Al Jazeera သတင်းထောက် အီဂျစ်ပြည်နှင်ဒဏ်ပေး

Al Jazeera သတင်းထောက် Peter Greste

အီဂျစ်နိုင်ငံမှာ အကျဉ်းကျခံနေရတဲ့ အယ်လ်ဂျာဇီးရား (Al Jazeera) သတင်းထောက်တယောက်ကို အီဂျစ်အစိုးရက သူ့နေရပ်ရင်းကို ပြန်ပို့လိုက်ပါတယ်။ သြစတြေးရီးယား နိုင်ငံသားတဦးဖြစ်တဲ့ Peter Greste ဟာ အီဂျစ်အစိုးရ မတရားအသင်းအဖြစ် ကြေညာထားတဲ့ မွတ်ဆလင်ညီအကိုတော်အဖွဲ့ကို ကူညီထောက်ပံ့နေတယ်လို့ အစွပ်စွဲခံရပြီး တနှစ်ကျော် ထောင်သွင်းအကျဉ်းချထားတရာကနေ အခု အီဂျစ်ကနေ နေရပ်ရင်းကို ပြန်ပို့လိုက်တာပါ။

သူ့ကို နှင်ထုတ်ဖို့ အီဂျစ်သမ္မတ Abdel Fattah al-Sisi က အတည်ပြုပေးခဲ့တယ်လို့ အီဂျစ်အရာရှိတွေက ပြောပါတယ်။ သူဟာ Cyprus ကနေတဆင့် သြစတြေးရီးယား နိုင်ငံကို လေယာဉ်နဲ့ သွားဖို့ ကိုင်ရိုကနေ ထွက်ခွါသွားပြီဖြစ်ပါတယ်။ အယ်လ်ဂျာဇီးရား သတင်းထောက်ဟာ ရက်ပေါင်း ၄၀၀ အကျဉ်းကျခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ အကြမ်းဘက်မှုနဲ့ ဆက်နွယ်တဲ့ စွဲချက်တွေနဲ့ပြီးခဲ့တဲ့နှစ်တုန်းက ထောင်ဒဏ် ၇ နှစ် ချမှတ်တာခံခဲ့ရသူပါ။ လူ့အခွင့်ရေးအဖွဲ့တွေကတော့ ဒီစွဲချက်တွေဟာ မဟုတ်မမှန်တဲ့ စွဲချက်တွေလို့ ဆိုပါတယ်။

သူ့ကိုလွှတ်ပေးလိုက်ချိန်မှာပဲ အီဂျစ်မှာ ၂၀၁၃ တုန်းက သူနဲ့အတူ နောက်ထပ်ဖမ်းထားတဲ့ အယ်လ်ဂျာဇီးရာ သတင်းထောက် နောက်တဦး ဖြစ်တဲ့ အီဂျစ်နွယ်ဖွါး ကနေဒါနိုင်ငံသား Mohammed Fahmy ကို ရက်ပိုင်းအတွင်းမှာပဲ ကနေဒါနိုင်ငံ ပြန်ပို့ပေးဖို့ ရှိတယ်လို့ အီဂျစ်လုံခြုံရေး အရာရှိတဦးက ပြောပါတယ်။ သူဟာလည်း ထောင်ဒဏ် ၇ နှစ်ချမှတ်တာ ခံနေရသူပါ။

ဒါပေမယ့် အဖမ်းခံနေရဆဲ နောက် အီဂျစ်နိုင်ငံသား Mohammed Baher နဲ့ပတ်သက်လို့တော့ ဘာမှ မသိရသေးပါဘူး။ သူကတော့ ကျည်ဆံခွံလက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချတာခံနေရသူ ဖြစ်ပါတယ်။

အခုလို Greste ကိုပြန်လွှတ်ပေးခဲ့တာအတွက် ကြိုဆိုကြောင်း အယ်လ်ဂျာဇီးရာက ကြေညာချက်ထုတ်ပြန်လိုက်ပြီး အဖမ်းခံနေတဲ့ နောက် ၂ ဦးကိုပါ ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ သူတို့ ၃ ယောက်စလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး ဖို့လိုတယ်လို့လည်း ပြောပါတယ်။ အခုလို Greste ကိုဖမ်းဆီးခဲ့တာဟာ မယုံနိုင်စရာဖြစ်သလို သူ့နဲ့သူ့မိသားစုဝင်တွေအတွက်တော့ မတရားခံရတာလို့ အယ်ဂျာဇီးရား သတင်းဌာနက ပြောပါတယ်။