိန်ထက် 1.5 ဒီဂရီကျော်မသွားအောင် အတတ်နိုင်ဆုံး ဝိုင်းဝန်းထိန်းကြဖို့ ပြင်သစ်နိုင်ငံပါရီမြို့မှာ ၂၀၁၅ ခုနှစ်က နိုင်ငံ ၂၀၀ လောက်သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ ကျောက်မီးသွေး၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တို့လို ရုပ်ကြွင်းလောင်စာတွေ ထုတ်ယူသုံးစွဲရာကထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်လို ဖန်လုံအိမ်ဓာတ်ငွေ့တွေ လေထုထဲသိပ်သည်းလာတဲ့အတွက် ကမ္ဘာ့အပူချိန်တွေ မြင့်တက်လာတာလို့ ကျွမ်းကျင်သူတွေက အစဥ်တစိုက်ထောက်ပြလာကြပေ မယ့်လည်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ ကျဆင်းမသွားတဲ့အပြင် ပိုလို့တောင် တိုးလာနေတာကို တရားဝင်ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။

ဥတုရာသီပြောင်းလဲမှုထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာအစိုးရက မှန်ကန်တဲ့မူဝါဒတွေ ချမှတ် နိုင်အောင် ကုလသမဂ္ဂရဲ့ ဥတုရာသီဆိုင်ရာညီလာခံ မတိုင်ခင် နိုင်ငံတကာပညာရှင်တွေက သူတို့ရဲ့ သုတေသနပြုချက် အစီရင်ခံစာတွေ အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။ဥတုရာသီပြောင်းလဲမှုကြောင့် ပြည်သူ့ကျန်းမာရေးအပေါ် ဘယ်လောက်ထိ သက်ရောက်လာပြီလဲဆိုတာကို The Lancet တို့လို ကမ္ဘာ့ ထိပ်တန်းဆေးပညာဂျာနယ်က အစီရင်ခံစာထုတ်ပြန်ခဲ့သလို၊ ဥရောပက ဥတုရာသီရေးရာ စောင့်ကြည့်လေ့လာနေတဲ့ အေဂျင်စီ Copernicus ကလည်း ကမ္ဘာကြီးဟာ အရင်က မကြုံဖူးတဲ့ အပူဆုံးနှစ်တွေကို ၂ နှစ် ဆက်တိုက် ရင်ဆိုင်နေရပြီး ပထမဆုံးအကြိမ် စက်မှုခေတ်မတိုင်မီ အပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကျော်လာနေတာကို COP29 ညီလာခံမစခင်ရက်ပိုင်း အလိုမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။ ပစိဖိတ် သမုဒ္ဒရာထဲက ရေနွေးစီးကြောင်းနဲ့ အပူလှိုင်းတွေထက် ကျော်ပြီး အပူချိန် ရေရှည် မြင့်တက်နေတာတွေဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့လည်း ပညာရှင်တွေ သုံးသပ်ကြပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့်ပေါ်ပေါက်လာတဲ့ ခုလို စိုးရိမ်စရာအခြေအနေကို ပညာရှင်တွေ သတိ ပေးခဲ့ကြပေမယ့် COP29 ဥတုရာသီညီလာခံမှာတော့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်နေတဲ့ ရုပ်ကြွင်း လောင်စာထုတ်ယူမှုလျှော့ချရေးဖက် အဓိက အာရုံစိုက်ဆွေးနွေးတာမျိုး မတွေ့ရပါဘူး။ ချမ်းသာတဲ့နိုင်ငံတွေကြောင့် ဖြစ်လာတဲ့ ဥတုရာသီပြောင်းလဲမှုဒဏ်နဲ့ ကြုံနေရတဲ့ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်တွေအတွက် နှစ်စဥ်ဒေါ်လာဘီလီယံ ၃ ရာထိ ကူညီဖို့ကိုတော့ သဘောတူခဲ့ ကြပါတယ်။ လက်ရှိချမှတ်ကျင့်သုံးနေကြတဲ့အစိုးရမူဝါဒတွေအရ တကမ္ဘာလုံး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုက ပိုတိုးလာနေတာကြောင့် ဒီရာစုနှစ်ကုန်လောက်ဆိုရင်တော့ ကမ္ဘာ့ပူနွေးမှုဟာ 3.1 ဒီဂရီထိတက်လာမယ့် လမ်းပေါ်ရောက်နေပြီလို့ ကုလသမဂ္ဂရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဆိုင်ရာအစီရင်ခံစာမှာ ပြောထားပါတယ်။

တချိန်တည်းမှာပဲ လူ့ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန်တွေကို အကြီးအကျယ် ထိခိုက်လာနေတဲ့ ပလပ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး ကုလသမဂ္ဂရဲ့ ဦးဆောင်ဆွေးနွေးမှုမှာလည်း သဘောတူညီမှုမရပဲ ပြီးဆုံးသွားခဲ့ပါတယ်။ ပင်လယ်နဲ့ မြစ်ချောင်းတွေက ပလပ်စတစ်ညစ်ညမ်းမှုဟန့်တားနိုင်ရေးနဲ့ ပလပ်စတစ်အသုံးပြုမှု လျှော့ချရေး နိုင်ငံစုံက မဖြစ်မနေ လိုက်နာရမဲ့ သဘောတူညီမှုချမှတ်နိုင်အောင် နိုင်ငံတကာ ပလပ်စတစ်အသုံးပြုမှု လျှော့ချရေး စေ့စပ် ညှိနှိုင်းရေးကော်မတီ INC က ကြီးမှူးပြီး တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ ဒီဇင်ဘာ ပထမပတ်ထဲမှာ ကျင်းပခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ကစပြီး INC ညီလာခံကိုကျင်းပနေတာမှာ ဘူဆန်မြို့ညီလာခံက INC ရဲ့ ၅ ကြိမ်မြောက်နောက်ဆုံးညီလာခံဖြစ်ပြီး သဘောတူညီမှုမူကြမ်းတရပ်ကို အပြီးသတ်နိုင်အောင် ရည်မှန်းထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သဘောတူ ညီမှုမရခဲ့တဲ့အတွက် ဆက်လက်ဆွေးနွေးကြရဦးမှာပါ။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ ပလပ်စတစ်ထုတ်လုပ်မှု ၂ ဆ ပိုတိုးလာတာတယ်လို့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံဖြိုးရေး အဖွဲ့ OECD အဖွဲ့ကြီးက ပြောပါတယ်။ လာမယ့် ၂၀၆၀ ခုနှစ် ဆိုရင် သုံးဆ ပိုများလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

အသုံးပြုတဲ့ ပလပ်စတစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ပြန်လည်အသုံးချနိုင်ခြင်း မရှိတဲ့အတွက် ပလပ်စတစ်တန်ချိန် သန်း ၂၀ ကျော်ဟာ မြစ်ချောင်းနဲ့ သဘာဝဝန်းကျင်မှာ စွန့်ပစ်ပစ္စည်းတွေအဖြစ် ရောက်ရှိသွားပါတယ်။ စွန့်ပစ်ပလပ်စတစ် သေးငယ်တဲ့ အပိုင်းအစတွေဟာ ရေအရင်းအမြစ်တွေ၊ မြေဆီလွှာတွေနဲ့ ၊ လူ့တွေရဲ့ ခန္ဓာကိုယ်တွေထဲအထိ ပျံ့နှံ့သွားတတ်တဲ့အကြောင်း သဘာဝဝန်းကျင် ထိမ်းသိမ်းရေးအရာရှိတွေက သတိပေးနေပါတယ်။

ကုလသမဂ္ဂက ဦးဆောင်ပြီး ဥတုရာသီပြောင်းလဲမှုထိန်းချုပ်ရေး၊ ပလပ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး၊ ဂေဟဗေဒစနစ်တွေထိန်းသိမ်းရေးနဲ့ သဲကန္တာရမြေတွေတိုးမလာအောင် ဟန့်တားရေး စတဲ့ဆွေးနွေးပွဲတွေကို ကျင်းပခဲ့ပေမယ့် သိသာထင်ရှားတဲ့ သဘောတူညီမှုမရခဲ့တဲ့အတွက် လည်း ကုလရဲ့ လုပ်ငန်းစဥ်အပေါ် မေးခွန်းတွေထုတ်လာပါတယ်။