မုံရွာမြို့အဝင်ဂိတ်အနီး စစ်ကောင်စီယဉ်တန်းမိုင်းဆွဲခံရပြီး ပစ်ခတ်မှုတချို့ရှိ

မုံရွာမြို့ (ယခင်ပုံဟောင်း)

မုံရွာကနေတဆင့် အင်အားဖြည့်ပေးနေတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရလို့ မုံရွာမြို့အဝင်မှာ ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့တွင်းမှာတော့ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်နေတဲ့ကြားမှာပဲ၊ ရာဇဝတ်မှုတချို့ရှိနေတယ်လို့လည်း ပြောပါတယ်။ စစ်ကိုင်းတိုင်း မုံရွာမြို့အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်က မအူစစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ ၉ ရက်၊ နေ့လည်ပိုင်းအချိန် ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရလို့ စစ်ကောင်စီဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ မုံရွာ-အမြန်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

"ကား ၅ စီးလာတာကို မိုင်းဆွဲတော့ ၁ စီးထိသွားတယ်ကြားတယ်။ အဲဒါကြောင့် ပြန်ရမ်းပစ်တာလို့ပြောတယ်။ သူတို့ အင်အားဖြည့်ပေးနေတာ အစီးပေါင်းက ၅၀ နီးပါးရှိနေပြီ။ တပ်မ (၃၃) ကနေထွက်လာတာပေါ့။ ဘုတလင်ကိစ္စ နောက်ပိုင်းကိုမှ မုံရွာကနေ တခြားနေရာကို အင်အားတိုးဖြည့်နေတာ တော်တော်ကိုများတယ်။"

ဘုတလင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက စစ်ကောင်စီရဲ့ တပ်မ(၃၃) စစ်ကြောင်းထိုးနေပြီးတော့ မုံရွာကနေတဆင့် အင်အားဖြည့်ပေးနေတယ်လို့ ပြောပါတယ်။ မုံရွာမြို့ပေါ်မှာတော့ စစ်ကောင်စီဘက်က လုံခြုံရေးကင်းလှည့်တာတွေ နေ့စဉ်ရှိနေတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

"သူတို့ကတော့ အမြဲတမ်း ကင်းပတ်နေတယ်ဗျ။ တရက်ကို သုံးပတ်လောက်တော့ အမြဲတမ်းပတ်တယ်။ တခါတလေ ၃စီး၊ တခါတလေ ၂စီး။ သူတို့အရေးပေါ် ရောက်လာရင်တော့ လက်နက်တွေရော အင်အားသုံးလာတာပေါ့လေ။ အရေးပေါ်မဟုတ်ဘူး၊ ရိုးရိုးတန်းတန်းဆိုရင်တော့ အရပ်ဝတ်နဲ့လည်း သူတို့ပတ်နေကြတာ။ ဓားပြတိုက်တာတို့၊ အနုကြမ်းစီးတာတို့ကလည်း မြို့ပေါ်ပဲဖြစ်နေတာ။"

စစ်ကောင်စီဘက်က ကင်းလှည့်တာတွေရှိနေပေမယ့် တရားခံမပေါ်တဲ့ လုယက်မှုတွေကလည်း ပိုပြီးများလာတယ်လို့ ပြောပါတယ်။ မြို့ပေါ် တချို့ရပ်ကွက်တွေမှာတော့ စစ်ကောင်စီဘက်က အသွားအလာ သိပ်မရှိဘူးလို့ သိရပါတယ်။ လျှပ်စစ်မီတာခတွေကိုလည်း ကျသင့်ငွေထက် ပိုပြီးပေးဆောင်နေရတယ်လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

"လျှပ်စစ်မီတာတွေ လိုက်ကောက်နေတယ်။ လိုက်ကောက်တယ်ဆိုတာထက် သူတို့ဆီမှာ တချို့ကလည်း သွားဆောင်ကြတာပေါ့။ သူတို့ကအိမ်တွေမှာ လိုက်မဖတ်တော့ဘဲနဲ့ ဘလိုင်းကောက် ကောက်နေတယ်။ ကျနော်တို့ အရင်တုန်းက ၃,၀၀၀၊ ၂,၀၀၀ မီတာခကျတာလည်း အခုကတော့ ၁ သောင်းပေါ့ဗျာ။ အခုကတော့ ခြားနားသွားတာပေါ့။ သူတို့က လိုက်လည်းမကြည့်ဘူး။ ရပ်ကွက်တိုင်းလည်း သူတို့လိုက်မကြည့်ရဲဘူး ဖြစ်နေတယ်။"

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ အတည်ပြုပြီးတဲ့နောက် မုံရွာမြို့ပေါ် ရပ်ကွက်တွေမှာ လူငယ်အများစု ဖမ်းဆီးစုဆောင်းခံရတဲ့ အခြေအနေတွေက ဆက်တိုက်ဆိုသလို ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုနောက်ပိုင်းမှာတော့ ဖမ်းဆီးခေါ်ဆောင်ခံရတာ သိပ်မရှိတော့ပေမယ့် ပစ္စည်းလုယက်တဲ့ အခြေအနေတွေကတော့ ခပ်စိပ်စိပ်ရှိလာတယ်လို့ ပြောပါတယ်။ စစ်ကောင်စီရဲ့ ယာဉ်တန်းတွေကလည်း မုံရွာမြို့ကနေတဆင့် တခြားနေရာတွေဆီ အင်အားဖြည့်ပေးတာတွေ ရှိနေပြီး၊ ကြားဖြတ်တိုက်ခိုက်ခံရလို့ လက်နက်ကြီးနဲ့ပြန်လည် ပစ်ခတ်တာတွေကလည်း ရှိနေတယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

မုံရွာမြို့အဝင်ဂိတ်အနီး စစ်ကောင်စီယဉ်တန်းမိုင်းဆွဲခံရပြီး ပစ်ခတ်မှုတချို့ရှိ