COVID-19 သွားစစ်တဲ့ ဗွီအိုအေဝိုင်းတော်သူရဲ့ အတွေ့အကြုံ

ဗွီအိုအေ ဝိုင်းတော်သူ မဆုမွန်

(Zawgyi/Unicode)

ဗွီအိုအေ ဝိုင်းတော်သူ၊ ဝိုင်းတော်သားတွေထဲမှာ COVID-19 ရောဂါနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး ကိုယ်တိုင်ကိုယ်ကျသွားပြီးတော့ စစ်ဆေးထားသူကတော့ မဆုမွန်ပါ။ သူဘာကြောင့် အဲ့လိုသွားပြီးတော့ စစ်ဆေးဖို့ဆုံးဖြတ်ခဲ့သလဲဆိုတာ မဆုမွန်ကို ကိုကျော်ကျော်သိန်းက ဆက်သွယ် မေးမြန်းထားပါတယ်။ မဆုမွန်က သူ့ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီးတော့ အခုလိုအရင်ဆုံး ပြောပြထားပါတယ်။

မဆုမွန်။ ။ အခုကတော့ ကိုယ်ကတော့ တော်တော်လေးပူနေတုန်းပဲ။ နောက်ပြီးတော့ ချောင်းလည်းဆိုးတယ်ပေါ့နော်။ နောက်ပြီးတော့ နှာလည်းတော်တော်လည်း စေးနေတယ်ပေါ့နော် ... ဟုတ်ကဲ့။

SEE ALSO: COVID-19 အန္တရာယ် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ စိုးရိမ်

ကိုကျော်ကျော်သိန်း။ ။ အခုဟာက ဒီလိုခံစားနေရတာတွေအပြင် ဘယ်လိုအခြေအနေ၊ ဘယ်လို အကြောင်းကြောင့် မဆုမွန် ဒီ ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိဆိုတာကို စစ်ဖို့အတွက် ဆုံးဖြတ်လိုက်တာလဲ။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့်။ ကျမ လွန်ခဲ့တဲ့ တလလောက်ကတုန်းကတော့ ပြင်းထန်တုပ်ကွေးပေါ့ ဒီ Influenza A ဆိုတဲ့ type ပေါ့နော် ... အဲ့ဒီ တုပ်ကွေးမိထားတယ်။ အဲ့ဒါတော့ မိထားတာ တလလောက်ရှိပီ။ ဒါပေမဲ့ ဒီ သုံး၊ လေးရက်အတွင်းမှာ ကျမ ကိုယ်တွေ ညနေတိုင်း အရမ်းပူလာတယ်။ ပြီးတော့ ချောင်းအရမ်းပြန်ဆိုးလာတယ်။ ပြီးတဲ့အခါကျတော့ နှာလည်း အရမ်းမွန်လာတယ်ပေါ့နော်။ ပြီးတော့ အဓိကကတော့ ကျမကိုယ်အရမ်းပူလာတယ်။ ပူလာတဲ့အခါကျတော့ ကျမမှာ စိတ်ပူတဲ့ဟာ ရှိတယ်။ အဲ့ဒီအချိန်နဲ့ တချိန်တည်းမှာပဲ ကျမအခုနေနေတဲ့ Apartment မှာ COVID-19 positive ဖြစ်တဲ့ လူနာတယောက်ကို တွေ့တယ်ဆိုပြီးတော့ ကျမတို့ရဲ့ အဆောက်အဦးက အကြောင်းကြားတယ်။ ဆိုတော့ ကျမက ဒီလို လက္ခဏာဖြစ်လာတဲ့အခါကျတော့ ကျမမှာ တုပ်ကွေးဖြစ်နေတာလား၊ COVID-19 ဖြစ်နေတာလားဆိုပြီးတော့ အရမ်းကိုမှ စိုးရိမ်တဲ့စိတ်ဖြစ်မိတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ ကျမက ဒီဟာကို စစ်ဖို့ ဆိုပြီးတော့ ဆုံးဖြတ်လိုက်တာပါရှင့်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့။ အဲ့ဒီလို စစ်ဖို့ ဆုံးဖြတ်တဲ့အခါကျတော့ မဆုမွန် ပထမဦးဆုံး ဘာလုပ်ရလဲ။

ဗွီအိုအေ ဝိုင်းတော်သူ မဆုမွန်

မဆုမွန်။ ။ ဒီ COVID-19 အရေးပေါ်လိုင်းရှိတယ်ပေါ့နော်။ ကျမတို့ ဝါရှင်တန်ဒီစီမှာဆိုရင် 311 ရှိတယ်။ ဆိုတာ့ 311 ကို ခေါ်ပြီးတော့ ကျမ COVID စစ်ချင်တယ်လို့ ပြောပါတယ်။ ပြောတဲ့အခါကျတော့ သူတို့က ကျမကို အဆင့်ဆင့်ပေါ့နော် ဒီ Counseling လုပ်တဲ့သူတွေ နောက်မေးခွန်းလုပ်တဲ့ ဖုန်းလိုင်းတွေကို တဆင့်ပြီးတဆင့် လွဲှပေးပါတယ်။ ကျမမှာ ဘယ်လို ရောဂါလက္ခဏာတွေ ရှိနေလဲ၊ ကျမ ဘယ်မှာနေနေလဲ၊ ကျမ ဘာကြောင့် စစ်ဖို့ ဆုံးဖြတ်သလဲဆိုတာကို သူတို့က အဆင့်ဆင့်မေးပါတယ်။ နောက်ဆုံးတခုမှာတော့ သူတို့က ကျမကို မေးပါတယ်။ ကျမမှာ အမြဲတမ်း ပြနေတဲ့ ဆရာဝန်ရှိလားပေါ့နော်။ အဲ့ဆရာဝန်ရဲ့ ခွင့်ပြုချက်ကို ရတယ်ဆိုလို့ရှိရင်တော့ ကျမက သူတို့ဆီမှာ လာပြီးစစ်မယ်ဆိုလို့ရှိရင်တော့ အဆင်ပြေတယ်လို့ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝါရှင်ဒန်ဒီစီမှာ အခုက ထောင်နဲ့ ချီပြီးတော့ ပိုးတွေ တွေ့နေတဲ့အခါကျတော့ လူတွေအများကြီးကို တပြိုင်နက်ထဲ စစ်ဖို့ သူတို့ အခက်အခဲရှိတဲ့အတွက် တကယ်လိုအပ်တဲ့သူကိုပဲ စစ်ဖို့ သူတို့ ဆုံးဖြတ်ထားတယ်။ ဒါကြောင့်မို့လို့ ဆရာဝန်ရဲ့ ထောက်ခံစာသဘောမျိုး ယူခဲ့ပါလို့ ပြောပါတယ်။ ဒါကြောင့်မို့လို့ အဲ့ဟာကို စစ်ဖို့အတွက် ကျမ အနည်းဆုံး အချိန် သုံးရက်၊ လေးရက်လောက်ကို ယူခဲ့ရပါတယ်ရှင့်။

ကိုကျော်ကျော်သိန်း။ ။ မဆုမွန် စစ်ချင်တယ်လို့ စပြီးပြောတဲ့နေ့ကနေ စပြီးတော့ ခုဏမဆုမွန်ပြောတဲ့ ဒီနေ့ဆိုတာက ကျနော်တို့ ဧပြီလ ၉ ရက်၊ ကြာသပတေးနေ့ပေါ့နော်။ အဲ့ကြားထဲမှာဆိုရင် ဘယ်နှစ်ရက် ကြာအောင်စောင့်လိုက်ရလဲ။

မဆုမွန်။ ။ သုံးရက်ကြာအောင် စောင့်လိုက်ရပါတယ်ရှင့်။

ကိုကျော်ကျော်သိန်း။ ။ အဲ့ဒီတော့ မဆုမွန်က ဧပြီလ ၉ ရက်၊ ကြာသပတေးနေ့မှာ သွားပြီးတော့ စစ်တယ်။ ဘယ်လိုတွေ့ကြုံရသလဲ ... အဲ့ဒါလေး ရှင်းပြပါဦး။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင့်။ ကျမဆေးရုံရောက်တဲ့ အချိန်မှာ အဓိက မေးတာတော့ အသက်ရှှုရကြပ်သလားဆိုတာကို ထပ်ခါထပ်ခါ မေးတယ်။ ကိုယ်အပူချိန်က ဘယ်လောက်ရှိသလဲလို့ ပြောတယ်။ ကျမ မသွားခင်ထဲကလည်း ကိုယ်အပူချိန်ကို တောက်လျှောက်တိုင်းသွားတယ်ပေါ့နော်။ ဆိုတော့ ကျမကိုယ်အပူချိန်က မငြိမ်ဘူး။ ၉၈ ကနေ ၁၀၀ ကြားထဲမှာ ဖြစ်နေတယ် စသဖြင့်ပေါ့နော်။ ကျမကလည်း သူတို့နဲ့ တောက်လျှောက် သူတို့ပေးတဲ့ ညွှန်ကြားချက်တွေအတိုင်းပဲ ကျမ အဆင့်ဆင့်ပြောသွားတော့ ကျမရဲ့ ရောဂါ လက္ခဏာကို သူတို့ကို ပြောပြတာပေါ့။ ပြောပြတဲ့အခါမှာ သူတို့က ဒါဆိုလို့ရှိရင် မင်းကို ငါတို့ မိနစ်ပိုင်းအတွင်းမှာပဲ COVID-19 စစ်မယ်လို့ ပြောပါတယ်။

ကိုကျော်ကျော်သိန်း။ ။ အဲ့ဒါက တယ်လီဖုန်းထဲမှာပဲ ပြောနေတာပေါ့။

မဆုမွန်။ ။ ဟုတ်ကဲ့။ ဖုန်းထဲမှာပဲ ပြောနေတာပါရှင့်။

ကိုကျော်ကျော်သိန်း။ ။ အဲ့ဒီရောက်တဲ့အချိန်မှာ တခြားလူတွေလည်း မရှိဘူး၊ လူလည်း ရှင်းတယ်ပေါ့။ လာစစ်တဲ့ အခြားသူတွေ မရှိဘူး။

မဆုမွန်။ ။ မရှိပါဘူးရှင်။ ဟုတ်ကဲ့။

ကိုကျော်ကျော်သိန်း။ ။ ဆိုတော့ အဲ့ဒီ အခုစစ်ထားပြီးတော့ အဖြေကို ဘယ်လောက်ကြာရင် သိရမယ်လို့ ပြောလဲ။

မဆုမွန်။ ။ ဒီရောဂါ လက္ခဏာ positive ဖြစ်သလား၊၊ negative ဖြစ်သလား၊ ရှိလား၊ မရှိလားဆိုတဲ့ဟာကို ကျမကို ခုနစ်ရက်ကနေ ဆယ်ရက်အတွင်း ဒီထက်လည်း စောနိုင်တယ်လို့ပြောပါတယ်။ အဲ့ဒီမှာ ဖုန်းနဲ့ တိုက်ရိုက်အကြောင်းကြားမယ်၊ အီးမေးလ်နဲ့လည်း အကြောင်းကြားမယ်။ လိုအပ်လာလို့ရှိရင် ဆေးရုံကို ပြန်လာရမယ်လို့ ပြောပါတယ်ရှင့်။

COVID-19 ရောဂါကို ကိုယ်တိုင်ကိုယ်ကျ သွားပြီးတော့ အစစ်ခံထားတဲ့ ဗွီအိုအေဝိုင်းတော်သူ မဆုမွန်ပြောပြသွားတာပါ။

Your browser doesn’t support HTML5

COVID-19 သွားစစ်တဲ့ ဗွီအိုအေဝိုင်းတော်သူရဲ့ အတွေ့အကြုံ

[Unicode Version]
















