နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရမယ့်သူ အရေအတွက် ဟာ ရန်ကုန်တိုင်းအတွင်းမှာ ၈သိန်း ကျော် တိုးလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်တိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ် ဒေသတချို့မှာ နိုဝင်ဘာ ၂ ရက်နေ့ နောက်ဆုံးထုတ်ပြန်ဖို့ စီစဉ်ထားတဲ့ မဲဆန္ဒရှင်စာရင်းတွေကို အပြည့် အစုံမကြေညာနိုင်သေးပါဘူး။ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာ ကျန်တော့တဲ့ အချိန်မှာပဲ မဲဆန္ဒရှင်စာရင်း အတိအကျ မထွက် နိုင်သေးပဲ ဖြစ်နေရတဲ့ အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်းက မေခက သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလက နောက်ဆုံးမဲစာရင်းထုတ်ပြန်တာမှာ မဲပေးခွင့်ရှိပေမယ့် မပါဝင်သေးတဲ့သူတွေ၊ ရွှေ့ပြောင်း နေထိုင် သူတွေနဲ့ ဧည့်စာရင်းနဲ့နေထိုင် သူတွေကိုမဲပေးနိုင်ဖို့ ကော်မရှင်က ထပ်မံလျှောက်ခွင့်ပေးခဲ့ပါတယ်။ ဒီလိုပေးခဲ့ပြီးနောက် အခုချိန် မှာ တကယ်မဲပေးနိုင်မယ့်မဲဆန္ဒရှင်စာရင်းကို အတိအလင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်း မဲပေးနိုင်မယ့်မဲဆန္ဒရှင်စာရင်းဟာ ၈သိန်းကျော်တိုးလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို က ဗွီအိုအေကိုပြောပါတယ်။
“ကျနော်တို့ ရန်ကုန်တိုင်းက ၂ ရက်နေ့ မကပ်ဖြစ်ပါဘူး။ ကပ်ဖြစ်မှာကတော့ အန်ကယ်လ်တို့က ၅ ရက်၊ ၆ ရက်လောက်မှ ကပ်ဖြစ်မှာလေ။ အန်ကယ်တို့ ရန်ကုန်တိုင်းက မဲစာရင်းထဲမှာ ထပ်ပြီးတော့ add လုပ်ရမယ့် မဲဆန္ဒရှင် ဦးရေက တော်တော်များတယ်။ UEC က ချပေးတဲ့ timetable နဲ့ မလုံလောက်ဘူး။ နိုဝင်ဘာလ၅ ရက်၊ ၆ ရက်လောက်မှ ရပ်ကွက်ကျေးရွာအုပ်စုမှာ အပြီးသတ် မဲဆန္ဒရှင် စာရင်းတွေ ရောက်မယ်။ နောက်ဆုံး အပြီးသတ် မဲစာရင်း ကြေညာလိုက်တာက အောက်တိုဘာလ ၁၄ ရက်ကနေ ၂၇ ရက်နေ့အထိ အဲဒီမှာ အန်ကယ်တို့က နောက်ဆုံးမဲစာရင်းကို ကြေညာလိုက်တယ်။ စုစုပေါင်း ၄၁ သိန်း ရှစ် သောင်း ခုနျှစ်ရာနဲ့ ငါး ယောက် ။ အန်ကယ်တို့ ဒီနောက်ဆုံးပိတ် final voter က ဘယ်လောက်ရသလဲဆိုတော့ ၄၉ သိန်း ၆ သောင်း ကျော်ရတယ်။ ရန်ကုန်တိုင်းမဲဆန္ဒရှင် စာရင်းက ၈ သိန်းလောက်တိုးလာတယ်။”
ဒီတခေါက်ထပ်ကပ်မယ့် မဲပေးနိုင်မယ့်မဲဆန္ဒရှင်စာရင်းမှာ ကိုယ့်နာမည်မပါခဲ့ရင်တော့ မဲပေးနိုင်ဖို့ပြန်လည် လျှောက်ထားလို့လဲမရ တော့သလို မဲပေးခွင့်လည်း မရှိတော့ပါဘူး။ ရှေ့ပိုင်းထုတ်ပြန်ခဲ့တဲ့ မဲစာရင်းတွေမှာ နာမည် မပါသူတွေ နဲ့ ရွှေ့ပြောင်း နေထိုင်သူတွေနဲ့ ဧည့်စာရင်းနဲ့နေထိုင်သူတွေ မပါဝင်ခဲ့ တာကြောင့် လျှောက်ထားမှုတွေ ရှိပေမယ့် သတ်မှတ်ဥပဒေတွေနဲ့ မကိုက်ညီ တာကြောင့်ပယ်ခံရတာ တွေလည်းရှိတယ်လို့ ဦးကိုကိုက ခုလိုပြောပါတယ်။
“အန်ကယ်တို့က form 3, form 3 (a) လျှောက်ရင် အန်ကယ်တို့ က လျှောက်တိုင်းပေးတာ မဟုတ်ဘူးလေ။ တချို့ form တွေက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ထောက်ခံရမယ်။ သူဒီမှာ ရက်ပေါင်း ၁၈၀ ပြည့်အောင် ဆိုရင် ထောက်ခံ မထားဘူး။ ရက်မပြည့်လို့ ဖြစ်ရင်ဖြစ်မယ်လေ။ သူက form အနေနဲ့ကတော့ အန်ကယ်တို့ဆီမှာ entry ဝင်လာတော့ number of forms ထဲမှာတော့ သူက ပါတာပေါ့။ ဒါပေမယ့် တကယ် စိစစ်ပြီး ပြန်ပြီး မဲစာရင်းထည့်တော့ သူက ကျန်ရစ်ခဲ့မယ်။ နောက်တခါ တချို့ကျတော့ ဥပဒေ ၆ အရ ဥပဒေ ၇ အရ အန်ကယ်တို့က စိစစ်တယ်လေ။ အဲဒါမျိုးနဲ့ ငြိစွန်းတာမျိုးရှိရင် အန်ကယ်တို့က ဖယ် ထားခဲ့တယ်။နောက် form လာမတင်တာက ကျတာလည်းရှိရင် ရှိနိုင်တယ်။ လာကြည့်လို့ မပါရင်တော့ ဒီအချိန်မှာတော့ ဘာမှ လုပ်လို့မရတော့ဘူး။”
လာမယ့်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မဲရုံပေါင်း ၅၀၀၀ကျော် ရှိပြီး ဒီမဲရုံလုံခြုံရေးအတွက် အထူးရဲ ၅၄၀၀ကျော် နဲ့ ရဲတပ်ဖွဲ့အင်အား ၃၀၀၀နီးပါး အသုံးပြုမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဗွီအိုအေကိုပြောပါတယ်။
ဒီမှာရွေးကောက်ပွဲ ကော်မရှင်ဘက်ကလည်း မဲရုံလုံခြုံရေးပိုင်းနဲ့ မဲလက်မှတ် လုံခြုံရေး ပိုင်း လုပ်ဆောင်မယ့် အစီအစဉ်တွေရှိတယ်လို့ ဦးကိုကိုက ခုလိုပြော ပါတယ်။
“မဲရုံနဲ့ မဲရုံအတွင်းမှာ အန်ကယ်တို့ဆီမှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင် တယောက်၊ တယောက်ရှိမယ်။ နောက် မဲရုံလုံခြုံရေးဆိုတာ တယောက်ရှိမယ်။ အဲဒီမဲရုံလုံခြုံရေး ဆိုတာ ကော်မရှင်က ခန့်ထားတဲ့ မဲရုံအဖွဲ့ဝင်ထဲကတယောက်။ ဒီမဲစာရင်းထဲမှာ ပါတဲ့လူထဲက တယောက်ကိုပဲ၊ အန်ကယ်တို့က မဲရုံလုံခြုံရေး ဆိုပြီးတော့ တာဝန်ပေးထားတာ။ သူ့အလုပ်က မဲလာပေးတဲ့လူတွေကို ကြိုစီ ဖို့ပြောမယ်လေ။ အထဲမှာ လျှို့ဝှက်မဲပေးနေတာကို သူ ကြည့်မယ်။ စည်းကမ်း တကျ ရှိမရှိပေါ့လေ။”
ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်လောင်း ဦးဇော်အေးမောင်ကတော့ မဲဆန္ဒရှင် စာရင်းနဲ့ ပတ်သတ်ပြီး အခုလို မှတ်ချက်ပေးပါတယ်။
“ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေ အများကြီး အုပ်စုလိုက် ကျန်ခဲ့တာတွေရှိတယ်။ တပ်မတော် အစိုးရ လက်ထက်တုန်းက ဧည့်စာရင်းတိုင်ကြတယ်။ နောက် ၂၀၁၀ နောက်ပိုင်း မှာ ဧည့်စာရင်း တိုင်စရာ မလိုတော့ဘူး ဆိုပြီးတော့ မတိုင်ကြဘူး။ တချို့ကလည်း။ အဲတော့ တပ်မတော် အစိုးရလက်ထက်တုန်းက တိုင်ပြီးနေတဲ့ ဧည့်စာရင်း အဟောင်းနဲ့ပေါင်းပြီးတော့ အုပ်ချုပ်ရေးမှူးတွေကို သွားပြတော့ အုပ်ချုပ်ရေးမှူးတွေက ထောက်ခံ မပေးဘူး။ ထောက်ခံ မပေးလို့ ပုံစုံ ၃(က)နဲ့ မတင်လိုက်ရတဲ့လူတွေ အုပ်စုလိုက် အများကြီး ကျန်လိုက်ပါတယ်။ ဒါသည် ကျနော်တို့ မဲစာရင်း ထွက်လာပြီးတော့ မဲစာရင်း မပါပဲ ရက်ကျော်သွားတဲ့အတွက် ဘာမှ လုပ်လို့မရတော့ဘူး။ အဲလိုဖြစ်သွားပါပြီ။”
အခုနောက်ဆုံးအပြီးသတ် မဲပေးနိုင်မယ့် မဲဆန္ဒရှင် စာရင်းတွေ ထုတ်ပြန်လိုက် ချိန်မှာတော့ မဲရုံတစ်ခုချင်းစီရဲ့ မဲဆန္ဒရှင်စာရင်းကို ခွဲပြီးကပ်တာကြောင့် မဲဆန္ဒရှင် စာရင်းကို စိစစ်ဖို့ ပိုပြီးခက်သွားတယ် လို့ နိုင်ငံရေး ပါတီတွေ ဘက်ကတော့ ဝေဖန်မှုတွေ ရှိနေပါတယ်။