အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ခံသမ္မတ Donald Trump ဟာ ဒီကနေ့ ဝါရှင်တန် ဒီစီမြို့တော်မှာ ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။ ဒါဟာဆိုရင် အမေရိကန်မှာ ၁၈၉၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း သက်တမ်း ၂ ကြိမ် ဆက်တိုက် မဟုတ်ဘဲ နောက်တကြိမ် သမ္မတတာဝန် ထမ်းဆောင်မယ့် ပထမဆုံး သမ္မတ အဖြစ်နဲ့လည်း သမိုင်းဝင်မှာပါ။
သမ္မတသက်တမ်း တကြိမ် တာဝန်ယူပြီး အနားယူမယ့် အသက် ၈၂ နှစ်အရွယ် သမ္မတ Joe Biden နေရာမှာ ဆက်ခံဖို့ အသက် ၇၈ နှစ်အရွယ် ရွေးကောက်ခံသမ္မတ Trump ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားကိုတော့ သန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေ ရုပ်မြင်သံကြားကနေ ကြည့်ရှုကြလိမ့်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
ရာသီဥတု ဆိုးရွားနေတာကြောင့် လွှတ်တော်အပြင်ဘက်မှာ စီစဉ်ထားတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို အတွင်းမှာ ကျင်းပဖို့ စီစဉ်ခဲ့ရတာကြောင့်၊ အခမ်းအနားကိုကြည့်ဖို့ လက်မှတ်ဝယ်ယူထားသူ ၂ သိန်းခွဲလောက်မှာ ၆၀၀ လောက်သာ ခွင့်ပြုတော့မှာဖြစ်ပါတယ်။
လွှတ်တော်နဲ့ သမ္မတ အိမ်ဖြူတော်ကြား Pennsylvania Avenue လမ်းမတလျှောက်မှာ တီးဝိုင်းတွေ၊ ချီတက်ပွဲတွေ၊ သမ္မတနဲ့ သမ္မတကတော်တို့လမ်းလျှောက်မယ့် အစီအစဉ်ကိုပါ ဖျက်သိမ်းလိုက်ရတာပါ။
ရွေးကောက်ခံသမ္မတ Trump ကတော့ လွန်ခဲ့တဲ့ ၄ နှစ် အမေရိကန်မှာ အထွေထွေ ကျဆင်းမှုတွေကို ကန့်လန့်ကာချပြီး နေ့သစ်တွေကို စတင်တော့မှာဖြစ်တယ်လို့ မနေ့တုန်းကပဲ ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ချိန်က ပြောခဲ့တဲ့အတိုင်း သမ္မတတာဝန် စယူတာနဲ့ သမ္မတဘိုင်ဒင်လက်ထက်က မူဝါဒတွေကို ပြောင်းလဲတာ၊ တရားမဝင် နိုင်ငံတွင်း နေထိုင်သူတွေကို နှင်ထုတ်တာတွေ အပါအဝင် အပြောင်းအလဲတွေအတွက် သမ္မတအာဏာနဲ့ အမိန့်တွေ ထုတ်ပြန်မယ်လို့လည်း ပြောဆိုထားပါတယ်။ အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဖက် တရုတ်၊ ကနေဒါနဲ့ မက္ကဆီ နိုင်ငံတွေက သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမယ်လို့လည်း ရွေးကောက်ခံသမ္မတ Trump က ပြောထားပါတယ်။
Your browser doesn’t support HTML5
အမေရိကန် သမ္မတသစ်အဖြစ် ထရမ့် ကျမ်းသစ္စာကျိန်ဆိုမည်