သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားစီရင်ရေး ကြားနာခွင့်


တရားစီရင်ရေး ကြားနာခွင့်
please wait

No media source currently available

0:00 0:05:19 0:00
တိုက်ရိုက် လင့်ခ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ မှာ ရွေးကောက်ပွဲနိုင်ပြီး အစိုးရဖွဲ့နိုင်တာကို ဒီမိုကရေစီ အာရုဏ်ဦးလို့ ခေါ်ကြပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တရားတဲ့ဥပဒေစိုးမိုးဖို့ အရေးကြီးကြောင်း NLD က အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ မြန်မာ့တရားစီရင်ရေးမှာ လာဘ်စားမှု၊ အုပ်ချုပ်ရေးဌာနကြီး ကြီးစိုးမှု၊ တရားသူကြီးနဲ့ ရှေ့နေတွေ စွမ်းရည်နိမ့်ကျမှု စတဲ့ပြဿနာတွေကို ကြုံတွေ့နေရပါတယ်။ အာဏာရှင်အစိုးရ ခိုင်းသမျှလုပ်လာခဲ့တဲ့ တရားစီရင်ရေးစနစ်ကို ပြည်သူကို အယုံအကြည် မရှိကြပါဘူး။ ထင်သလိုလုပ်တာကို ပြည်သူမမြင်နိုင်အောင် တံခါးပိတ်ပြီး တရားစီရင်တာ ခေတ်စားခဲ့ပါတယ်။

စစ်အာဏာရှင်ခေတ်က ကျင့်သုံးခဲ့တဲ့ တံခါးပိတ်လျှို့ဝှက် တရားစီရင်ရေးဓလေ့ဟာ နည်းမျိုးစုံနဲ့ ဆက်ပြီးရှင်သန်နေပုံရပါတယ်။ တရားစီရင်တာကို ပြည်သူကြားနာခွင့်ရှိတယ်လို့ ၂၀၀၈ အခြေခံဥပဒေက ဆိုပေမယ့် အကျင့်ဟောင်းသက်ဆိုးရှည်နေတာကို Justice Base အဖွဲ့က စုံစမ်းပြီး စာတမ်းထုတ်ထားပါတယ်။ လန်ဒန်အခြေစိုက် Justice Base အဖွဲ့ဟာ တရားဥပဒေစိုးမိုးရေးအတွက် အရပ်သားအသင်းအဖွဲ့နဲ့ ရှေ့နေတွေကို ကူညီထောက်ပံ့ဖို့ ၂၀၁၂ မှာ တည်ထောင်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ အင်္ဂလန်၊ အမေရိကန်၊ မြန်မာ နဲ့ သြစတေလျ ဥပဒေပညာရှင် (၁၂) ဦး ပါဝင်တဲ့ နိုင်ငံတကာပညာရှင်အဖွဲ့ ဖြစ်ပါတယ်။

ရန်ကုန်မြို့က တရားရုံး (၃၆) ခုမှာ စစ်ဆေးတဲ့ ရာဇဝတ်မှုနဲ့ တရားမှု နှစ်ရာကျော်ကို ၂၀၁၆ မှာ ဒေသခံလေ့လာသူ (၄) ဦး စေလွှတ်ပြီး၊ တစ်လလောက် လေ့လာစေပါတယ်။ ကြားနာစီရင်မှုအဆင့် အားလုံးကို လေ့လာပါတယ်။ ဒါပေမဲ့ လေ့လာတဲ့ တရားရုံး (၂၀) ရာခိုင်နှုန်းမှာ ဝင်ရောက်ဖို့ အခက်အခဲနဲ့ အတားအဆီး တွေ့ရတယ်လို့ ဆိုပါတယ်။ တရားရုံးအများစုမှာ လေ့လာသူဟာ မှတ်ပုံတင်ကဒ်ကို ဝန်ထမ်းတွေဆီမှာ ထားခဲ့ရပါတယ်။ ကြားနာမှုနဲ့ ဆက်နွယ်မှုမရှိရင် မယုံသင်္ကာ ဖြစ်တတ်ပါတယ်။ တာဝန်မှတပါး မဝင်ရလို့ ရေးထားတဲ့ ဆိုင်းဘုတ်ပြထားတဲ့ တရားရုံးလည်း ရှိပါတယ်။ တရားသူကြီးကိုယ်တိုင် စစ်ဆေးမေးမြန်းပြီးမှ ဝင်ခွင့်ပြုပါတယ်။ ဝင်ခွင့်ကဒ်ပြားရှိမှ ဝင်ခွင့်ပေးတဲ့ တရားရုံးလည်း ရှိပါတယ်။ ဝင်ခွင့်ကဒ်ပြားရဖို့ အကြောင်းပြရတဲ့အထိ တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတာကိုလည်း တွေ့ရပါတယ်။

Justice Base အဖွဲ့က တရားရုံးကို စေလွှတ်လိုက်တဲ့ လေ့လာသူတွေထဲမှာ တဝက်လောက်သာ အခက်အခဲမရှိဘဲ တရားရုံးခန်းတွေထဲ ဝင်ခွင့်ရကြပြီး ကျန်တဝက်ကတော့ စစ်ဆေးမေးမြန်းခံရပြီးမှ ဝင်ခွင့်ရကြပါတယ်။ “အခွင့်မရှိ မဝင်ရ” သို့မဟုတ် “ဝင်ခွင့်တောင်းပါ” ဆိုတဲ့ ဆိုင်းဘုတ်ကို အပြင်မှာ ကပ်ထားတဲ့ တရားရုံးတွေလည်း ရှိပါတယ်။ တရားရုံးမှာ နေရာမရှိလို့ ဝန်ထမ်းတွေက အပြင်လူအဝင်မခံဘဲ တားမြစ်တာလည်း ရှိပါတယ်။ Jusitce Base က လေ့လာတဲ့တရားရုံး သုံးပုံနှစ်ပုံမှာ အပြင်လူအတွက် ထိုင်စရာ ခုံမရှိပါဘူး။ သက်တောင့်သက်သာ ရပ်စရာနေရာ မရှိဘူးလို့ ဆိုပါတယ်။ မြို့နယ်တရားရုံးဟာ အလွန်ကျဉ်းမြောင်းတာမို့ တရားရုံးဝန်ထမ်းနဲ့ အမှုသည် ပျှမ်းမျှလူဦးရေ (၈) ဦးလောက်အတွက်သာ ထိုင်ခုံနဲ့နေရာ ရှိတာများပါတယ်။ လေ့လာသူတွေဟာ စင်္ကြန်မှာ မတ်တပ်ရပ်ပြီး ကြားနာကြရပါတယ်။

နေရာအခက်အခဲအပြင် အများပြည်သူ အပေါ့အပါးသွားဖို့ ရေအိမ်ကို အသုံးပြုနိုင်တာကလည်း ပြဿနာတခုလို့ ဆိုပါတယ်။ ရေအိမ်ကို သော့ခတ်ထားလို့ အသုံးပြုခပေးရသလို၊ တရားသူကြီးနဲ့ ရုံးစာရေးဆီမှာ ရေအိမ်သော့ တောင်းရတာမျိုးလည်း ရှိပါတယ်။ တရားရုံးလေ့လာသူကို တရားသူကြီးက မယုံသင်္ကာဖြစ်ပြီး သူကို ထောက်လှမ်းဖို့လာတာလားလို့ မေးမြန်းတာလည်း ရှိပါတယ်။ တနည်းဆိုတော့ တံခါးပိတ်လျှို့ဝှက် တရားစီရင်မှုမှာ အကျင့်ပါနေတဲ့ တရားသူကြီးနဲ့ ဝန်ထမ်းတွေဟာ လေ့လာသူ ရှိနေတဲ့အတွက် မလုံမလဲ ဖြစ်နေကြတာပါ။ တရားရုံးတွေဟာ ပြည်သူဝင်ရောက်နားထောင်မှာကို မလိုလားကြတာ ထင်ရှားပါတယ်။ အများပြည်သူကလည်း တရားရုံးကို မသွားသင့်တဲ့နေရာအဖြစ် မြင်ကြပါတယ်။ အာဏာရှင်စနစ်က ထားခဲ့တဲ့ အမွေးဆိုးဟာ နည်းမျိုးစုံနဲ့ ဆက်လက်ရှင်သန်နေပါတယ်။

မြန်မာ့တရားစီရင်ရေးစနစ်ကို အများပြည်သူက ယုံကြည်အားထားလာဖို့အတွက် တရားခွင်ကို အချိန်မရွေး ဝင်ရောက်ကြည့်ရှုခွင့် ပေးရပါလိမ့်မယ်။ နောက်ပြီးတော့ အဂတိလိုက်စားမှု၊ အုပ်ချုပ်ရေးပိုင်းရဲ့ စွက်ဖက်မှု၊ တရားရေးပညာ အလေ့အကျင့်အားနည်းမှု စတဲ့ပြဿနာတွေကိုလည်း ဖြေရှင်းရပါလိမ့်မယ်။ တရားရုံး ကြားနာမှုတွေကို အများပြည်သူ တက်ရောက်လေ့လာနိုင်အောင် ဆောင်ရွက်ပေးမယ်လို့ တရားလွှတ်တော်ချုပ်က Justice Base အဖွဲ့ကို အကြောင်းကြားပါတယ်။ လောလောဆယ်တော့ ဝင်ခွင့်ချုပ်ချယ် ကန့်သတ်တာတွေကို ဖယ်ရှားပေးဖို့ Justice Base အဖွဲ့က အကြံပေးထားပါတယ်။

တရားရုံးကြားနာခွင့်ကို ဘယ်လိုအချိန်အခါမှာ ပိတ်ပင်သင့်တယ်ဆိုတာကို တရားသူကြီးချုပ်က ညွှန်ကြားချက် ထုတ်ရမယ်လို့လည်း ဆိုပါတယ်။ ဥပဒေအရ လုပ်ပိုင်ခွင့်မရှိဘဲ တရားရုံးဝန်ထမ်းတွေက ပိတ်ပင်တားမြစ်နေတာကို ရပ်ဆိုင်းဖို့ အချိန်ရောက်ပြီးလို့ ဆိုပါတယ်။ တရားရုံးတွေကို ပြည်သူလူထု ဝင်ထွက်သွားလာနိုင်ရင် တရားစီရင်ရေးဆိုင်ရာ ပြည်သူ့အမြင်လည်း ပြောင်းလဲလာနိုင်ပါတယ်။ ဒါကြောင့် ပြည်သူ့ဆက်ဆံရေးနဲ့ ပတ်သက်ပြီး တရားသူကြီးနဲ့ တရားရုံးဝန်ထမ်းတွေကို တရားလွှတ်တော်ချုပ်က သင်တန်းပေးသင့်ကြောင်း Justice Base အဖွဲ့က အကြံပေးထားပါတယ်။

XS
SM
MD
LG