ဒေါ်အောင်ဆန်းစုကြည် ဆယ်စုနှစ်ရဲ့ အသံအဖြစ် ဂုဏ်ပြုခံရ

ဒေါ်အောင်ဆန်းစုကြည် ဆယ်စုနှစ်ရဲ့ အသံအဖြစ် ဂုဏ်ပြုခံရ

အခုအသံလွှင့်နေတဲ့အချိန်မှာပဲ ဝါရှင်တန်မြို့တော်ရဲ့ အထင်ကရ ကနေဒီစင်တာ ခေါ် သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် အဆောက်အဦးကြီးမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကမ္ဘာတဝှမ်းက အမျိုးသမီးခေါင်းဆောင် တချို့ကို ဂုဏ်ပြုတဲ့အခမ်းအနား ကျင်းပနေပါတယ်။ ဝါရှင်တန်အခြေစိုက် Vital Voices Global Partnership လို့ခေါ်တဲ့ အဖွဲ့ကြီးက ဒီဆုကို ရွေးချယ် ချီးမြှင့်တာဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် ကိုယ်တိုင် ဆုချီးမြှင့် ဂုဏ်ပြုစကားပြောကြားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲက အမျိုးသမီးထုအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကို ကမ္ဘာက အထူး စောင့်ကြည့်နေတယ် ဆိုတာ ပြသဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဆုရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်တဲအ့ကြောင်း Vital Voices ခေါ် အမျိုးသမီးထု အတွက် မရှိမဖြစ် အသံများလို့ အဓိပ္ပါယ်ရတဲ့ အဖွဲ့ကြီးရဲ့ အကြီးအကဲတွေက ပြောပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။

ဒီမိုကရေစီစနစ် ခိုင်မာဖို့နဲ့ လူ့အခွင့်အရေးကို တန်ဖိုးထား ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းကြတဲ့ ကမ္ဘာတဝှမ်းက အမျိုးသမီး ခေါင်းဆောင်တွေကို ဝါရှင်တန်အခြေစိုက် The Vital Voices Global Partnership အဖွဲ့က နှစ်စဉ် ဂုဏ်ပြုချီးမြှင့်လေ့ ရှိပါတယ်။ ဒီနှစ်မှာတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆယ်စုနှစ်ရဲ့ အသံ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုချီးမြှင့် ဂုဏ်ပြုတာဖြစ်ပါတယ်။ ဒီအဖွဲ့ကို အရင် သမ္မတကတော် ဖြစ်ခဲ့တဲ့ လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက် တို့နဲ့ စတင် တည်ထောင်ခဲ့တာပါ။

ဆုပေးပွဲ မကျင်းပခင် နာရီပိုင်းအလို ဝါရှင်တန်မြို့တော် သတင်းစာဆရာများ အသင်း အဆောက်အဦးမှာ Vital Voices Global Partnership အဖွဲ့က အကြီးအကဲတွေနဲ့ ဒီနှစ်အတွက် ဆုလက်ခံရရှိသူတွေ သတင်းစာရှင်းလင်းပွဲ ကျင်းပပါတယ်။ ဒီအဖွဲ့ရဲ့ အလုပ်အမှုဆောင် အကြီးအကဲဖြစ်တဲ့ Alyse Nelson က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ဒီအခမ်းအနားမှာ တခြား ဂုဏ်ပြုခံရတဲ့ သူတွေလို ရောက်မလာနိုင်တဲ့ ဆဋ္ဌမမြောက် ပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ သူဟာ ပြီးခဲ့တဲ့ ၂၂ နှစ် အတွင်းမှာ ၁၅ နှစ်လောက် နေအိမ်အကျယ်ချုပ် ထိမ်းသိမ်းခံခဲ့ရပြီး ပြန်လည် လွတ်မြောက်ခဲ့ပေမဲ့ တကယ်တော့ လွတ်လွတ်လပ်လပ် သွားလာနိုင်သေးတဲ့ သူတယောက် မဟုတ်ပါဘူး။ ပြည်တွင်းမှာတောင် အိမ်ပြင်ထွက်ခွင့် ရှိတယ်ဆိုရုံ သွားနိုင်သေးတာဖြစ်ပြီး ပြည်ပကို ခရီးထွက်နိုင်တဲ့ အနေအထား မရှိသေး ပါဘူး။ ကမ္ဘာတဝှမ်းမှာ လူထုက ခေါင်းဆောင်အဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ အမျိုးသမီးတွေတောင် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေ ပိတ်ပင်ခံနေရဆဲ ဖြစ်ပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေက ကျမတို့ကို သတိတရ ရှိစေပါတယ်။”

ဒီနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ဦးဆောင်လှုပ်ရှားသူများဖြစ်တဲ့ အိန္ဒိယနိုင်ငံသူ Sunitha Krishhnan၊ အရှေ့အလယ်ပိုင်းဒေသ ဂျုးနဲ့ အာရပ် လူ့အဖွဲ့အစည်းတွေအကြား သင့်မြတ်ရေးနဲ့ ယဉ်ကျေးမှု ကွာဟချက်တွေကို ကျော်လွှားနိုင်ရေး ကြိုးပမ်းသူ နှစ်ယောက်ဖြစ်တဲ့ Liron Peleg-Hadomi နဲ့ Noha Khatieb၊ ကင်မရွန်နိုင်ငံမှာ အမျိုးသမီးထုရဲ့ ဘဝတိုးတက်ဖို့ စီးပွားရေး အခွင့်အလမ်းတွေ ဖန်တီးခဲ့သူတဦး ဖြစ်တဲ့ Kah Walla နဲ့ အာဖဂန်နစ္စတန်မှာ အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးတဲ့ လုပ်ငန်းရှင် Fatema Akbari တို့ ရွေးချယ် ဆုချီးမြှင့် ခံရပါတယ်။

Vital Voice Global Partnership အဖွဲ့ကြီးရဲ့ အလုပ်အမှုဆောင် အကြီးအကဲ ဖြစ်တဲ့ Alyse Nelson ကတော့ သူဟာ ပြီးခဲ့တဲ့ သီတင်းပတ် ခြောက်ပတ်က ဒေါ်အောင်ဆန်းစုကြည်ကို လူကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ကနေဒီ စင်တာမှာ ကျင်းပတဲ့ ဆုပေးပွဲ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားကိုလည်း ကြားရမှာပါ လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အားလုံးက အာရုံစိုက်ပြီး စောင့်ကြည့်စေချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒကိုလည်း အမှာစကားမှာ ကြားရမှာဖြစ်ပါတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“ဒီဆုကို ရွေးချယ် ချီးမြှင့်လိုက်တဲ့အတွက် ဒီနေ့ ကျမတို့ အမျိုးသမီးတွေ၊ ကမ္ဘာတဝှမ်းက အမျိုးသမီးတွေဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မျက်ခြေမပြတ် စောင့်ကြည်နေတယ် ဆိုတာကို ပြသလိုက်တာပါ။ အမျိုးသမီးတွေအပေါ် ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ၊ အကျင့်ပျက် လာဘ်စားမှုတွေနဲ့ အဖြစ်အပျက်တွေ၊ တိုင်းရင်းသူ အမျိုးသမီးတွေအပေါ် အဓမ္မအကြမ်းဖက်မှုတွေ အကြောင်းကို ကျမတို့ ကြားသိထားပါတယ်။ မြန်မာနိုင်ငံအတွင်းက လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ထောက်ခံတဲ့ သင်္ကေတ တခုအဖြစ် ဒီဆုကို သတ်မှတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင် ခံထားရသူတွေရဲ့ ကိုယ်စား သင်္ကေတတခု ဖြစ်ပါတယ်လို့ Vital Voice Global Partnership အဖွဲ့ကြီးရဲ့ အလုပ်အမှုဆောင် အကြီးအကဲ Alyse Nelson က ပြောဆိုသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဆယ်စုနှစ်အတွင်း မှာတော့ အကြီးမြတ်ဆုံး လေးစားထိုက်တဲ့ အသံတခုပါဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ညနေပိုင်း ကနေဒီစင်တာ အဆောက်အဦးကြီးမှာ ကျင်းပမယ့် အခမ်းအနားမှာတော့ ဖျော်ဖြေပွဲတွေနဲ့အတူ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် ကိုယ်တိုင် ဆုချီးမြှင့် ဂုဏ်ပြုစကား ပြောကြားမှာ ဖြစ်ပါတယ်။

ဒီဆုကို Vital Voices အဖွဲ့က မြန်မာနိုင်ငံ လူ့အခွင့်အရေး ကြိုးပမ်းဆောင်ရွက်မှု အတွက် ၂၀၀၈ ခုနှစ် တုန်းက SWAN ခေါ် ရှမ်းအများသမီးရေးရာ အဖွဲ့က ရှမ်းတိုင်းရင်းသူ နန်းချမ်တောင်း နဲ့ ထိုင်းအခြေစိုက် မြန်မာ့ဒီမိုကရေစီ အရေး လှုပ်ရှားသူ မခင်ဥမ္မာ တို့ကိုလည်း ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။