စစ်ကိုင်းတိုင်း ရေဦးမြို့မှာ အမျိုးသား၊ အမျိုးသမီး ၅၀ နီးပါး ဖမ်းဆီးခံရပြီး ၁၀ ရက်နီးပါး ကြာတဲ့အထိ လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့ကို ဈေးဝယ်ဖို့ ထွက်လာတဲ့ အမျိုးသမီး ၂ ဦးလည်း ဖမ်းဆီးခံရတာ ရှိနေပါတယ်။ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းထဲက အခြေအနေတွေ ရန်ကုန်က ပေးပို့ထားပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ နောက်ဆုံး အပတ်မှာ စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ်မှာရှိတဲ့ အမျိုးသား ၄၀ လောက်နဲ့ အမျိုးသမီး ၁၀ ဦးကို မြို့ပေါ်မှာ အခြေချတပ်စွဲထားတဲ့ စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောတာပါ။
ဖမ်းဆီးခံရသူတွေဟာ အသက် ၃၅ နှစ် ပတ်ဝန်းကျင်တွေရှိပြီး စစ်တပ်က ဖော်ဆောင်မယ့် မြို့စောင့်တပ်မှာ စစ်မှုထမ်းဖို့ခေါ်ဆောင်တာလို့ ပြောလာတာပါ။ ဖမ်းဆီးခံရသူတွေထဲ ၃ ဦးဟာ ထွက်ပြေးပေမယ့် ၂ ဦးကို ပြန်လည် ဖမ်းမိခဲ့တယ်လို့ ရေဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံက အခုလို ပြောပါတယ်။
"ရေဦးမြို့ပေါ်မှာ ရပ်ကွက်တွေရှိတာပေါ့။ အောင်မင်္ဂလာ ဗိုလ်အောင်ဇေယျ ရွှေပြည်သာတို့က ပြည်သူတွေလည်း ဆွဲသွားတယ်။ ယောက်ကျားလေး စုစုပေါင်း ခန့်မှန်းခြေက ၄၀ နီးပါးလောက်ရှိမယ်။ သူတို့ စာရင်းထဲ ပါတဲ့သူတွေကော စာရင်းထဲ မပါတဲ့သူတွေကော အကုန်လုံးဆွဲတာ။ မိန်းကလေးက ၁၀ ယောက်လောက်ရှိမယ်။ မဇီးတောထဲ ဝင်ဆွဲသွားတာ။ ၁၀ ယောက်လောက်ရှိမှာ။ ပြန်မလွှတ်ဘူး။ မနေ့ကဆိုလည်း ၃ ယောက် ထွက်ပြေးကြတာပေါ့။ ဒီနေ့ ၃ ယောက်ထဲက ၂ ယောက်ကတော့ ဒီနေ့ ထပ်ဖမ်းခံရတာပေါ့။ အင်အားတော်တော်လိုနေလို့ပေါ့။ အစည်းအဝေး ဆုံးဖြတ်ချက်အရ မြို့စောင့်တပ်ဆိုပြီး ထားမလို့ ဒီလိုလုပ်လိုက်တာပဲ။"
ဒီတကြိမ် ဖမ်းဆီးခေါ်ဆောင်ခံရတာ ဒုတိယအကြိမ်လည်းဖြစ်ပါတယ်။ မေလတုန်းကလည်း မြို့ပေါ်က လူငယ်တွေ ဖမ်းဆီးခေါ်ဆောင်ခံရတာရှိပြီး ဒီတကြိမ်မှာတော့ အမျိုးသမီးတွေကို ဖမ်းဆီးသွားတာလည်း ဖြစ်ပါတယ်။ဖမ်းဆီးထားသူတွေကို ရေဦး အထက ၁ ကျောင်းထဲမှာ ခေါ်ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ဖမ်းဆီးခေါ်ဆောင်တာတွေရှိတဲ့အတွက် အသွားအလာနည်းပါးသွားပြီး စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေရတယ်လို့ ရေဦးမြို့ခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပေမယ့် စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အညီ ခေါ်ဆောင်တာသာ ရှိတယ်လို့ သတင်းမီဒီယာတွေကို ငြင်းဆိုလေ့ရှိပါတယ်။
ရေဦးမြို့ဟာ ခရိုင်အဆင့်မြို့တမြို့ဖြစ်ပြီး ဒီပဲယင်း ခင်ဦးမြို့နယ်တွေကို စစ်တပ်ရဲ့ ထိန်းချုပ်မှု အားနည်းသွားချိန်မှာ မြို့ပေါ်မှာရှိတဲ့ အစိုးရဝန်ထမ်းတွေကို ရေဦးမြို့ပေါ်ကို ပြောင်းရွှေ့ပြီး မြို့ပေါ်မှာ လက်နက်ကြီးတွေ တပ်ဆင်ပြီး ခံစစ် အခိုင်အမာ ပြင်ဆင်ထားပါတယ်။
မန္တလေးတိုင်း မြင်းခြံဘက်မှာဆိုရင်လည်း နွားထိုးကြီးမြို့ကနေ မြင်းခြံမြို့ကို ဈေးဝယ်ဖို့ တက်လာတဲ့ အမျိုးသမီး ၂ ဦးကို စစ်တပ် ထောက်ခံသူ ပျူစောထီးတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးပြောတာကတော့
"နွားထိုးကြီးမြို့နယ် တံစိုး မလည်ကနေပြီးတော့ မြင်းခြံမြို့ပေါ်ကိုသွားတာ။ မြင်းခြံမြို့ကို ဈေးသွားတာကို အဲ့မှာ မနက် ၉ နာရီလောက်မှာ သီတာယုမွန်တို့ အဖွဲ့က ဖမ်းသွားတာ။ တံစိုး မလည်က မသဲသဲလွင်နဲ့ မလင်းလဲ့လဲ့လှိုင် က ဖမ်းခံလိုက်ရတယ်။ လက်ဝဲက အမျိုးသမီး တယောက်ကတော့ ပြန်လွတ်လာတယ်။ သူတို့ မိဘတွေကလည်း လိုက်တယ်။ အဆက်အသွယ်မရဘူးပေါ့။ သူတို့ ကလေးတွေနဲ့ မတွေ့ရဘူး။ သူတို့ပြောလိုက်တာက သတင်းတွေကြားတာ ငွေဘယ်လောက်ပေးရင်လွတ်မယ်။ အဲ့လိုတွေပြောတယ်။ ဒါပေမယ့် အခုချိန်ထိ သူတို့နဲ့ အဆက်သွယ်ကို မရဘူး။ ကလေးတွေနဲ့ အဆက်အသွယ်မရဘူး။ဘယ်နေ့လွှတ်ပေးမယ် ဘယ်နေ့လွှတ်ပေးမယ် အဲ့လိုတွေ ပြောပြောပြီး ပြန်လွှတ်လိုက်တာ။"
သီတာယုမွန်ဟာ စစ်တပ်ထောက်ခံတဲ့ မြင်းခြံမြို့က ပျုစောထီးခေါင်းဆောင်ဖြစ်ပြီး မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို နယ်မြေရှင်းလင်းတာတွေ မကြာခဏ လုပ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်မှာလည်း မြင်းခြံမြို့ပေါ်က လက်ဖက်ရည်ဆိုင်နဲ့ လမ်းမှာသွားလာနေတဲ့ လူငယ် ၂၀ နီးပါးကို ဖမ်းဆီးသွားပြီး တချို့သာ ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။