ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအတွက် စစ်ကောင်စီကို EU ဝေဖန်

ဒေါက်တာဇော်မြင့်မောင်နာရေး နေအိမ်တွင် စစ်ကောင်စီတာဝန်ရှိသူတချို့ ကိုတွေ့ရစဉ် (အောက်တိုဘာ ၇၊ ၂၀၂၄)

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအတွက် စစ်ကောင်စီကို EU ဝေဖန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ တဦးလည်းဖြစ် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်သွားတဲ့အတွက် မိသားစု မိတ်ဆွေတွေနဲ့အတူ ဝမ်းနည်း ကြေကွဲရတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သုံးကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကို နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားပြီး မကွယ်လွန်ခင် နာရီပိုင်းအလိုမှ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာဟာ စစ်မှန်တဲ့ သနားကြင်နာမှု မဟုတ်ဘူးလို့လည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဒေါက်တာဇော်မြင့်မောင် ဟာ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လမ်းညွှန်ခဲ့သူ၊ လူ့အခွင့်အရေးကို အထူးအလေးအနက်ထား ခုခံကာကွယ်သူ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ကင်ဆာရောဂါခံစားနေမှန်း သိလျက်နှင့် ရောဂါအခြေအနေနဲ့ ကိုက်ညီတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိဘဲ အကျဉ်းထောင်အတွင်း ပြင်းထန်စွာထိခိုက်ခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့ရတဲ့ နိုင်ငံ ရေးသမားကောင်းတစ်ဦး ဖြစ်ကြောင်း ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

၂ ၀၂၁ ခုနှစ် အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု၊ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံး မဲမသမာမှု၊ အဂတိလိုက်စားမှု စတာတွေ အပါအဝင် စွဲချက် အများအပြားနဲ့ စစ်ကောင်စီက အရေးယူခံခဲ့ရပြီး ထောင်ဒဏ် ၂၉ နှစ် အပြစ်ပေးခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်နာရေး နေအိမ်မှာပြင်ဆင်ထားစဉ် (အောက်တိုဘာ ၇၊ ၂၀၂၄)

ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနကိုတော့ မနက်ဖြန် အင်္ဂါနေ့ကျင်းပပြီး မန္တလေး တောင်အင်းမြောက်အင်း သုသာန်မှာ မီးသင်္ဂြိုဟ်မယ်လို့လည်း ကျန်ရစ်သူ မိသားစုက ကြေညာထားပါတယ်။