Your browser doesn’t support HTML5
မြန်မာ့တရားစီရင်ရေးစနစ်မှာ မြို့နယ်၊ ခရိုင်၊ တရားလွှတ်တော်နဲ့ တရားလွှတ်တော်ချုပ် စသဖြင့် အဆင့် (၄) ဆင့် ရှိပါတယ်။ မြို့နယ်တရားရုံး (၃၃၀)၊ ခရိုင်တရားရုံး (၇၂) ရုံး၊ တရားလွှတ်တော် (၁၄) ခုနဲ့ တရားလွှတ်တော်ချုပ် (၁) ခု ရှိပါတယ်။ အများဆုံး ထောင်ဒဏ် (၇) နှစ် (သို့မဟုတ်) ဒဏ်ငွေ (၁) သိန်း ချမှတ်နိုင်တဲ့ ပြစ်မှုကို မြို့နယ်တရားရုံးက ကြားနားစစ်ဆေးပြီး ဒီထက်ပိုပြီး ပြင်းထန်ကြီးလေးတဲ့ အမှုတွေကိုတော့ ခရိုင်တရားသူကြီးရုံးက စစ်ဆေးပါတယ်။ အများအားဖြင့် ဥပဒေအရာရှိ (သို့မဟုတ်) တရားစွဲဆိုရေးအရာရှိက ပြစ်မှုတွေကို တရားစွဲလေ့ ရှိပါတယ်။ ဒါပေမဲ့ တိုင်တန်းသူ တရားလိုမှာလည်း ရှေ့နေငှားပိုင်ခွင့် ရှိပါတယ်။
တရားသူကြီးတွေရဲ့ လုပ်ပုံကိုင်ပုံမှာ တရားမျှတမှု၊ သမာသမတ်ရှိမှု၊ ဓမ္မဓိဋ္ဌာန်ကျမှု စတာတွေ ရှိမရှိ၊ လေ့လာဆန်းစစ်ဖို့အတွက် အင်္ဂလန်အခြေစိုက် Justice Base အဖွဲ့ဟာ မြန်မာ့ရှေ့နေ (၃) ဦးကို ငှားရမ်းပြီး ကွင်းဆင်းလေ့လာစေခဲ့ပါတယ်။ လေ့လာသူ ရှေ့နေတွေဟာ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်နဲ့ ခရိုင်ရုံးတွေမှာ ကြားနာမှု (၁၁၅၈) ခုကို ၂၀၁၆ က လေ့လာဆန်းစစ်ပါတယ်။ တရားစွဲခံရသူဟာ အခွင့်အရေးတွေ ဆုံးရှုံးပြီး၊ တရားရေးဝန်ထမ်းနဲ့ ရဲအဖွဲ့ဝင်တွေ မတရားလုပ်တာကို ငြိမ်ခံနေရပါတယ်။ တရားရုံးဟာ သက်ဆိုင်ရာဝန်ထမ်းတွေရဲ့ ငွေရှာရာဌာနလို ဖြစ်နေတာကို တွေ့ရပါတယ်။
နိုင်ငံတကာ ဥပဒေအရ ပြစ်မှုစွပ်စွဲခံရသူမှာ ခုခံချေပပိုင်ခွင့် ရှိပါတယ်။ ဒီအခွင့်အရေးထဲမှာ ရှေ့နေငှားပိုင်ခွင့်လည်း ပါဝင်ပြီး၊ မငှားနိုင်သူကို အစိုးရက ရှေ့နေငှားပြီး ပံ့ပိုးရပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာလည်း ခုခံချေပခွင့်ကို အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့ အမှုပေါင်း (၁၅၅) မှုမှာ (၉၀) ရာခိုင်နှုန်းဟာ တရားစွဲခံရသူတွေဟာ အစောပိုင်းမှာ ဥပဒေအကျိုးဆောင် (သို့မဟုတ်) ရှေ့နေ မရှိကြပါဘူး။ တရားလိုဘက်က ဥပဒေအရာရှိက လျှောက်ထားချက်တင်ပြပြီးတဲ့ နောက်ပိုင်းမှသာ တရားစွဲခံရသူဟာ ရှေ့နေ ရလေ့ရှိပါတယ်။ ဥပမာ ကြားနာမှုမစခင် သုံးရက်အလိုမှာ တရားစွဲခံရသူကို ရှေ့နေငှားပေးတာမျိုး ဖြစ်ပါတယ်။ ဒီကြားထဲ တရားစွဲခံရသူ ရှေ့နေမရနိုင်အောင် အာဏာပိုင်ဘက်က အထူးသဖြင့် ရဲက အတားအဆီး အခက်အခဲတွေလုပ်တာ တွေ့ရပါတယ်။ တရားစွဲခံရသူဘက်ကလိုက်တဲ့ ရှေ့နေဟာ တရားသူကြီး ငြိုငြင်မှာ စိုးရိမ်လို့ တရားရုံးမှာ လုပ်သင့်တာမလုပ်ဘဲ၊ တာဝန်ပျက်ကွက်တာတွေ ရှိပါတယ်။
ချုပ်နှောင်ခံရစဉ်မှာ မတော်မတရား အလုပ်ခံရတာတွေကို တရားရုံးမှာ တင်ပြဖို့ တွန့်ဆုတ်နေကြပါတယ်။ တရားသူကြီးနဲ့ ရေရှည်ဆက်ဆံရမှာဖြစ်လို့ တရားသူကြီး စိတ်ဆိုးမယ့်ကိစ္စတွေကို တရားစွဲခံရသူရဲ့ ရှေ့နေက မလုပ်ချင်ဘူးလို့ ဆိုပါတယ်။ သက်သေခေါ်ဖို့ ရှေ့နေက တောင်းဆိုတာကို တရားသူကြီးက လက်မခံလို့ အဆိုကို ရုတ်သိမ်းလိုက်ရတာလည်း ရှိပါတယ်။ တရားစွဲခံရသူဘက်က လိုက်တဲ့ရှေ့နေကို မြန်မြန်လုပ်ဖို့ တရားသူကြီးက ဖိအားပေးတာမျိုးလည်း ရှိပါတယ်။ တရားစွဲခံရသူဘက်ကို ခုခံပြင်ဆင်ဖို့ အချိန်အလုံအလောက် မပေးနိုင်တာဟာ မြန်မာ့တရားစီရင်ရေးရဲ့ အဓိက ချို့ယွင်းချက်တခု ဖြစ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းရဖို့အတွက် တရားဝင်အဖိုးအခအပြင် လက်ဖက်ရည်ဖိုး အမြဲပေးရပါတယ်။
လေ့လာတဲ့အမှု (၅၀) ရာခိုင်နှုန်းကျော်မှာ တရားစွဲခံရသူနဲ့ သူ့ရှေ့နေဟာ သီးခြားလွတ်လပ်စွာ တွေ့ဆုံဆွေးနွေးခွင့် မရကြတာ တွေ့ရပါတယ်။ ရှေ့နေနဲ့ နှစ်ဦးချင်း တွေ့ဆုံနိုင်တဲ့နေရာ မရှိပါဘူး။ တရားခွင်ကို ဂရုမစိုက်တဲ့ တရားသူကြီးတွေလည်း ရုံးလေ့လာသူတွေ တွေ့ခဲ့ပါတယ်။ အမှုစစ်နေတုန်းမှာ အပြင်လူနဲ့ စကားပြောတဲ့ တရားသူကြီး၊ အမှုကြားနာတုန်း တယ်လီဖုန်းပြောတဲ့ တရားသူကြီး၊ အိပ်ပျော်သွားတဲ့ တရားသူကြီး စတဲ့ အကျင့်ပျက်တွေအကြောင်းလည်း ဖော်ပြပါတယ်။ တရားစွဲခံရသူကို ချေပခွင့်မပေးဘဲ ပြစ်ဒဏ်ခံရမှာ သေချာလို့ ဝန်ခံလိုက်တာ ပိုကောင်းတယ်လို့ အကြံပေးတဲ့ တရားသူကြီးလည်း ရှိပါတယ်။ တရားရုံးတခုတည်းမှာ ရာဇဝတ်မှု (၁) မှုနဲ့ တရားမမှု (၂) မှု စုစုပေါင်း (၃) မှုကို တပြိုင်တည်း ကြားနာတဲ့ တရားသူကြီးလည်း ရှိပါတယ်။ ဒီလိုလူမျိုးကို နာမည်ပါ ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။
တရားစီရင်ရေးအဆင့်တိုင်းမှာ လာဘ်ပေးရတာဟာ ပုံမှန်လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါပြီ။ အာမခံနဲ့ လွှတ်ပေးဖို့အတွက်ဆိုရင် တရားသူကြီးကိုရော ဥပဒေအရာရှိကိုရော ငွေကြေးပူဇော်ပသ ရပါတယ်။ တရားရုံးစာရေးတွေကို လာဘ်ပေးရတာဟာ တရားစွဲခံရသူရဲ့ ကုန်ကျစရိတ် ဖြစ်ပါတယ်။ တရားခွင့်စာရေးဟာ တရားရုံးခန်းတခုလုံးမှာ အရေးကြီးဆုံး ပုဂ္ဂိုလ် ဖြစ်နေပါတယ်။ ငွေပေးနိုင်ရင် အမှုမစစ်ဘဲ စာရေးက ရုံးချိန်းပေးပါတယ်။ စီရင်ချက်ချဖို့ (၃) နှစ်ကြာတဲ့ အမှု (၁) ခုမှာ အမှုမစစ်ဘဲ ရုံးချိန်း (၁၆) ကြိမ် ပေးခဲ့တာ တွေ့ရပါတယ်။ တရားရုံးစာရေးနဲ့ တရားသူကြီး ဝိုင်းလုပ်ဝိုင်းစား ဖြစ်နေပုံ ရပါတယ်။
တရားစီရင်ရေးမှာ အမှုသဘောသဘာဝကိုလိုက်ပြီး အုပ်ချုပ်ရေးပိုင်း၊ စစ်ဗိုလ်၊ ဒေသအာဏာပိုင်တွေ စတာတွေ ပေးတဲ့အမိန့်အတိုင်း စီရင်ဆုံးဖြတ်တဲ့ တရားသူကြီးလည်း ရှိပါတယ်။ အကျင့်ဟောင်းရှိနေတာမို့ အထက်က ညွှန်ကြားမှုကြောင့် အမှုကို ပလပ်ရမယ်လို့ ထုတ်ဖော်ပြောဆိုတဲ့ တရားသူကြီးလည်း ရှိပါတယ်။ အာဏာရှင်အလိုကျ နှစ်ပေါင်းများစွာ အမိန်နာခံခဲ့တဲ့ မြန်မာ့တရားစီရင်ရေးဟာ နိုင်ငံတကာစံနှုန်းနဲ့ လုံးဝညီညွှတ်ခြင်းမရှိဘူးလို့ Justice Base အဖွဲ့ အစီရင်ခံစာမှာ မှတ်ချက်ချထားပါတယ်။