သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 အန္တရာယ် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ စိုးရိမ်


ဂျပန်နိုင်ငံ Tokyo မြို့ရှိ နှာခေါင်းစည်းများ တပ်ထားတဲ့ လူတချို့ (ဧပြီ ၀၆၊ ၂၀၂၀)
ဂျပန်နိုင်ငံ Tokyo မြို့ရှိ နှာခေါင်းစည်းများ တပ်ထားတဲ့ လူတချို့ (ဧပြီ ၀၆၊ ၂၀၂၀)

(Zawgyi/Unicode)

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကမ္ဘာတဝှမ်းနဲ့ အာရှနိုင်ငံတွေမှာပါ ကူးစက်ပျံ့နှံမှုတွေ ပိုတိုးမြင့်လာချိန် နိုင်ငံတကာနဲ့ အာရှနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ရင်ဆိုင်တွေ့ကြုံနေရတဲ့အခြေအနေတွေကို ကျမ ဆုမွန်က စုစည်းတင်ပြပေးချင်ပါတယ်။

☞ မြန်မာပြည်က ပြန်မယ့်သူ ၂၆၇ ယောက် အမေရိကန်သံရုံးကူညီတဲ့ သတင်းလည်း ဖတ်နိုင်ပါပြီ။

အခုဆိုရင်တော့ နိုင်ငံအရေးပေါ် အခြေအနေကြေညာဖို့အထိဖြစ်လာနေတဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ မနေ့တနင်္ဂနွေနေ့က လူ ၁၃၀ ကျော်အထိ တရက်တည်း ကူးစက်မှုအများဆုံး ကူးစက်ခံလိုက်ရပြီးတဲ့နောက်မှာတော့ ဂျပန်နိုင်ငံသားတွေနဲ့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့ စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ မလိုအပ်ရင် အပြင်မထွက်နဲ့လို့တိုကျိုအုပ်ရေးမှူးကပြောနေတဲ့ အတွက် ဂျပန်နိုင်ငံ တိုကျို Arkawaku Machiya မှာနေထိုင်တဲ့ ကိုကိုလှိုင်ကတော့ လက်ရှိကျောင်းတက်နေရဆဲ မူကြိုအရွယ်ရင်သွေးငယ်လေးအပါအဝင် မိသားစုအတွက် သူ့ရဲ့စိုးရိမ်မှု ပြောပြပါတယ်။

"ဟုတ်တယ်ခင်ဗျ။ အိမ်ထဲမှာ နေဖို့ပြောတာက ခက်တာက ဂျပန်မှာက မူကြိုတွေကို ကျောင်း မပိတ်ဘူး ဖြစ်နေတယ်။ ခုက အလယ်တန်းတွေ၊ အထက်တန်းတွေပဲ ပိတ်ထားတာဆိုတော့လေ ... ဒီမှာက သမီးအငယ်ဆုံးလေးက မူကြိုထားရတော့ အဲ့ဒါကို နည်းနည်းပြဿနာတက်နေတယ်။ အလုပ်နားရတာ၊ ဘာညာကို အစိုးရက စိတ်ပူနေပုံရတယ်။ ဂျပန်မှာလည်း မြန်မာအများစုလည်းပဲ အခု အလုပ်ပြုတ်တာ၊ ဘာညာ အများကြီးပဲလေ။ တချို့ဆိုရင် အလုပ်လုံးဝမရှိတာရှိတယ်၊ တပတ် ၁ ရက်၊ ၂ ရက် ဆင်းရတာရှိတယ်။ အဲ့ဒီ့အတွက်လည်း သူတို့တွေလည်း နေဖို့၊ ထိုင်ဖို့၊ စားဖို့၊ သောက်ဖို့က အခက်အခဲရှိတာပေါ့နော်။ လက်ရှိ ဂျပန်-မြန်မာသံရုံးကတော့ ဒုက္ခရောက်နေတဲ့သူကို ဘယ်လို ကြည့်ပေးမယ်ဆိုတာကတော့ မထွက်လာသေးဘူးပေါ့နော်။ ဒါပေမဲ့ အားလုံးကတော့ ကိုယ့်အားကိုယ်ကိုးပုံစံမျိုးနဲ့ပဲ သွားလာနေရတာ အဲ့လိုပုံစံဖြစ်နေတယ်။ နောက်တခုက အကောင်းဆုံးကတော့ ကိုယ့်ကိုယ်ကို ရောဂါမရအောင်လို့ ကာကွယ်ဖို့ပဲ ရှိတာပေါ့နော် ခုနကပြောသလို အိမ်မှာပဲနေတော့လည်း အမရယ် စားဝတ်နေရေးကလည်း ရှိသေးတယ်မို့လား။ မိသားစု၊ စီးပွားရေး၊ လူမှုရေးပေါ့နော်၊ ရောဂါအရေး တွေးရင်းတွေးရင်းနဲ့ နေစရာကို မရှိပါဘူး အမရယ်။ အဲ့လိုပုံစံ ဖြစ်နေတယ်။"

မြန်မာနဲ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ခရီးသွားလာရေးကန့်သတ်မှုတွေနဲ့ COVID-19 ကူးစက်ပြန့်ပွားမှု အန္တရာယ်ထိန်းချုပ်ကာကွယ်ရေး တင်းတင်းကျပ်ကျပ် လုံခြုံရေးဆောင်ရွက်နေချိန်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတဝှမ်း လုပ်ငန်းခွင်တွေရပ်နား စီးပွားရေး လုပ်ငန်းတော်တော်များများ ပိတ်လိုက်ချိန်မို့ ထိုင်းရောက်မြန်မာတွေ အလုံးအရင်းနဲ့ပြန်နေကြချိန် ဒီလိုအခြေအနေမှာ ထိုင်းနိုင်ငံထဲ ကျန်ခဲ့တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် စီးပွားရေးအခက်အခဲတွေရှိလာပြီး ကျန်းမာရေးနေထိုင်ရေး စိုးရိမ်စရာအခြေအနေမှာရှိနေပါတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရွှေပြောင်းအလုပ်သမားတွေကို ပညာသင်ပေးနေတဲ့ ဦးမြင့်ဝေက အခြေအနေပြောပြပါတယ်။

"အလုပ်ရှင်အချို့က မြန်မာနိုင်ငံသားတွေကို ခွင့်ဆိုပြီးတော့ ပေးလိုက်တယ်။ အလုပ်မဖြုတ်ဘူးပေါ့။ ဥပမာ သုံးလနားခွင့်ပေးတယ် ... အိမ်ပြန်ရင် ပြန်နေပေါ့။ အခက်အခဲဖြစ်လာတဲ့အချိန်မှာ ဒီက အလုပ်ရှင်တွေ ကိုယ်တိုင်ကလည်း အလုပ်သမားကို ထိန်းထားရကောင်းမလား ... အဲဒီလို စိုးရိမ်နေကြတော့ အလုပ်ပြုတ်၊ အလုပ်တွေဘာတွေ နားပြီးတော့ အဲ့လို အခက်အခဲဖြစ်တော့ တချို့က အခန်းတွေထဲမှာ စုပြီးနေတာ အဲ့ဒါတခုတော့ စိုးရိမ်စရာ ဖြစ်မိတယ်။ Social Distance မရှိတော့ဘူးလေ။ အခန်းကျဉ်းထဲမှာ သူငယ်ချင်းတွေလာစုနေတာ ဖြစ်တယ် အဲ့ဒါတခုတော့ စိုးရိမ်စရာ ရှိတယ်။ အဲဒါကို ဘယ်လို ဖြေရှင်းရမလဲမသိဘူး။ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဖြစ်နေတယ် အဲဒါတခုတော့။"

အရင်တုန်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မြင့်မားခဲ့တဲ့ တောင်ကိုရီးယားမှာတော့ အတိုင်းအတာ တခုအထိ ထိန်းချုပ်လာနိုင်သလို ကိုရီးယားအစိုးရ တာဝန်ရှိသူတွေရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှုကာကွယ်ရေး စနစ်တကျညွှန်ကြားမှုတွေကို တောင်ကိုရီးယားမြန်မာတွေ လိုက်နာကြဖို့တိုက်တွန်းကြပါတယ်။ အခုလက်ရှိမှာလည်း ကိုရီးယားရောက်မြန်မာတွေဘက်က မြန်မာနိုင်ငံတွင်း COVID19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းတွေအတွက် ကိုရီးယားမြန်မာသံရုံးနဲ့အတူ ပူးပေါင်းပံ့ပိုးကူညီပေးနေကြပါတယ်။ တောင်ကိုရီးယားနိုင်ငံ အင်ချွမ်းမှာနေတဲ့ ကိုရန်နိုင်ထွန်းက လက်ရှိကိုရီးယားနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနဲ့ လူထုလိုက်နာဖို့ ဆောင်ရွက်နေတာတွေကိုပြောပြပါတယ်။

"ဒီမှာကတော့ ဒီမြန်မာသံရုံးကနေပြီးတော့ ဦးဆောင်ပြီးတော့ COVID-19 ထိန်းချုပ်ကာကွယ်ရေးကော်မတီ ကိုရီးယားဆိုပြီး ဖွဲ့ထားတာ ရှိပါတယ်။ အဓိကကတော့ ကိုရီးယားအစိုးရက ဒီ ရောဂါစတင်ပြီးတော့ ဖြစ်ကတည်းက ကြပ်ကြပ်မတ်မတ်နဲ့ သူတို့ ဆောင်ရွက်ပါတယ်။ ထိန်းသိမ်းမှုတွေ၊ ကာကွယ်မှုတွေ၊ ထိန်းချုပ်မှုတွေကို အလျင်အမြန် လုပ်တယ်။ ပြည်သူလူထုတွေကို ထိရောက်တဲ့ အကာအကွယ်ဖြစ်အောင် သူတို့ ဆောင်ရွက်နေတာတွေကို တွေ့ရှိရပါတယ်။ လက်ရှိမှာ ကျနော်တို့ ဒီ ကလေးတွေ ကျောင်းတွေ၊ တက္ကသိုလ်ကျောင်းတွေကတော့ လက်ရှိအချိန်ထိ ပိတ်ထားပါတယ်။ အိမ်က သမီးနဲ့ သားနဲ့ ရှိတယ်။ သမီးကတော့ သူ့ကျောင်းက လေးလပိုင်း ၁၆ ရက်နေ့က စပြီးတော့ online ကနေပြီးတော့ စသင်ကြားဖို့အတွက် အစိုးရက စတင်ပြင်ဆင်နေပါပြီ။ ကျောင်းတွေကတော့ ဘယ်တော့မှ ပြန်ဖွင့်မယ်ဆိုတာကတော့ အခုချိန်အထိ ကြေညာထားခြင်း မရှိသေးပါဘူး ခင်ဗျ။"

ကိုဗစ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်စရာအခြေအနေမှာရှိနေတဲ့ ဒိန်းမတ်နိုင်ငံ Copenhagen ကိုဗေဟေကင်မြို့မှာနေထိုင်တဲ့ ကိုအောင်ခင်မြင့်ကလည်း ဒိန်းမတ်မှာနေတဲ့ မြန်မာတွေရင်ဆိုင်နေရတဲ့ ကိုဗစ်ကာလ စိန်ခေါ်မှုတွေနဲ့ စိုးရိမ်မှုတွေကို ပြောပြပါတယ်။

"အစ်ကိုတို့ ဒိန်းမတ်ကတော့ ဆေးရုံပေါ်ကို ရောက်နေတဲ့ အရေအတွက်ကတော့ ပြန်ကျလာတယ်။ ဒါပေမဲ့ သေတဲ့အရေအတွက်က ကျတော့ မနေ့ကို တော်တော် မြှင့်တယ်။ မနေ့ကဆို ၂၁ ယောက် သေတယ်။ ဒီနေ့တော့ ၁၉ ယောက်သေတယ်။ အစ်ကိုတို့လည်း စိုးရိမ်တယ်။ ဒီရောဂါက ဒီမှာတော့ လူကြီးတော်တော်များများတော့ ဆုံးကြတာပေါ့နော် ဒီဒိန်းမတ်မှာ။ အကိုတို့အလုပ်ကတော့ သုံးပတ် ပိတ်ထားတယ် ညီမရယ်။ အကို့အမျိုးသမီးကတော့ ဆေးရုံမှာ အလုပ်လုပ်နေရတော့ သူကတော့ ဆေးရုံကို အလုပ်ဆင်းနေရတယ်။"

အခုလက်ရှိမှာတော့ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ တောင်ကိုရီးယားနိုင်ငံစတဲ့ အာရှနိုင်ငံတွေအပါအဝင် နိုင်ငံတကာက မြန်မာသံရုံးတွေဘက်ကတော့ ဒီကိုဗစ်အရေးပေါ်ကာလမှာ သက်ဆိုင်ရာမြန်မာနိုင်ငံသားတွေအနေနနဲ့ မိမိတို့ရောက်ရှိနေတဲ့နိုင်ငံတွေရဲ့ ကျန်းမာရေးလုံခြုံရေးပိုင်းဆိုင်ရာ ညွှန်ကြားချက်တွေကို တိကျစွာလိုက်နာကြဖို့နဲ့ ကျန်းမာရေးစစ်ဆေးလိုတာအပါအဝင် နေအိမ်ပြန်လိုတာမျိုး အရေးပေါ်အဆက်သွယ်လိုအပ်လာရင် အချိန်မရွေးဆက်သွယ်ကြဖို့ ကြေညာချက်တွေကိုလည်း ဆက်တိုက်ထုတ်ပြန်နေချိန်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]













XS
SM
MD
LG