Your browser doesn’t support HTML5
မြန်မာနိုင်ငံရဲ့ ဒုတိယအဆင်းရဲဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်အကြောင်း ကမ္ဘာ့မီဒီယာတွေ စိတ်ဝင်စားနေကြပါတယ်။ ဘင်္ဂလီအနွယ်ဝင် အများအပြား ထွက်ခွါမှုနဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်ကို လူသိများနေပါတယ်။ တပြည်လုံးမှာ ဆင်းရဲသားဦးရေ (၄၀) ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းပြီး ရခိုင်ပြည်နယ်မှာတော့ (၈၀) ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ တပြည်လုံးမှာ ဆင်းရဲသားဦးရေ ကျဆင်းလာချိန်မှာ ရခိုင်ပြည်နယ်မှာတော့ တိုးပွားနေပါတယ်။ ရခိုင်ပြည်နယ်သားတဦးရဲ့ တနှစ်ဝင်ငွေဟာ မြန်မာနိုင်ငံသားတဦးရတဲ့ တနှစ်ဝင်ငွေရဲ့ တဝက်တောင် မရှိဘူးလို့ သိရပါတယ်။
ရခိုင်မှာ လူဦးရေ သုံးသန်းနှစ်သိန်း ရှိပါတယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဟာ ရခိုင်ပြည်နယ်ထက် (၄) ဆသာ ကျယ်ဝန်းပေမယ့် လူဦးရေက (၁၆၅) သန်း ရှိပါတယ်။ ရခိုင်ပြည်နယ်ကို ဥပဒေမဲ့ ဝင်ရောက်မှု၊ မွတ်စလင်မှာ မွေးဖွားနှုန်း မြင့်မားမှု၊ လူငယ်တွေ နိုင်ငံခြားမှာ အလုပ်လုပ်မှု စတာတွေကြောင့် ရခိုင်ပြည်နယ်မှာ ဒေသခံဦးရေ နည်းနေပုံရပါတယ်။ မွတ်စလင်ဦးရေ (၃၀) ရာခိုင်နှုန်းကျော်ရှိတယ် ဆိုပေမယ့် မောင်းတောမှာတော့ (၉၀) ရာခိုင်နှုန်းဟာ မွတ်စလင် ဖြစ်ပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးပြီး ပဋိပက္ခ ပြင်းထန်တဲ့နေရာကို ဖွံ့ဖြိုးအောင် လုပ်ရာမှာ အခက်အခဲတွေ အများကြီး ရှိနိုင်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ ရေရှည်ပြဿနာကို ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။ ဒီကိစ္စဟာ တဖြည်းဖြည်းလုပ်ယူရမှာဖြစ်လို့ နှစ်ပေါင်းအတော်ကြာမှ ဖြေရှင်းနိုင်မယ့်သဘော ရှိပါတယ်။ လောလောဆယ်တော့ လူသားချင်းစာနာတဲ့ ထောက်ပံ့ကယ်ဆယ်မှု ပေးနိုင်ဖို့ကသာ အရေးကြီးနေပုံ ရပါတယ်။ ရခိုင်တိုင်းရင်းသားဟာ ရခိုင်ပြည်နယ်မှာ လူနည်းစု ဖြစ်လာလိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်ဟာလည်း လူမျိုးရေး နဲ့ ဘာသာရေး ပြဿနာကို တအုံနွေးနွေး ဖြစ်စေပါတယ်။ မွတ်စလင်နဲ့ ရခိုင်လူ့အဖွဲ့အစည်းကြားမှာ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာရေး ကျင့်စဉ်ဓလေ့တွေ ကွဲပြားခြားနားတာကလည်း ရင်ကြားစေ့ရေးကို ခက်ခဲစေပါတယ်။ ဒါကြောင့်မို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအစီအစဉ်မှာ ကုလသမဂ္ဂဟာ မပါလို့မဖြစ်ဘဲ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့ ယူဆကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေဟာ တည်ငြိမ်သေးတာ မဟုတ်ပါဘူး။ အစိုးရနဲ့ လက်တွဲလုပ်သူကို မွတ်စလင်လက်နက်ကိုင်က ရန်လုပ်နေဆဲ ဖြစ်ပါတယ်။ အခြားခရိုင်တွေမှာ အကြမ်းဖက်မှု မရှိသေးပေမယ့် ပြည်နယ်တခုလုံး ကျီးလန့်စာစား ဖြစ်နေပါတယ်။ လူ့အဖွဲ့အစည်းအချင်းချင်း ကွာဟမှု ကြီးမားလာလေလေ အားလုံးလက်ခံနိုင်မယ့် နိုင်ငံရေးအဖြေရှာနိုင်ဖို့ ခက်ခဲလေလေ ဖြစ်လာတယ်လို့ အာနန်ကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၁၂ လူမျိုးရေးအဓိကရုဏ်းနောက်ပိုင်း ယုံကြည်မှု တည်ဆောက်ရတာ ခက်ခဲလာတဲ့အတွက် ကူးသန်းရောင်းဝယ်ရေး ကျဆင်းလာပါတယ်။ ချုပ်ခြယ်ခံရတဲ့ မွတ်စလင်စီးပွားရေး လုပ်ငန်းတွေများလေလေ အစိုးရဝန်ထမ်းကို လာဘ်ထိုးမှု များလေလေ ဖြစ်ပါတယ်။ လုပ်ငန်းကိုင်ငန်း မကောင်းလို့ ရခိုင်ပြည်နယ်က ထွက်ခွါသွားတဲ့ အလုပ်သမားတွေလည်း များလာပါတယ်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါမှာ ဒေသခံတွေ အကျိုးအမြတ် ခံစားနိုင်အောင်လုပ်ဖို့ အစိုးရကို အာနန်ကော်မရှင်က အကြံပေးထားပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရဲ့ အကျိုးသက်ရောက်မှုအားလုံးကို လေ့လာပြီး ပြည်နယ်စီးပွားရေးကဏ္ဍတွေ ခံစားရမယ့် ကောင်းကျိုးဆိုးပြစ်တွေကို သုံးသပ်ဖို့ ဗဟိုအစိုးရကို တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်မှာ လိုအပ်တဲ့ လုပ်သားအင်အားကို သိရှိနိုင်အောင် စစ်တမ်းကောက်ယူဖို့လည်း အကြံပေးထားပါတယ်။ ကုန်လမ်းရေလမ်း လျှပ်စစ်ဓါတ်အားစတဲ့ အခြေခံအဆောက်အအုံတွေမှာ ပိုမိုရင်းနှီးမြုပ်နံှဖို့နဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးအောင် လုပ်ဆောင်ဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။ ခေတ်မီ စိုက်ပျိုးရေးလုပ်ငန်း၊ မျိုးစပါး ကောင်းမွန်ရေးနဲ့ စက်မှုလယ်ယာမှာ လယ်သမားတွေကို ပညာပေးရမယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အရေးကြီးပါတယ်။ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ ကုန်သွယ်ရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ ဒုက္ခသည်များ နေရာချထားရေး၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေး မှောင်ခိုမှု တိုက်ဖျက်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ နယ်စပ်လုံခြုံရေး စတာတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ လက်တွဲလုပ်ကိုင်ရမယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ နယ်စပ်ရေးရာမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အမြင်ကွဲပြားပါတယ်။ ဒီလို အမြင်ချင်း အယူအဆ ကွဲပြားခြားနားတာကို တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ ဖြေရှင်းသင့်တယ်လို့ အာနန်ကော်မရှင်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ဖို့အတွက် မောင်တောစီးပွားရေးဇုန် တည်ဆောက်ဖို့ စီစဉ်နေကြောင်း စက်တင်ဘာလ (၁) ရက်နေ့ထုတ် မြန်မာတိုင်းမ်မှာ ဖော်ပြထားပါတယ်။ မောင်တောမြို့နယ် ကညင်ချောင်းကမ်းပါးဒေသက မြေဧကတရာမှာ ကုန်သွယ်ရေးနဲ့ ကုန်ထုတ်လုပ်ရေးဇုန်ကို အစိုးရနဲ့ ပုဂ္ဂလိတို့ လက်တွဲတည်ဆောက်မယ့် စီမံကိန်း ဖြစ်ပါတယ်။ လယ်ယာထွက်ကုန်နဲ့ ရေထွက်ပစ္စည်းကို မောင်တောက တင်ပို့တာ ရှိခဲ့ပေမယ့် ဘင်္ဂလားဒေ့ရှ်က တင်သွင်းတာမျိုး မရှိသေးပါဘူး။ ဒါကြောင့် မောင်တောစီးပွားရေးဇုန်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေကို တိုင်းတာမယ့် ပြဒါးချိန် ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။