အမေရိကန်သမ္မတ Trump ပထမဆုံး ပြည်ပခရီးထွက်မည်

လေဆိပ်ကိုဆိုက်ရောက်လာတဲ့ အမေရိကန်သမ္မတ Donald Trump ( မေ ၁၇-၂၀၁၇)

အမေရိကန်သမ္မတ Donald Trump ဟာ ပြည်တွင်းမှာ နိုင်ငံရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ဒီကနေ့ သောကြာနေ့ အိမ်ဖြူတော်က ထွက်ခွာမှာ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ဥရောပ ၅ နိုင်ငံ ခရီးစဉ်ဟာ သမ္မတ Trump အတွက် စိန်ခေါ်မှုတခု ဖြစ်မယ်လို့လည်း အကဲခတ်တွေ ခန့်မှန်းနေကြတာပါ။ ဒီအကြောင်း AP သတင်းဆောင်းပါးကို အခြေခံပြီး ကိုအောင်အောင် ကတင်ပြပေးမှာ ဖြစ်ပါတယ်။

အငြင်းပွါးစရာ ကိစ္စရပ်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေချိန်မှာပဲ သမ္မတ Donald Trump ရဲ့ အရှေ့အလယ်ပိုင်းနဲ့ ဥရောပ ခရီးစဉ် ဒီကနေ့ သောကြာနေ့မှာ စတင်လိုက်ပါပြီ။ အမေရိကန်သမ္မတ တော်တော်များများဟာ သူတို့ရဲ့ နိုင်ငံတကာခရီးစဉ်တွေကို ကနေဒါ၊ မက္ကစီကိုစတဲ့ အိမ်နီးချင်းနိုင်ငံခရီးစဉ်တွေနဲ့ စတင်လေ့ရှိပေမယ့် သမ္မတ ထရမ့်ကတော့ ဆော်ဒီအာရေးဘီးယားနိုင်ငံကို အရင်သွားမှာပါ။ သမ္မတ ထရမ့်က--

"အမေရိကန်လူထုရဲ့ အကျိုးစီးပွါး၊ ဘေးကင်းလုံခြုံရေးအတွက် ဦးစားပေးဆောင်ရွက်တဲ့ အနေနဲ့ မိတ်ဆွေဟောင်းတွေနဲ့ ပိုခိုင်မာတဲ့ ဆက်ဆံရေးထူထောင်သွားမှာဖြစ်သလို မိတ်ဆွေသစ်တွေလည်း ရှာဖွေသွားမှာပါ။"

ဆော်ဒီအာရေးဘီးယားနိုင်ငံပြီးရင်တော့ သမ္မတတ ထရမ့်ဟာ အစ္စရေး၊ ဗာတီကန်နဲ့ ဘရပ်ဆဲလ်နိုင်ငံမှာ ကျင်းပမယ့် NATO မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ကြီးရဲ့ အစည်းအဝေးကို တက်ရောက်မှာပါ။ စစ္စလီမှာ ကျင်းပမယ့် G7 ထိပ်သီးဆွေးနွေးပွဲ ကိုလည်း တက်ရောက်ဖို့ရှိပါတယ်။ နိုင်ငံတကာလေ့လာရေးနဲ့ မဟာဗျူဟာစင်တာက နိုင်ငံရေးအကဲခတ် Heather Conley က

"ဒါဟာ တကယ့်ကို အားစိုက်စီစဉ်ခဲ့တဲ့ ခရီးစဉ်ပါ။ အရှေ့အလယ်ပိုင်းအရေးဟာ ရှုပ်ထွေးလွန်းတာကြောင့် သမ္မတတွေဟာ အချိန်အတိုင်းအတာ တခုထိ စောင့်ကြည့်ပြီးမှသာ စတင်လုပ်ဆောင်လေ့ရှိပါတယ်။"

သမ္မတ အိမ်ဖြူတော်ကတော့ ဒီခရီးစဉ်ကို သမိုင်းဝင်ခရီးစဉ်အဖြစ် ရည်ညွှန်းပြောဆို ထားပြီး ထရမ့်ဟာ ကမ္ဘာ့ ဘာသာကြီး ၃ ခုရဲ့ အထွဋ်အမြတ်ထားရာ နေရာကိုသွားရောက်တဲ့ ပထမဆုံးသမ္မတဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံကိုရောက်လျင်တော့ အာရပ်နိုင်ငံက ခေါင်းဆောင်တွေနဲ့လည်း သမ္မတ ထရမ့်တွေ့ဆုံပြီး မိန့်ခွန်းပြောကြားသွားမှာပါ။ အစ္စလာမ်အစွန်းရောက်တွေနဲ့ အမေရိကန် အာရပ်ဆက်ဆံရေးနဲ့ ပါတ်သတ်ပြီး ပြောကြားသွားဖို့ရှိပါတယ်။ မူဝါဒရေးရာဆိုင်ရာ ဝါရှင်တန်အင်စတီကျုက ပင်လယ်ကွေ့နဲ့ စွမ်းအင်မူဝါဒဆိုင်ရာ အကြီးအကဲ Simon Henderson က

"ခရီးစဉ်နဲ့ ပါတ်သတ်လို့ ဆော်ဒီအာရေးဘီးယားက ကျေနပ်မှာပါ။ အမေရိကန်နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေမှာ သူတို့က မှီခိုနေရတာပါ။ သမ္မတ အိုဘားမားတုန်းက သူဟာ အီရန်ကို မျက်နှာသာပေးခဲ့တယ်ဆိုပြီး အကြီးအကြယ် မကြေမနပ်ဖြစ်ခဲ့ပါတယ်။"

အစ္စရေးနိုင်ငံရောက်ရင်တော့ သမ္မတ ထရမ့်ဟာ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu အပြင် ပါလက်စ္စတိုင်းသမ္မတ မာမွတ် အဘတ်စ်နဲ့လည်း တွေ့ဆုံမှာပါ။ အမေရိကန်သမ္မတရွေးကောက်ပွဲအပြီး သဘောထားကွဲလွဲမှုတွေကို ပြန်လည်ကုစားဖို့၊ မဟာမိတ်တွေရဲ့ စိုးရိမ်မှုတွေကို ဖြေဖျောက်ဖို့နဲ့ သမ္မတတာဝန်တွေကို နိုင်နိုင်နင်းနင်း ထမ်းဆောင်နေတယ်ဆိုတာကို ပြသဖို့ ဒီခရီးစဉ်ကို အသေအခြာ စီစဉ်ခဲ့တာပါ။

ဒါပေမယ့်လည်း သမ္မတထရမ့်ရဲ့ အငြင်းပွါးစရာကိစ္စရပ်တွေနဲ့ မထင်မှတ်ပဲ ပြောဆိုတတ်မှုတွေကြောင့် အဆင်ပြေပါ့မလားဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။ Conley က...

နိုင်ငံရေး ပြောင်းလဲမှု၊ သမ္မတရဲ့ အနေအထား စတာတွေပါဝင်တဲ့ ဝါရှင်တန်က နိုင်ငံရေးအခြေအနေ ဘာဖြစ်နေသလဲဆိုတာကို ကမ္ဘာကြီးက စိတ်ဝင်စားနေတယ်လို့ ထင်ပါတယ်။ သမ္မတရဲ့ လှုပ်ရှားမှုတိုင်းကို စိုးတထိတ်ထိတ်နဲ့ စောင့်ကြည့်နေရမှာလား ဆိုတာကလည်း အဓိက အရေးကြီးတဲ့ မေးခွန်းပါ။"

သမ္မတအနေနဲ့ ဒီခရီးစဉ်မှာ ပြဿနာ အကြီးအကျယ် မရှိဘဲ အောင်မြင်မှု အနည်းငယ် ဆောင်ကျဉ်းပေးလာနိုင်တယ် ဆိုရင်ကို ဒါဟာ လုံလောက်နေပါပြီလို့ အိမ်ဖြူတော်အနေနဲ့ ယူဆနိုင်ကြောင်း နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။

Your browser doesn’t support HTML5

အမေရိကန် သမ္မတ Trump ရဲ့ ပထမဆုံး ပြည်ပခရီးထွက်မည်