ရိုဟင်ဂျာဒုက္ခသည် နေရပ်ပြန်ရေးပြဿနာ အဖြေရှိမလား

မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလေ့လာဖို့ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာနိုင်ငံရောက်ရှိ (မေ ၅၊ ၂၀၂၃)

ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်း ဖြေရှင်းရေး၊ ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်လို့ တချို့က သုံးသပ်ပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကြား အပြန်အလှန်စီစဉ်နေပေမဲ့၊ အခုချိန်အထိ မသေချာမရေရာသေးတဲ့ အခြေအနေ ဖြစ်နေတာပါ။ ဒီအခြေအနေတွေ လက်တွေ့အကောင်အထည်ဖော်ဖို့ နှစ်ဘက်ယုံကြည်မှု ဘယ်လို တည်ဆောက်နိုင်ပါမလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်း ကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးတင်မောင်သန်း။ ရိုဟင်ဂျာဒုက္ခသည်များအရေးနဲ့ ပတ်သက်ပြီးတော့ မေလအစောပိုင်းတုန်းက Daily Times သတင်းစာမှာ ဘင်္ဂလားဒေ့ရှ် အငြိမ်းစားအရာရှိတယောက် ရေးထားတဲ့ ဆောင်းပါးတပုဒ်ပါ။ ဒုက္ခသည်တွေရဲ့ ပြဿနာ ဖြေရှင်းရေးဟာ နေရပ်ပြန်ဖို့ပဲ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။ နောက် မေလ (၁၈) ရက်နေ့ Bangkok Post သတင်းစာမှာလည်း ဒီလို ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက်က ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ်လို့ ရေးထားပါတယ်။ ဒီအပေါ် ဘယ်လိုသဘောရပါသလဲ။

ဖြေ ။ ။ မင်္ဂလာပါ မမြသဇင်အောင်။ ပြန်ရေးဆိုတာကို သဘောတူပါတယ်။ ပြန်ဖို့ပဲ ဒီတခုတည်းဆိုရင်တော့ မပြည့်စုံဘူး။ အဖြေကိုလည်း ရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ ကုလသမဂ္ဂလည်း ပြောထားတယ်။ ဂုဏ်သိက္ခာရှိရှိပြန်ရေး၊ လူသားရဲ့ ဂုဏ်သိက္ခာပီသတဲ့ ပြန်နိုင်ရေး - ဒီပြဿနာတွေကို ကိုင်တွယ်ဖို့လိုတယ်။ အဲဒီတော့ ဘန်ကောက်ပို့စ်မှာ မမြသဇင် ပြောသလိုပဲ ယုံကြည်မှု လိုအပ်တယ်ဆိုတာ ဒါလဲ အမှန်ပါပဲ။ ကျနော်တို့ လူ့အဖွဲ့အစည်းတွင်းထဲမှာရှိတဲ့ ရပ်ရွာအသိုက်အဝန်းကြားထဲမှာ ယုံကြည်မှု ပြန်လည်ထူထောင်ဖို့ လိုအပ်ပါတယ်။

မေး ။ ။ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက်ကို မေလ အစောပိုင်းမှာ Pilot Project အနေနဲ့ နှစ်ဘက်ကိုယ်စားလှယ်တွေက လေ့လာတာတွေ လုပ်ခဲ့တာလည်း ရှိပါတယ်။ ဒီအပေါ်မှာ စစ်ကောင်စီဘက်က ပြောတာကြတော့ သူတို့အနေနဲ့ အစစအရာရာ အားလုံးအဆင်ပြေအောင် စီစဉ်ထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သွားပြီးတော့ လေ့လာခဲ့တဲ့ ကိုယ်စားလှယ်တွေကြတော့ ဒီလိုစီစဉ်ထားတာတွေအပေါ်မှာ သိပ်သဘောမကျတဲ့ ပုံစံမျိုး မီဒီယာတွေကို ပြောပါတယ်။ ဒီတော့ ဒီအခြေအနေမျိုးမှာ ဒါတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် ယုံကြည်မှုကို ဘယ်လိုတည်ဆောက်နိုင်မလဲ။

ဖြေ ။ ။ လောလောဆယ်အခြေအနေမှာတော့ မယုံကြည်ဘူးပေါ့။ မယုံကြည်မှု အခြေအနေ ရောက်လို့ရှိရင် မယုံကြည်တဲ့ထောင့်ကပဲ ပြင်ဆင်ထားတာတွေ၊ ပြဿနာတွေကို ကြည့်တတ်တယ်။ အဲဒါကြောင့်မို့ Distorted လို့ပြောတဲ့ တကယ့် ပကတိတရားတွေနဲ့ ပုံပျက်တတ်တယ်။ အဲဒီတော့ ယုံကြည်မှု ထူထောင်တဲ့အခါမှာ အလုပ်လုပ်လို့မရတဲ့ မယုံကြည်မှုကနေ အလုပ်လုပ်လို့ရတဲ့ မယုံကြည်မှုကို ကူးပြောင်းဖို့လိုတယ်။ အဲဒီမှာ သော့ချက်က ဘာလဲဆိုတော့ အဓိကပါဝင်ပတ်သက်တဲ့ လူတွေက ဖြစ်စဉ်ထဲမှာ ပါဝင်ခွင့်ရဖို့ပဲ။ ကျနော်တို့ ပြန်ကြည့်လို့ရှိရင် NLD အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ အခု စစ်ကောင်စီလက်ထက်တွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တွေ ကိုယ်တိုင်က သူတို့ပြန်လည်လာမယ့် ဖြစ်စဉ်တွေထဲမှာ ဘာမှမပါခဲ့ဘူး။ မပါခဲ့တဲ့အခါကြတော့ ကိုယ်နားလည်သလိုနဲ့ လုပ်တဲ့အခါမှာ ပြဿနာက မဖြေရှင်းဘူး။ စောစောကပြောသလို ပြဿနာက အမြင်တွေက ပုံပျက်ပန်းပျက်တွေနဲ့ ပြန်ပြီးကြုံရမယ်။ ဒါက နှစ်ဘက်စလုံးက ပုံပျက်ပန်းပျက် ဖြစ်မယ်။ ဒါက ပဋိပက္ခရဲ့ သဘောပေါ့။ ဒါကြောင့်မို့ ကျနော်တို့က ယုံကြည်မှုလမ်းကြောင်းကိုသွားမယ့် အရိပ်လက္ခဏာကိုလည်း ပြသဖို့လိုတယ်။

မေး ။ ။ ဘယ်လိုအရိပ်လက္ခဏာမျိုးကို ဆိုလိုတာပါလဲ။

ဖြေ ။ ။ ဥပမာအားဖြင့် ရိုဟင်ဂျာဒုက္ခသည်များ ကြည့်လို့ရှိရင် သူတို့က သူတို့ရဲ့ လူသားတယောက်အနေနဲ့ ဘဝတခုလုံးအနေနဲ့ ကြည့်တယ်။ အဲဒီတော့ ဒါကို အဟန့်အတားဖြစ်နေတာက နိုင်ငံသားဖြစ်မှု ပြဿနာ။ အဲဒီတော့ ဘာတွေဆောင်ရွက်နေသလဲ။ ဒါကို အရိပ်လက္ခဏာနဲ့ ပြဖို့လိုမယ်လို့ ကျနော် ထင်တယ်။

မေး ။ ။ ဘန်ကောက်ပို့စ် သတင်းစာမှာတော့ ဒုက္ခသည်တွေကို နိုင်ငံသား မပေးနိုင်ဘူးဆိုတဲ့ သဘောမျိုး စစ်ကောင်စီဘက်က ပြောတယ်လို့ ဆိုပါတယ်။ အဲဒီတော့ ဒီလိုအခြေအနေမျိုးက ဒုံရင်းကို သွားစိုက်နေသလို ဖြစ်မနေဘူးလား။

ဖြေ ။ ။ အခုလက်ရှိ ချဉ်းကပ်ပုံအရဆိုရင်တော့ ဒုံရင်းကို ပြန်စိုက်တာပဲ။ ပြဿနာ ဖြေရှင်းမှုမှာ ပြောလေ့ ကိုးကားလေ့ စကားတခွန်း ရှိတယ်။ ပြဿနာတရပ်ကို ဖြေရှင်းမယ်ဆိုရင် အဲဒီပြဿနာကို ဖြစ်စေခဲ့တဲ့ ချဉ်းကပ်ပုံမျိုးနဲ့ပဲ ချဉ်းကပ်နေတာလောက် မိုက်မဲတာ မရှိဘူး။ အဲဒီတော့ ရိုဟင်ဂျာ ပြဿနာကို ပြန်ကြည့်မယ်ဆိုရင်လည်း ဒါက သုံးခါလောက် ရှိခဲ့ပြီ။ သမိုင်းအရ ပြန်ကြည့်မယ်ဆိုရင်။ ဒီချဉ်းကပ်ပုံနဲ့ပဲ ကျနော်တို့ လာတယ်။ ဒီချဉ်းကပ်ပုံနဲ့ပဲ လာနေတယ်။ အဲဒီတော့ ဒီပြဿနာကို ဒီချဉ်းကပ်ပုံနဲ့တော့ မရဘူး။ ဒါကြောင့်မို့ မူဝါဒ ချမှတ်တဲ့လူတွေ၊ အစိုးရအဆက်ဆက်က ဒီပြဿနာကို ပြန်ပြီးတော့ ပုံဖော် ပြန်လည်သတ်မှတ်ဖို့၊ ကြည့်ဖို့ လိုလိမ့်မယ်လို့ ကျနော် ထင်တယ်။

မေး ။ ။ အဲဒီတော့ ပြဿနာကို ပြန်ပြီးပြောင်းကြည့်ဖို့ Reframe လုပ်ဖို့ဆိုတဲ့ နေရာမှာ ဘယ်လိုသဘောမျိုးကို ဆိုလိုတာပါလဲ။

ဖြေ ။ ။ ကျနော်တို့ အခုလောလောဆယ် ပြဿနာ သတ်မှတ်ပုံကို ကြည့်မယ်ဆိုရင် စစ်တပ်ရဲ့ ပြဿနာ သတ်မှတ်ပုံ ရှိတယ်။ ပြီးတော့ မဘသ လို အဖွဲ့အစည်းတွေ - ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ပြဿနာ သတ်မှတ်ပုံ ရှိတယ်။ စစ်တပ်က ဘယ်လိုမြင်သလဲဆိုရင် ဒါကတော့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ နယ်မြေပိုင်ဆိုင်မှုဆိုတဲ့ သူ့ရဲ့ institutional စစ်တပ်အဖွဲ့အစည်းတခုရဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်ပိုင်ကနေ ကြည့်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နယ်ချဲ့လာဖို့အတွက် ကြိုးစားတယ်။ ဒီလိုလူတွေကို ပို့တယ် တဖြည်းဖြည်းနဲ့ - ဒါကတမျိုး။ နောက်တခုက သမိုင်းကြောင်းအရ ဖဆပလ အစိုးရလက်ထက်မှာ လွတ်လပ်ရေးရပြီးကာလမှာ မူဂျာဟစ်ဒင် လှုပ်ရှားမှု ရှိတယ်။ မူဆလင်ပြည်နယ် ရရှိရေးနဲ့ ခွဲထွက်ဖို့၊ နိုင်ငံထူထောင်ဖို့ဆိုတော့ ဒီထောင့်ကနေ သူက ပြဿနာကို Frame လုပ်တယ်။ ဆိုတော့ ဒီထောင့်ကနေ ရှင်းတဲ့အခါမှာ ဒီလူတွေကို ပြန်ထုတ်ရမယ်ဆိုတဲ့ လက်ရှိဖြစ်နေတဲ့ဟာတွေက အဲဒီ Framing လို့ပြောတဲ့ ပြဿနာ ကြည့်ရှုပုံနဲ့ အများကြီးဆက်စပ်နေတယ်။

ဒါပေမဲ့ မဘသ ကြည့်ရှုပုံကြတော့ မူဆလင်ရဲ့ လူဦးရေက များလာလိမ့်မယ်။ နောက် တဖြည်းဖြည်း လွှမ်းမိုးသွားလိမ့်မယ်။ ကြာလာလို့ရှိရင် ငါတို့ရဲ့ ဗုဒ္ဓဘာသာ ဘာသာကြီးပါ ပျောက်သွားလိမ့်မယ်လို့ဆိုပြီး အာဖဂန်နစ္စတန်ကို ပြတယ်။ အခြားသောနိုင်ငံတွေကို ပြတယ်။ အာရှဆိုရင် အင်ဒိုနီးရှားပေါ့။ ဒါတွေ ဖြစ်လာမလားဆိုတဲ့ထောင့်ကနေ ကြည့်တယ်။ ဆိုတော့ ဒါပေမဲ့ ဒီလိုကြည့်ရှုပုံ ကြည့်ရှုနည်းတွေက စောစောက ပြောခဲ့သလိုပဲ ဒီချဉ်းကပ်ပုံ ချဉ်းကပ်နည်းတွေက ပြဿနာကို ဖြေရှင်းနိုင်ရဲ့လား။ ကျနော်တို့ ပြန်ကြည့်ရမယ်။ အဲဒီတော့ လိုလားချက်က ဘာလဲဆိုတော့ ဒါက စစ်တပ်ကကော၊ မဘသတို့က သူတို့ လိုလားချက်ကို ကျနော် နားလည်ချက်အရ ပြောရလို့ရှိရင် အခုနပြောသလို မူဆလင်နိုင်ငံတခု၊ မူဆလင်ပြည်နယ်ကြီးတခု ဖြစ်လာမယ့် လူစုတာမျိုးကို မဖြစ်စေချင်ဘူး။ မဘသအနေနဲ့ ပြောရလို့ရှိရင် မူဆလင် လူဦးရေတွေ တိုးပွားလာတာမျို မဖြစ်စေချင်ဘူး။ ဆိုရင် ဒါက ဖြေရှင်းမှု ရှိပါတယ်။ တခြားနိုင်ငံတွေကလည်း ဒီပြဿနာတွေ ကြုံနေရတယ်။ ဖြေရှင်းတဲ့ပုံတွေ ရှိတယ်။ သူတို့ကြည့်ဖို့ကောင်းတယ်လို့ ကျနော် ထင်တယ်။

မေး ။ ။ အခု ဆရာပြောသွားတဲ့ အခြေအနေတွေအပြင် တဘက်မှာ ကုလသမဂ္ဂက ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာကို တဖြည်းဖြည်း ဖြတ်တောက်လာတာကိုလည်း တွေ့ရပါတယ်။ သုံးလအတွင်းမှာ အခုဆိုရင် စားနပ်ရိက္ခာ ဖြတ်လာတာဟာ ဒုတိယအကြိမ် ဖြစ်သွားပါပြီ။ အဲဒီတော့ ပြဿနာတွေ ဖြေရှင်းဖို့ဆိုတာက နှစ်ဘက်သဘောတူညီမျှဖို့ ရှိဖို့လည်း လိုပါတယ်။ အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ ဒီပြဿနာက အဖြေရှိပါအုံးမလား။

ဖြေ ။ ။ ပြဿနာ ရှိနေတယ်လို့ ကျနော်ထင်တယ်။ ဒါပေမဲ့ မမြင်တဲ့အတွက်ကြောင့်မို့ အဖြေကို မတွေ့တာ ဖြစ်တယ်။ ဥပမာအားဖြင့် ကျနော်တို့ မဘသရဲ့ ပြဿနာ သတ်မှတ်ချက်အရ ကြည့်မယ်ဆိုရင်လည်း မူဆလင် လူဦးရေ တိုးပွားလာတာ။ လူဦးရေ တိုးပွားမှုကို လေ့လာထားတဲ့ လေ့လာမှုတွေ ရှိတယ်။ ဥပမာအားဖြင့် ပညာမတတ်တဲ့ မိသားစုတွေမှာ ကလေးမွေးနှုန်းများတယ်။ ဆင်းရဲလို့ရှိရင် မွေးနှုန်းများတယ်။ ရှေ့ရိုးအစဉ်အလာထဲမှာ ရောက်နေလို့ရှိရင် ကလေးတွေမွေးနှုန်းများတယ်။ ကျေးလက်ဘဝမျိုး ကျေးလက်အခြေခံ ပိုများနေတယ်ဆိုရင် မြို့ပြထက် ပိုများတယ်။ အဲဒီရပ်ရွာအသိုင်းအဝိုင်းက Isolated အထီးကျန်နေမယ် - သူ့အသိုင်းအဝိုင်းလေးနဲ့ သူနေတယ်ဆိုရင်လည်း ကလေးမွေးနှုန်းများတယ်။ ဆိုတဲ့အခါကြတော့ လက်ရှိ မူဝါဒတွေ အကုန်လုံးက အဲဒီဟာကို ဖြစ်စေနေတယ်။ တနည်းပြောလို့ရှိရင် လိုလားတာကတခု၊ တကယ် ကိုယ်ကျင့်သုံးလိုက်တာက အဲဒီ ကိုယ်လိုလားတာကို မဖြစ်နိုင်တဲ့၊ ပြောင်းပြန်ကြီးသွားနေတဲ့ လမ်းကြောင်းကိုပဲ သွားတယ်။ စောစောကပြောတဲ့ အချက်အလက်တွေက မူဝါဒကို စဉ်းစားတဲ့အခါ မူဝါဒရဲ့ သဘောက ဘာလဲဆိုရင် ပတ်သက်တဲ့ ပြဿနာကို လွှမ်းမိုးနေတဲ့ အကြောင်းအချက်တွေကို ဖော်ထုတ်တယ်။ အဲဒီအကြောင်းအချက်တွေက လူတွေ စိတ်ထဲက ထင်တာနဲ့ မဟုတ်ဘူး။ Statistically significant ပြောတဲ့ ကျနော်တို့ စာရင်းဇယားအရ တွက်ချက်ထားတဲ့ တကယ့်ကို အရေးပါတဲ့ ဆက်နွှယ်မှုရှိမှ အဲဒီဆက်နွှယ်တဲ့ အကြောင်းအချက်တွေကို ကစားတာ။ မူဝါဒဆိုတာ ကစားတာ။ အခုနပြောနေတဲ့ အကြောင်းအချက်တွေကို ကျနော်တို့က ကစားဖို့လိုတယ်။ အဲဒါတွေကို ကစားမယ်ဆိုရင် အဖြေက ဘာလဲ။ အခုပြန်ကြည့်လိုက် ဒီထောင့်ကနေ ပြည်ကြည့်လိုက်ရင် နိုင်ငံတကာကလည်း ပြောနေတယ်၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း ပြောနေတယ်။ လူတယောက်ကို အခြေခံကျကျ အခွင့်အရေးတွေ ပေးဖို့ဆိုတာ စောစောကဟာတွေကို ဖြေရှင်းရမယ့်အချက်တွေနဲ့ အကုန်လုံးသွားညီနေတယ်။ ဆိုလိုတာက အဖြေက ရှိပြီသား၊ အဲဒီအဖြေက လောလောဆယ် ပြောမယ်ဆိုရင် နိုင်ငံတကာက ပြောနေတာက မဘသ လိုလားတဲ့ လိုလားချက်ကြီးကို ဖြည့်ဆည်းပေးမှာ၊ အဲဒီအတိုင်းသွားလို့ရှိရင်။ ချက်ချင်းလက်ငင်းတော့ မဟုတ်ဘူး။ ရေရှည်မှာ ဖြစ်သွားမှာ။ ရိုဟင်ဂျာကိစ္စက တခြားသောနိုင်ငံတွေမှာလည်း ဒီပြဿနာ ရှိတယ်။

ဥပမာအားဖြင့် စင်္ကာပူမှာ - မလေး မူဆလင် ရှိတယ်။ အိန္ဒိယဟိန္ဒူးတွေ ရှိတယ်။ နောက် တရုတ်တွေ ရှိတယ်။ racial composit လို့ပြောတဲ့ နိုင်ငံတွေက ဒီလူမျိုးရဲ့ ဖွဲ့စည်းပုံကို ထိန်းသိမ်းဖို့၊ မပျက်ယွင်းသွားအောင် သူတို့က ကြိုးစားကြတာ။ အဲဒီအခါမှာ စောစောကပြောသလို Growth ပြဿနာ၊ လူမျိုးစုတစုက ပိုပြီးတော့ လူဦးရေး ပိုများနေတာ ရှိတယ်။ အဲဒီအကြောင်းအချက်တွေကို ကစားကြတယ်။ ဥပမာအားဖြင့် ကလေးတွေ ပညာတတ်လို့ရှိရင် ပညာတတ်လာမယ်။ ကျောင်းတွေလာရင် incentive ပေးမယ်။ မက်လုံးပေးမယ်။ အဲဒီတော့ မိဘတွေက ကလေးတွေ ပညာတတ်သထက်တက်အောင် လုပ်ရင်နဲ့ ကလေးမွေးနှုန်းကို သူဘာသာအလိုလို လျှော့ချသွားတယ်။

ဒါကို မြန်မာနိုင်ငံမှာလည်း လုပ်လို့ရတယ်။ ဥပမာအားဖြင့် - ဒီတခုတည်းကို လုပ်မယ်ဆိုလို့ရှိရင် - ဒါက target ဖြစ်တဲ့အတွက် နိုင်ငံရေးအရ မမှန်ဘူး။ ကျနော်တို့က အကုန်လုံးကိုလည်း လုပ်ပေးလို့ရတယ်။ ဥပမာအားဖြင့် ဆင်းရဲတဲ့ ပြည်သူတွေ ရှိတယ်။ ကျနော်တို့က poverty alleviation ပြောတဲ့ ဆင်းရဲမှု တိုက်ဖျက်ရေးလုပ်ငန်းတွေကိုလည်း မလုပ်သေးဘူး။ ဒါတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် နိုင်ငံတကာ အကူအညီတွေလည်း အများကြီးရနိုင်တယ်။ လူ့အခွင့်အရေးကိုလည်း လေးစားရာရောက်တယ်။ ပြီးရင် မဘသ လိုလားတဲ့ လိုလားချက်ကြီးကလည်း သူ့အလိုလို ဖြစ်လာလိမ့်မယ်။ ပြီးတော့ တပ်ကပြောသလို တနေရာတည်းမှာ စုမထားဘူးဆိုလို့ရှိရင် ကျနော်တို့မှာ ဒုက္ခသည်တွေ တခြားနိုင်ငံတွေကို ရောက်တယ်ဆိုရင် ပြည်နယ်ပေါင်းစုံကို ရောက်သွားတယ်။ တနေရာတည်းမှာ ဒုက္ခသည်တွေကို ထားထားတယ်ဆိုတာ မရှိဘူး။ တည်ဆဲလူ့အဖွဲ့အစည်းထဲကို ပိုပြီးတော့ ဝင်သွားအောင်။ နောက်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးမှာလည်း ရခိုင်တခုတည်းမှာ ဝန်ထုပ်ဝန်ပိုးကြီးက ပိနေဖြစ်နေတယ်။ ဒုက္ခသည်တွေကို တခြားနိုင်ငံတွေမှာ ကျင့်သုံးတဲ့ မူဝါဒတွေနဲ့ ကျင့်သုံးလိုက်မယ်ဆိုရင် တနိုင်ငံလုံးမှာလည်း ရောထွေးသွားမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ရပ်ရွာအသိုက်အဝိုင်းနှစ်ခုက တဖြည်းဖြည်းနဲ့ ပေါင်းစပ်သွားမယ်။ ရှေ့တုန်းကတည်းက ဗမာမူဆလင်တွေဟာ တခြားသော ဗုဒ္ဓဘာသာဝင်တွေနဲ့ ညီအကိုမောင်နှမတွေလို နေနေတဲ့အတိုင်း ပြန်ဖြစ်သွားမယ်။ ဒါတွေက လုပ်နိုင်တဲ့ဟာတွေ ဖြစ်ပါတယ်။ ချုပ်ပြောရရင်တော့ နံပါတ်တစ် ပြဿနာကို လက်ခံလိုက်ပါ။ လက်ရှိ ချဉ်းကပ်ပုံကြီးက ပိုပြီးတော့ ဆိုးသွားစေတယ်။ ဒီချဉ်းကပ်ပုံကြောင့်လည်း Genocide လို့ပြောတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ တရားစွဲခံရတယ်။ Crimes against humanity လို့ပြောတဲ့ လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှုတွေနဲ့ စစ်တပ်ကြီးက တရားစွဲဆိုခံရတယ်။ နာမည်ပျက်တယ်။ နိုင်ငံရေးအရ ပေးရတာတွေ အများကြီး၊ လူပုဂ္ဂိုလ်အရ ပေးရတာတွေလည်း အများကြီးပဲ။ ဒီချဉ်းကပ်ပုံက အလုပ်မဖြစ်ဘူး။

ဒုတိယ ဦးသိန်းစိန်လက်ထက်တုန်းကလည်း UNHCR ကို သမ္မတဦးသိန်းစိန်က တွေ့ပြီးတော့ပြောတယ်။ ခင်များတို့ တတိယနိုင်ငံတွေအနေနဲ့ ဒီဒုက္ခသည်တွေကို ခင်များတို့ဆီ ခေါ်လို့မရဘူးလားဆိုတော့ - မရဘူး "No" - ဒါက ခင်များတို့နဲ့ပဲဆိုင်တယ်ဆိုတာကို UNHCR က ပြောပြီသားဖြစ်တယ်။ ဒါကြောင့်မို့ ထပ်ပြီးတော့ ဒီကိစ္စကြီးကို ထပ်တလဲလဲ ချဉ်းကပ်နေတာ အချည်းနှီးဖြစ်တယ်လို့ ကျနော်ထင်တယ်။ အဖြေက ရှိပြီသားပါ။ ပြေလည်သွားစရာ ရှိပြီသား၊ မမြင်လို့သာ ဖြစ်ပါတယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်။