မြန်မာ့အကျပ်အတည်း အာဆီယံ ဖြေရှင်းနိုင်ခြေ

အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်

မြန်မာ့အရေးကြောင့် အာဆီယံအပေါ် ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာထိခိုက်တဲ့အထိ ဖြစ်လာမှာစိုးရိမ်တယ်လို့ ပြီးခဲ့တဲ့အပတ်ထဲ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားသမ္မတ Joko Widodo က ပြောပါတယ်။ မြန်မာ့အရေး အာဆီယံကိုပါ ထိခိုက်တဲ့အထိ ဖြစ်လာရတာ ဘာကြောင့်ပါလဲ။ ဘယ်လို ဖြေရှင်းနိုင်ပါမလဲဆိုတာကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးတင်မောင်သန်း။ ပြီခဲ့တဲ့ မေလ (၉) ရက်ကနေ (၁၁) ရက်နေ့အထိ အာဆီယံထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ အင်ဒိုနီးရှားသမ္မတ Joko Widodo ကနေ မြန်မာ့အရေးဟာ အာဆီယံအပေါ် ယုံကြည်မှုနဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာမှာ စိုးရိမ်တယ်လို့ ပြောပါတယ်။ မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ကြီးအတွက် ဂုဏ်သိက္ခာ ထိခိုက်စရာ ဖြစ်နေပြီလို့ ပြောလို့ရနိုင်ပါသလား။

ဖြေ ။ ။ မင်္ဂလာပါ မမြသဇင်အောင်။ ရတာပေါ့။ ဘာကြောင့်လဲဆိုလို့ရှိရင် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က လက်ရှိစစ်ကောင်စီက ရာဇဝတ်ဂိုဏ်းနဲ့ ပိုပြီးတူတယ်။ အဲဒီတော့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်ကြည့်မယ်ဆိုရင်လည်း လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စွဲဆိုခံထားရတယ်။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်ကလည်း လူသားမျိုးနွယ်တရပ်လုံးပေါ်မှာ စော်ကားတဲ့ ရာဇဝတ်မှုကို ကျူးလွန်တဲ့ အချက်အလက်တွေကို တွေ့ထားရတယ်လို့ ပြောလာတယ်။ လူ့အခွင့်အရေးလှုပ်ရှားမှုကြီး တခုလုံးရဲ့ သဘောသဘာဝကလည်း အရှက်ရစေသော နည်းလမ်းတွေနဲ့ ဂုဏ်သိက္ခာတွေပေါ်မှာ အဓိကထားပြီးတော့ လှုပ်ရှားတာ။ နိုင်ငံတကာကို ဖွဲ့စည်းထားတာ ဖြစ်တယ်။ ဒီအဖြစ်က ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ ဒီထောင့်မှကြည့်မှသာ၊ ဒီထောင့်မှကြည့်နိုင်စွမ်းရှိမှသာ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတရဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်ဆိုတဲ့စကားကို ကျနော်ထင်တယ် နားလည်နိုင်လိမ့်မယ်လို့ ထင်တယ်။

မေး ။ ။ ဒါဆိုရင် မြန်မာအကျပ်အတည်းက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ သဘောထားကွဲလွဲစရာမျိုး ဖြစ်နေတာလား။ ဒေသတွင်း အဖွဲ့အစည်းကြီးတခုမှာ ဒီအဖွဲ့အစည်းအပေါ်မှာ မြန်မာအရေးက ယုံကြည်မှုကို ဘယ်လိုမျိုး သက်ရောက်သွားနိုင်ပါသလဲ။

ဖြေ ။ ။ ဒီလိုထိခိုက်လာနေပြီဆိုတာကတော့ အာဆီယံတဖွဲ့လုံးပေါ်မှာ သဘောတူမျှတယ်လို့ ယူဆရတယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ ချမှတ်ထားတဲ့ သဘောတူညီချက်ပေါ့။ သဘောတူမျှမှု (၅) ရပ်နဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့။ ဒါကလဲ ကုလသမဂ္ဂက သဘောတူတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း သဘောတူတယ်။ ဒါပေမဲ့ သဘောကွဲလွဲမှုက ရှေ့လျှောက်ပြီး ဘယ်လိုခြေလှမ်းတွေနဲ့ လှမ်းမလဲဆိုတဲ့ ကိစ္စမှာတော့ ဒီနေရာမှာ ချဉ်းကပ်ပုံ မတူညီကြဘူး။ လက်ရှိအခြေအနေထိကတော့ အာဆီယံက ရပ်တည်နေတာကတော့ သဘောကွဲလွဲမှုထက် သဘောတူညီမှု ရှိတယ်။ ဥပမာအားဖြင့် နိုင်ငံရေးအဆင့်ခေါင်းဆောင်ကို မဖိတ်ဘူး။ ဗျူရိုကရေစီက နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေကိုပဲ ဖိတ်မယ်ဆိုတဲ့အထိလည်း အာဆီယံက သဘောတူထားတယ်။ ဒါထက်ပိုပြီး ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာမှာတော့ တနိုင်ငံနဲ့တနိုင်ငံ သဘောထား မတူညီတာလေးတွေ ရှိမယ်ထင်တယ်။

မေး ။ ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ မူက မြန်မာ့အရေးကို တုံ့ပြန်ရာမှာ အနှောင့်အယှက် ဖြစ်စေတယ်လို့ တချို့က သုံးသပ်ပါတယ်။ ဒီအပေါ်မှာကော ဘယ်လိုအမြင်ရှိပါသလဲ။

ဖြေ ။ ။ နှစ်ခုပြောရမယ် ထင်တယ်။ ပထမတခုကတော့ ပုံမှန်နိုင်ငံတကာ ဆက်ဆံရေးကတော့ -- ကျော်မှာ ရရှိလာတဲ့ သဘောတူညီချက်အတိုင်း အချုပ်အခြာအာဏာပေါ်မှာ အခြေခံထားတယ်။ ဒါပေမဲ့ တဘက်မှာကျတော့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့လာရတယ်။ ဒီအချိန်မှာတော့ ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ ပြဿနာ ရှိတယ်။ ဒါပေမဲ့ အာဆီယံနဲ့ အာရှနိုင်ငံတွေမှာက အဲဒီလိုပြဿနာတွေကို ကိုင်တွယ်နိုင်တဲ့ နည်းနာယန္တရားမရှိတဲ့ အတွက်ကြောင့်မို့ အာဆီယံမှာ ဒီပြဿနာ ကြုံနေရတာမျိုး ဖြစ်နေတယ်လို့ ယူဆရတယ်။ ဆိုတဲ့အခါကြတော့ ဒါကြောင့်မို့ အာဆီယံအနေနဲ့ အခုအချိန်မှာ နိုင်ငံချင်းကြား၊ နိုင်ငံတွေကြားမှာ ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ သဘောတူညီနိုင်မှုတွေကလည်း ပြဿနာတရပ်လို ရင်ဆိုင်လာရတာ ဖြစ်တယ်လို့ ပြောရမှာပါ။

မေး ။ ။ တဘက်မှာပြောမယ်ဆိုရင် မြန်မာနိုင်ငံ အကျပ်အတည်းက အာဆီယံနဲ့ အခြားနိုင်ငံတွေရဲ့ ဆက်ဆံရေးမှာ ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။ ဥပမာပြောမယ်ဆိုရင် အာဆီယံနဲ့ အမေရိကန်နဲ့ ဆက်ဆံရေး၊ အာဆီယံနဲ့ တရုတ် ဆက်ဆံရေး။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ ဒီနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့အစည်းကြားမှာ ဘယ်လိုသက်ရောက်မှု ရှိနိုင်ပါသလဲ။

ဖြေ ။ ။ အဓိကသက်ရောက်မှု ရှိနိုင်တာကတော့ ASEAN Plus - ကျနော်တို့က အာဆီယံတင်မကတော့ဘူး အာဆီယံအပေါင်း အာဆီယံအပြင် သြစတေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားတို့နဲ့ အမေရိကန်လည်းပါမယ် အစရှိသဖြင့် အာဆီယံအပြင် အခြားသောနိုင်ငံတွေကိုပါ ထည့်သွင်းပြီး ဆက်ဆံလာတဲ့အခါမှာ မြန်မာ့အကျပ်အတည်းက စနိုးစနောက် ဖြစ်စရာ၊ ဖြစ်လာတယ်။ အဲဒီတော့ တကမ္ဘာလုံးမှာက စံနှုန်းတွေက တဖြည်းဖြည်းနဲ့ နိုင်ငံရေးစံနှုန်းတွေက ပြောင်းလာတယ်။ စောစောကမေးသလိုပဲ အချုပ်အခြာအာဏာကနေ လူ့အခွင့်အရေးဆိုတဲ့ နယ်ပယ်တခုဟာ တဖြည်းဖြည်းနဲ့ ကြီးမားလာတယ်။ ဒီလိုအခြေအနေမှာ ဒီနှစ်ခုကို ဘယ်လိုကိုင်တွယ်မလဲ။ ဖြေရှင်းမလဲဆိုတာက တော်တော်လေး အရေးပါတယ်။ မြန်မာနိုင်ငံမှာ အဲဒီလို ကိုင်တွယ်ဖြေရှင်းမှု အသိတရား ရသေးပုံ မရဘူး။ ဆိုတော့ ဒီအနေအထားမှာ အာဆီယံကတော့ မြန်မာနိုင်ငံထက်စာရင် ဒါထက်နည်းနည်းလေး ပိုပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေမှာ သူတို့ကိုင်တွယ်ဖြေရှင်းပုံတွေ ပိုပြီးပျော့ပျောင်းမှုတွေ ရှိလာမယ်လို့ မြန်မာနိုင်ငံက နောက်ကျကျန်ခဲ့တဲ့ အနေအထားမှာ ရှိတယ်လို့ ပြောလို့ရမယ်ထင်တယ်။ ဒါကြောင့် ဒီကိစ္စသည် အာဆီယနဲ့ အခြားသောနိုင်ငံတွေရဲ့ ဆက်ဆံရေးပေါ်မှာလည်း လာပြီးသက်ရောက်မှု ရှိနေတယ်။ နိုင်ငံတကာဆက်ဆံရေးရဲ့ အချုပ်အခြာအာဏာပေါ်မှာ တည်ဆောက်ထားတာ မှန်ပေမယ်လို့ အခြားသော တန်းဖိုးထားမှုတွေက ဥပဒေကဲသို့ အားကောင်းလာခဲ့တဲ့အခါမှာ မလွဲမသွေ အာဆီယံနဲ့ အခြားနိုင်ငံတွေရဲ့ ဆက်ဆံရေးပေါ်မှာ လာပြီးတော့ သက်ရောက်မှု ရှိမှာပါ။

မေး ။ ။ အာဆီယံနဲ့ အခြားနိုင်ငံတွေရဲ့ ဆက်ဆံရေးမှာ မြန်မာ့အရေးဟာ ရေရှည်အကျိုးသက်ရောက်မှုက ဘယ်လိုရှိနိုုင်ပါသလဲ။

ဖြေ ။ ။ ရေရှည်အားဖြင့် အထူးအားဖြင့်တော့ အာဆီယံရဲ့ ရည်မှန်းချက်က ဒေသတွင်း တည်ငြိမ်ရေး၊ ပဋိပက္ခ မရှိရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ အာဆီယံတခုလုံးရဲ့ ဈေးကွက်ကြီး ဖြစ်ပေါ်လာဖို့တဲ့အထိ ရည်မှန်းထားကြတယ်။ ဒီရည်မှန်းထားတဲ့အတွက်ကြောင့်မို့ အာဆီယံအတွင်းမှာ တနိုင်ငံနဲ့တနိုင်ငံ ကူးလူးဆက်ဆံနိုင်မယ့် အာရှလမ်းမကြီးတွေ ဒီလိုသွားလာကြဖို့ ဗီဇာအနေအထားကစပြီး၊ ဖွင့်ကြဖို့။ တနည်းအားဖြင့်ပြောရင် ဥရောပသမဂ္ဂဆန်ဆန်မျိုး အာဆီယံဒေသကို ထူထောင်ဖို့ဆိုတဲ့ ရည်မှန်းချက်ကြီး ထားရှိခဲ့တယ်။ ဒါက သူ့ရဲ့အနာဂတ်။ ဒီအနာဂတ်ကြီး တခုလုံးကို မြန်မာကိစ္စကြောင့်မို့ မြန်မာက အစကတော့ ဒီအရှေ့တောင်အာရှ ဒေသတခုလုံးက သွားမယ်လို့ပြောတာ သူ့ကို ချန်ထားရမလား၊ မချန်ရဘူးဆိုတဲ့ ပြဿနာအထိ ကိုယ်သွားရမယ့် အရှိန်နှုန်းကို ဘယ်လောက်အထိ သွားရမလဲဆိုတဲ့အထိ - သေချာတာကတော့ မြန်မာနိုင်ငံ ပါဝင်နေတဲ့အတွက်ကြောင့် အာဆီယံရဲ့ သွားနေတဲ့ အရှိန်နှုန်းကြီးကို လာပြီးထိခိုက်နေတာကိုတော့ အာဆီယံအဖွဲ့ဝင် တော်တော်များများကလည်း ခံစားကြရတယ်။ မြင်ကြတယ်ဆိုတော့ အနာဂတ်ရည်မှန်းချက်ကြီးတခုလုံးကို လာပြီးထိခိုက်နေတယ်လို့ ပြောရလိမ့်မယ်။

မေး ။ ။ အဲဒီတော့ အစောပိုင်းတုန်းက မေးခွန်းကို ပြန်ပြီးကောက်ရမယ်ဆိုရင် မြန်မာ့အရေးဟာ အာဆီယံဂုဏ်သိက္ခာကို ထိခိုက်မယ်ဆိုတဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo ရဲ့ စကားပါ။ ဒါကို အာဆီယံအနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းနိုင်ပါသလဲ။

ဖြေ ။ ။ ပြဿနာပေါ် ရှုမြင်ပုံပေါ် မူတည်တယ်။ ကျနော့်အမြင်ရဆိုရင် မြန်မာ့အကျပ်အတည်းရဲ့ အတွင်းသားအနစ်က လူ့အခွင့်အရေး ချိုးဖောက်မှု။ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းနာယန္တရားတခုလုံး အာရှမှာ မရှိသေးသမျှ အာဆီယံက မလွဲမရှောင်သာ ဒီပြဿနာတွေနဲ့ ကြုံနေရမှာ။ တကယ်လို့ ဒီပြဿနာတွေကို ခြုံချင်တယ်ဆိုရင် ဥရောပမှာ ရှိတယ်။ လက်တင်အမေရိကမှာ ရှိတယ်။ အာဖရိကမှာ ထူထောင်ထားပြီသား လူ့အခွင့်အရေးကောင်စီလိုဟာမျိုး - တနိုင်ငံမှာ လူ့အခွင့်အရေးတွေရှိရင် အဲဒီနိုင်ငံသားတွေက အဲဒီကောင်စီကို အာဖရိကတိုက်မှာဆို လူ့အခွင့်အရေးဆိုင်ရာ တိုင်ကြားလို့ရတယ်။ အဲဒီအဖွဲ့ကနေ အရေးယူပေးတယ်။ လက်တင်အမေရိကမှာလည်း ဒီအတိုင်းပဲ၊ ဥရောပမှာလည်း ဒီအတိုင်းပဲ။ ဒါပေမဲ့ အာရှမှာ အဲဒါ မရှိဘူး။ အာရှမှာ လူ့အခွင့်အရေး Charter လောက်ပဲ ကျနော်တို့က ထုတ်ပြန်နိုင်သေးတယ်။ အဲဒီ Charter အရ ချိုးဖောက်မှုတွေကို ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတဲ့ နည်းနာယန္တရားတရပ် မထူထောင်နိုင်ခဲ့ဘူး။ အဲဒီတော့ စောစောက မြန်မာ့အရေး ပြဿနာကို အာဆီယံက ဖြေရှင်းမယ်ဆိုရင် အဲဒီ Charter နဲ့ အရေးယူနိုင်တဲ့ နည်းနာယန္တရားကို ထူထောင်ခြင်းအားဖြင့် အာဆီယံက စောစောက မိမိရည်မှန်းချက်တွေဖြစ်တဲ့ ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း တည်ငြိမ်းရေး၊ လုံခြုံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကြီး ဖော်တဲ့အထိကို သွားနိုင်လောက်အထိ ဖြစ်လာမယ်။ မဟုတ်လို့ရှိရင်တော့ အဲဒီအဖွဲ့မျိုး မရှိတဲ့အတွက်ကြောင့်မို့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေက အာဆီယံမှာ ဝင်ဝင်ပြီးစောင့်နေပြီး၊ အဲဒီလိုစောင့်နေသမျှ မြန်မာစစ်တပ်ကလည်း သူ့ရဲ့အပြုအမှုတွေ၊ သူ့ရဲ့ယုံကြည်ခံယူချက်တွေ၊ စိတ်ဓါတ်တွေကို မပြင်နိုင်သေးဘူးဆိုရင် အာဆီယံက ဖြေရှင်းနိုင်မှာ၊ ဖြေရှင်းဖို့ အခက်အခဲတွေ ဆက်လက်ရင်ဆိုင်နေရအုံးမှာပဲ။ ဒါကြောင့်မို့ ဖြေရှင်းရေးနည်းလမ်းကတော့ အာဆီယံချာတာကို အကောင်အထည်ဖော်နိုင်တဲ့ ချိုးဖောက်မှုတွေကို အရေးယူနိုင်တဲ့ နည်းနာယန္တရားတရပ်ကို အာဆီယံအနေနဲ့ ထူထောင်ဖို့ပဲလို့ ကျနော် ထင်တယ်။