(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ လက်ရှိအားဖြင့် လူ ၃,၀၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ တပြိုင်ထဲစစ်ဆေးနိုင်ဖို့ လိုအပ်တဲ့ ဓာတုနဲ့ စက်ပစ္စည်းတွေ အလုံအလောက်ရှိထားပြီလို့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန တာဝန်ရှိသူ တဦးက ပြောပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေ နောက်ထပ်ရောက်လာဖို့ ရှိသလို ရောဂါကာကွယ်ရေး အစိုးရဌာနဆိုင်ရာတွေကြား ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ COVID-19 နဲ့ ပတ်သက်ပြီး ဒီကနေ့လုပ်တဲ့ ဆွေးနွေးပွဲအတွင်း ပြောဆိုသွားတာတွေကို ကောက်နုတ်စုစည်း ပြီးတော့ ဗွီအိုအေသတင်းထောက် မစုစုက ဆက်ပြောပြပါမယ်။
မြန်မာနိုင်ငံက COVID- 19 စောင့်ကြည့်နဲ့ သံသယလူနာတွေမှာ ဒီရောဂါပိုးရှိ မရှိ စစ်ဆေးပေးနေတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL မှာ ရောဂါစစ်ဆေးဖို့ လိုအပ်တဲ့ စက်ပစ္စည်းတွေ အလုံအလောက်ထားရှိပြီး အရေးပေါ်စီမံချက် ရေးဆွဲနေတယ်လို့ ပြောပါတယ်။
“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတဲ့အခါကျတော့ အရေးပေါ်လာလို့ရှိရင် အရေးပေါ်စီမံချက်ဆိုပြီး ကျမတို့ ဆွဲနေပါတယ်။ ကျမတို့လည်း ဒီဘက်မှာ အဲလိုဆွဲထားတဲ့အပြင်ကို ဘာတွေဘယ်လိုလုပ်မလဲဆိုတာ စီမံထားတဲ့အပြင်ကို ကျမတို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနအနေနဲ့ လိုအပ်တဲ့ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေ Reagent တွေပေါ့နော်။ အဲဒီပစ္စည်းတွေကို ကျမတို့ စုဆောင်း ထားရှိပါတယ်။ အခုလောလောဆယ် လူ ၃,၀၀၀ ကျော်ကို စစ်ဆေးဖို့ ရှိပါတယ်။ နောက်ထပ်ရောက်လာဖို့တွေလည်း ထပ်ပြီးတော့ရှိပါတယ်။ အခုလောလောဆယ် ကျမတို့တောင်းထားတဲ့ US CDC တို့ဘာတို့ အဲလိုအဖွဲ့အစည်းတွေက ရောက်ဖို့တွေ မရောက်သေးပါဘူးရှင့်။”
ဒါကတော့ မြန်မာနိုင်ငံဆရာဝန်အသင်းက ဒီကနေ့ နေ့လည်မှာ ကျင်းပတဲ့ COVID-19 နဲ့ ပတ်သက်တဲ့ နောက်ဆုံးအခြေအနေ ဆွေးနွေးပွဲမှာ NHL က ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာဆွေတင်က ပြောသွားတာပါ။
ပြည်တွင်းက ကိုရိုနာရောဂါ စောင့်ကြည့်နဲ့ သံသယလူနာတွေကို စစ်ဆေးတာမှာ အရင်ကလို ပြည်ပပို့စရာ မလိုတော့ဘဲ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစပြီး ရန်ကုန်မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာပဲ စစ်ဆေးနေပြီဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး အချိန်မရွေး ကူးစက်လာနိုင်တာကြောင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အရှိန်မြှင့်ဆောင်ရွက်နေသလို NHL အနေနဲ့လည်း အရေးပေါ်စီမံချက်တွေကို ချထားပြီဖြစ်တဲ့အကြောင်း ဒေါက်တာဥမ္မာဆွေတင်က ပြောပါတယ်။
“စက်တွေ Reagent တွေအပြင် လူပေါ့နော်။ စစ်ဆေးတဲ့ Technician တွေ၊ ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ Microbiologist တွေ အနေနဲ့ဆိုရင် အစကတည်းက ကျမတို့စီမံချက်တွေ အခုချထားပြီးပါပြီ။ ကျမတို့ First line ၊ Second line ပေါ့။ First line က လူတွေများ မတော်တဆ ဖျားနာသွားတယ်၊ ကူးစက်သွားတယ်ဆိုရင် Second line အနေနဲ့လည်း Backup တွေ အနေနဲ့လည်း ကျမတို့ထပ်ပြီးတော့ Train ထားပါတယ်။”
လူထုအနေနဲ့ သတင်းအမှား ကောလဟာလတွေကို မယုံကြဖို့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတိပေးနှိုးဆော်ချက်တွေအတိုင်း တိတိကျကျ လိုက်နာပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
Your browser doesn’t support HTML5
[UNICODE VERSION]