COVID-19 နဲ့ ရင်ဆိုင်နေရတာကြောင့် တနိုင်ငံလုံးအပစ်ရပ်ဖို့ KNU တောင်းဆို

၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသော တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့နှင့် ကေအဲန်ယူတပ်မှူးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့။ (မှတ်တမ်းဓာတ်ပုံ - Karen National Union Headquarters Facebook)

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်ပိုး COVID-19 ကူးစက်ရောဂါ ပြန့်ပွားနေတဲ့အခြေအနေကြောင့် မြန်မာအစိုးရနဲ့တပ်မတော်အနေနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲကြောင်းကြေညာပေးဖို့ KNU ကရင်အမျိုးသားအစည်းအရုံးကနေ တောင်းဆိုတဲ့သတင်းကို ပြောပြပေးမှာပါ။

မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်မြန်ရောဂါကို အဖွဲ့စည်းတိုင်းအားစိုက် တိုက်ဖျက်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ တပ်မတော်အနေနဲ့ ကြိုတင်သတ်မှတ်ချက်မထားတဲ့ တနိုင်ငံလုံးအပစ်ရပ်စဲကြောင်း ကြေညာပေးဖို့ တောင်းဆိုတာလို့ KNU အထွေထွေအတွင်းရေးမှူးပဒိုစောတာဒိုမှူးက ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာလည်း တိုက်ပွဲတွေ ဖြစ်နေကြတယ်။ နောက်ဒီရောဂါကလည်း လူတွေကနေတယောက်ပြီး တယောက် ကူးသွားနိုင်တဲ့ အခြေအနေရှိပြီးတော့ ကာကွယ်ဆေးကလည်းမရှိသေးတဲ့ကာလဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ တိုက်တွန်းတာကတော့ အစိုးရတပ်မတော်အနေနဲ့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြိုတင်သတ်မှတ်ချက် မရှိဘဲနဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်ပြီးတော့ ဒီလုပ်ငန်းမှာ အားစိုက်ထည့်ဝင်တဲ့ အဖွဲ့စည်းတိုင်းကနေပြီးတော့ ဒီကပ်ရောဂါကြီးကို ကျနော်တို့ ကာကွယ်တိုက်ဖျက်တဲ့နေရာမှာ ပိုပြီးအားထဲ့နိုင်အောင် ဆိုတဲ့မျှော်လင့်ချက်နဲ့ ဖြစ်ပါတယ်။”

အထူးသဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသအတွင်း လူဦးရေသိန်းချီရှိနေတဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေလုပ်ဆောင်ဖို့ဟာ စစ်ရေးပဋိပက္ခတွေရှိနေရင် လုပ်ဆောင်ဖို့ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတာပါ။

ဒါကြောင့်လို့ စစ်ဘေးရှောင်တွေအတွက် ရောဂါမဖြစ်ပွားရလေအောင် ကူညီစောင့်ရှောက်နိုင်ဖို့ အပစ်ခတ်ရပ်စဲဖို့ လိုအပ်တယ်လို့ပဒိုစောတာဒိုမှူးက ပြောပါတယ်။

“ကျနော်တို့ အပစ်ခတ်ရပ်စဲရေး လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်လေလေ IDP တွေပိုများလာလေလေ။ ဒီကူးစက်ရောဂါကအတွက် ကျနော်တို့ကာကွယ်မှုပိုပြီးတော့မဲ့လာလေလေ။ ဆိုတဲ့ဟာ က တပူပေါ်နှစ်ပူဆင့် ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်တို့ အဓိက IDP ပေါ့နော်။ စစ်ဘေးရှောင်ဒုက္ခသည်အတွက်က အရမ်းကို အန္တရာယ်များပါတယ်။ မြို့နေလူတန်းစားတောင်မှ အကြီးကျယ်ကို စိုးရိမ်နေရတဲ့အချိန်မှာ နယ်မှာခိုကိုးရာမဲ့ဖြစ်တဲ့ IDP တွေအတွက် အရမ်းကိုကျနော်တို့ စိုးရိမ်ပါတယ်။”

အပစ်ခတ်ရပ်စဲသင့်ကြောင်း တောင်းဆိုချက်အပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘာမှပြောဆိုဖို့မရှိကြောင်း ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လုပ်ဆောင်နေသူ တဦးကတော့ လက်ရှိတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် အပစ်ရပ်စဲဖို့ခက်ခဲမဲ့ အခြေအနေရှိတယ်လို့ပြောပါတယ်။

အလားတူအရပ်ဘက်အဖွဲ့အစည်း ၅၂ ဖွဲ့ နှင့် တသီး ပုဂ္ဂလ ၂ ဦးတို့ကနေ COVID-19 အရေးပေါ်ကာလအတွင်း စစ်ပွဲများ ခြွင်းချက်မရှိ ရပ်တန့်ဖို့နဲ့ ရခိုင်နဲ့ ချင်းပြည်နယ်အတွင်း အင်တာနက်ပြန်လည်ဖွင့်ပေးဖို့အပါအဝင် တောင်းဆိုချက် ၇ ချက်ကို ဒီကနေ့မှာ တပ်မတော် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို အရေးပေါ် တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။

လက်ရှိမြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရှောင်ဒုက္ခသည်တွေ သိန်းချီရှိနေသလို သူတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါဝင် အကူညီပေးရေးမှာ ခက်ခဲနေတယ် လို့ ဝံလတ်ဖေါင်ဒေးရှင်းဒါရိုက်တာခိုင်ကောင်းစံကပြောပါတယ်။

“ဒီ COVID က ကပ်ရောဂါ ဒီလိုမျိုးဖြစ်နေတဲ့အခါကျတော့ စစ်ဘေးဒုက္ခသည်တွေမှာက ကျန်းမာရေးအထောက်အပံ့ တော်တော်လေး အခက်ခဲရှိတယ်။ သွားရောက်ဖို့အခက်ခဲက ဘာရှိလည်းဆိုတော့ အစိုးရရဲ့ ခွင့်ပြုချက်က။ ဒါပေမဲ့ နိုင်ငံ တကာအဖွဲ့အစည်းတွေက ဒါကိုအားစိုက်ပြီးတော့မှ အစိုးရကို ခွင့်ပြုဖို့ တောင်းဆိုဖို့လိုတယ်။ ခက်ခဲတာက အစိုးရရဲ့ ခွင့်ပြုချက်ပေါ့နော်။ အဲဒီတော့ နိုင်ငံတကာအဖွဲ့တွေကို လွတ်လတ်စွာခွင့် သတင်းသမားတွေကို လွတ်လတ်စွာသွားလာဖို့ ခက်ခဲမှုကလည်း ကျနော်တို့အတွက် စိန်ခေါ်မှု တခုလိုဖြစ်နေတာပေါ့။”

လက်ရှိ စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ဖို့ စစ်ရေးပဋိပက္ခတွေရပ်ဆိုင်းဖို့ လိုအပ်တယ်လို့ သူကဆိုပါတယ်။

COVID-19 အရေးပေါ်ကာလအတွင်း တကမ္ဘာလုံးရှိ ပစ်ခတ်တိုက်ခိုက်တွေကို ရပ်စဲပြီး ရောဂါကာကွယ်တားဆီးရေး မှာ ဝိုင်းဝန်းအားစိုက်လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးက မတ်လ၊ ၂၃ ရက်နေ့မှာ မေတ္တာရပ်ခံတောင်းဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

COVID-19 နဲ့ ရင်ဆိုင်နေရတာကြောင့် တနိုင်ငံလုံးအပစ်ရပ်ဖို့ KNU တောင်းဆို

[Unicode Version]













