မြန်မာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နိုင်ငံသားတိုင်းစောင့်ရှောက်ဖို့ မြေကမ္ဘာနေ့မှာတိုက်တွန်း

A pedestrian looks at an illuminated map board in the empty streets of the Alpine resort of Zermatt, Switzerland, amid the spread of the COVID-19.

မြန်မာ့သစ်တောသစ်ပင်တွေ စိမ်းလန်းစိုပြေပြီး မြစ်ချောင်းအင်းအိုင်တွေ မပျက်စီးရအောင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး မြန်မာနိုင်ငံသားတိုင်း ကိုယ့် အသိစိတ်ဓာတ်နဲ့ စောင့်ရှောက် ကာကွယ်ဖို့ အရေးတကြီး လိုအပ်နေပြီလို့ မြန်မာ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ NLD အစိုးရ အနေနဲ့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဒီ့ထက်ပို အလေးထား ဆောင်ရွက် ဖို့လည်း တောင်းဆိုကြပါတယ်။ မြေကမ္ဘာနေ့ အထိမ်းအမှတ် ကမ္ဘာတဝှမ်း နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားနေချိန်မှာပဲ မြန်မာနိုင်ငံတဝှမ်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေသူတွေကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့ကတော့မြေကမ္ဘာနေ့ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် အတွက်မြေကမ္ဘာနေ့ ဆောင်ပုဒ်ကတော့ Earth day is Global ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံးနဲ့ သက်ဆိုင်တဲ့ မြေကမ္ဘာနေ့မှာ မြေတကမ္ဘာတခုတည်းမှာ မှီတည်နေထိုင်ကြတဲ့ ကမ္ဘာ့လူသားတွေ အနေနဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကမ္ဘာတဝှမ်း သစ်ပင်သစ်တော စိမ်းလန်းစိုပြေရေး သဘာဝပတ်ဝန်းကျင် မပျက်စီးရေးနဲ့ ရေစွမ်းအား အရင်းအမြစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးကို လူသားမျိုးနွယ်တွေရဲ့ တာဝန်ကြီးတရပ် အနေနဲ့ အသိစိတ်ဓာတ်ရှိရှိနဲ့ ဆောင်ရွက်ကြဖို့ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူ မြန်မာအစိမ်းရောင် ကွန်ယက်က ဒေါ်ဒေဝီသန့်စင်က အခုလိုတိုက်တွန်းပါတယ်။

“ဒေါ်လေးတို့က We are living on the one Planet ပေါ့နော် မြေကမ္ဘာဂြိုလ် တခုတည်းမှာပဲ နေတာ။ အဲ့တာကြောင့် အသားအရောင်တွေ ဘယ်လောက်ကွဲပြား ကွဲပြား နောက် ကိုးကွယ်မှုတွေ ကိုယ်ကြိုက်ရာ ကိုယ်ကြိုက်ရာမှာ ကိုးကွယ်မှုရှိရှိ၊ နောက် နိုင်ငံရေးအရလည်း ကိုယ့်ရပ်တည်ချက်တွေနဲ့ပဲ ရပ်တည် ရပ်တည်။ အဓိက ကတော့ လူသားမျိုးနွယ် ဆိုတဲ့ဟာကို ဒေါ်လေးတို့အားလုံး Same Platform ပေါ်မှာ ရပ်လိုက်လို့ရှိရင် ဒေါ်လေးတို့ ဒီမြေကမ္ဘာကြီးကို ကြည့်ရှု့စောင့်ရှောက် ရမယ်။ မြေကမ္ဘာမရှိရင် တို့လူသားတွေလည်း မရှိဘူးဆိုတဲ့ အသိတရားရှိဖို့ အရေးကြီးတယ်။ We are living on the whole Planet, only on the one planet မြေကမ္ဘာဂြိုလ် တခုတည်းမှာ ရပ်တဲ့သူတွေဖြစ်တဲ့ အတွက် နေတဲ့သူတွေ ဖြစ်တဲ့အတွက် မြေကမ္ဘာကြီးရေရှည်အသက်ရှင်မှ ငါတို့လူသား မျိုးနွယ်တွေလည်း အသက်ရှည်မယ်။ ငါတို့ အရှေ့မှာပဲနေနေ၊ အနောက်မှာပဲ နေနေ တောင်မှာပဲနေနေ ၊ မြောက်မှာပဲနေနေ၊ နောက် အဲ့တာကို သိဖို့ အရမ်းအရေးကြီးနေတယ်။

အဲ့တော့ ပြောမယ်ဆိုရင် နှစ်ပေါင်းများစွာ ၁၉၇၀ Earth day ကို လုပ်လာတဲ့ဟာက ဒီနေ့အထိ global warming အပူရှိန်တွေ အပူချိန်တွေကလည်း မကျနိုင်ဘူး လူတွေရဲ့ လောဘနဲ့ စီးပွားရေးတွေဟာလည်း မရပ်နိုင်ကြဘူး အဲ့တော့ အားလုံး အစိုးရကိုရော ပြည်သူတွေကိုရော ပြည်သူမှာမှ ဗမာပြည်ပြည်သူတင်မဟုတ်ပါဘူး တကမ္ဘာလုံးမှာ ရှိတဲ့ လူသားမျိုးနွယ်တွေကို ပြောချင်တာပါ သတိပေးချင် တာပါ။ ဒေါ်လေးတို့သည် အပြောတွေရပ်ပြီးတော့ အလုပ်တွေ စလုပ်မှ ကမ္ဘာကြီးနဲ့အတူ လူသားမျိုးနွယ်အားလုံး အသက်ရှည်ပါမယ်လို့ ဒေါ်လေး ဒီနေ့မှာ ပြောချင်ပါတယ်။ "

မြန်မာ့သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေး ပြည်သူနဲ့အတူ နိုင်ငံကို ပြောင်းလဲမယ်ဆိုတဲ့ NLD အစိုးရကိုယ်တိုင်ဦးဆောင်ပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်း ကိုယ်ပိုင် အသိစိတ်ဓာတ်နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့က အရေးတကြီး လိုအပ်တယ်လို့ စိမ်းလန်း အမိမြေအဖွဲ့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူ ဒေါက်တာဝင်းမျိုးသူကလည်း မြေကမ္ဘာနေ့မှာ တိုက်တွန်းပြောဆို လိုက်ပါတယ်။

“ ကျနော်တို့က ကိုယ့်နိုင်ငံရဲ့ အကျိုးကိုလည်း ဆောင်ရွက်ပါ။ မြေကမ္ဘာ တခုလုံးရဲ့ အကျိုးကိုလည်း မျှတအောင်ဆောင်ရွက်ပါ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတု ပြောင်းလဲရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှသာလျှင် ဒီစိန်ခေါ်မှုတွေကို ကျော်လွှားပြီးတော့ ဒီလူသားမျိုးနွယ်တရပ်လုံး ဆက်လက်ပြီးတော့ ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအနေနဲ့ကတော့ လက်ရှိ မြန်မာနိုင်ငံကို အုပ်စိုးနေတဲ့အုပ်ချုပ်သူအစိုးရကတော့ စီးပွားရေးကိုပဲ ဇောင်းပေးလာတာမြင်ရတဲ့ အတွက် ကျနော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေအနေနဲ့က စိတ်ပူပါတယ်။ ကျနော်တို့ ရေတိုကဏ္ဍတခုတည်းကိုပဲ မကြည့်ပဲနဲ့ ရေရှည်ကဏ္ဍကို ကြည့်ဖို့ နောက်တခုက ကိုယ့်ရဲ့ဒေသ ကိုယ့်ရဲ့နိုင်ငံတခုတည်းကိုပဲ မကြည့်ပဲနဲ့ ဒီကမ္ဘာကြီးတခုလုံးရဲ့ အနေအထားကိုပါ ကြည့်ပြီးဆောင်ရွက်မှ ရေရှည်ရပ်တည် နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က နိုင်ငံ အုပ်စိုးတဲ့သူတွေကိုရော သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းကိုရော ပြည်သူတရပ်လုံးကိုရော ဒီမြေကမ္ဘာနေ့မှာ မမေ့မလျော့ပေါ့ဗျာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ကျော်လွှား ကြပါစို့လို့ ကျနော်ပြောလိုပါတယ်။"

အမျိုးသားလွှတ်တော်က သတ္တုသယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟကလည်း မြေကမ္ဘာနေ့မှာ မြန်မာနိုင်ငံတွင်း သဘာဝပတ်ဝန်းကျင် မပျက်စီးရအောင် မြေကမ္ဘာမညစ်နွမ်းရအောင် ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။

“ ကျနော်တို့ပြည်သူတွေကလည်းပဲ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်အိမ်နဲ့ ကိုယ့်မြို့နယ်နဲ့ ကိုယ့်ဒေသကို သစ်ပင်စိုက်ပျိုးတာပဲဖြစ်ဖြစ် မြစ်ချောင်းအင်းအိုင်တွေကို ထိန်းသိမ်းတာပဲဖြစ်ဖြစ် အမှိုက်သရိုက်ပလက်စတစ်တွေ အမှိုက်တွေကို စွန့်ပစ်တာ စနစ်မကျတာပဲဖြစ်ဖြစ် အဲ့တာတွေအတွက် ကျနော်တို့က အသိညဏ်မြင့်မားစွာနဲ့ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်ဖို့ အလုပ်လုပ်ဖို့ အများကြီး ကျနော်တို့မှာ လိုပါသေးတယ်။ ကမ္ဘာမြေကြီးကို တကယ့်ကို စိမ်းလမ်းစိုပြေပြီးတော့မှ သားစဉ်မြေးဆက် တည်ထောင်နိုင်တဲ့ နိုင်ငံကြီးဖြစ်ဖို့အတွက် ထိန်းသိမ်းနိုင်တဲ့ပြည်သူတွေဖြစ်ပါစေလို့ ကျနော် ဆုတောင်းရင်းနဲ့ ကျနော်တို့လည်း ကြိုးစားပြီး အလုပ်လုပ်နေပါတယ်။”

မြန်မာနိုင်ငံတွင်းမှာတော့ သစ်တောစိမ်းလန်းစိုပြေရေးနဲ့ မြစ်ချောင်းအင်းအိုင်တွေ မတိမ်ကောစေရေး စတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ပညာရှင်တွေ၊ ကျော်ကြားတဲ့ စာပေစာနယ်ဇင်းက စာရေးဆရာ၊ ကာတွန်းဆရာ၊ သတင်းစာနယ်ဇင်းသမားတွေ၊ အနုပညာရှင်တွေနဲ့ လူငယ်တွေက မြန်မာနိုင်ငံတဝှမ်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုတွေနဲ့ ကိုယ်စီဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နိုင်ငံသားတိုင်းစောင့်ရှောက်ဖို့ မြေကမ္ဘာနေ့မှာ တိုက်တွန်း