တနင်္ဂနွေနေ့က ပျက်ကျခဲ့တဲ့ Ethiopian လေကြောင်းလိုင်းက လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် Black box ၂ ခုလုံးကို ပြန်တေ့ွတယ်လို့ လေကြောင်းလိုင်းက Twitter လူမှုကွန်ယက်ပေါ်ကနေ ပြောကြားလိုက်ပါတယ်။
လေယာဉ်ပျက်ကျရာမှာ သေဆုံးခဲ့သူတွေအတွက် အောက်မေ့ အမှတ်တရနေ့အဖြစ် ဒီကနေ့ Ethiopia မှာ သတ်မှတ်ထားပါတယ်။ Addis Ababa မြို့တော်ကနေ Kenya နိုင်ငံ Nairobi မြို့တော်ကိုအသွား ပျံတက်ပြီး ၆ မိနစ်အကြာမှာပဲ Boeing ကုမ္ပဏီလုပ် 737 MAX-8 အမျိုးအစား လေယာဉ်ပျက်ကျခဲ့လို့ လေယာဉ်ပေါ် ပါသွားသူ ၁၅၇ ယောက်လုံး သေဆုံးခဲ့တာပါ။
ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရုံးချုပ်ရှိရာ Nairobi မြို့တော်မှာ ဒီကနေ့စတင်တဲ့ နှစ်ပတ်လည်အစည်ဝေးပွဲအသွား သေဆုံးသူ ၂၀ ထက်မနည်း လေယာဉ်ပေါ်မှာ ပါသွားပါတယ်။ ကုလသမဂ္ဂအလံကို တိုင်ဝက်လွှင့်ထူထားသလို စည်းဝေးပွဲအစမှာ သေဆုံးခဲ့သူ ကုလသမဂ္ဂ ဝန်ထမ်းတွေအတွက် ၁ မိနစ်ငြိမ်သက် ဆုတောင်းခဲ့ကြပါတယ်။
လေယာဉ်ပျက်ကျခဲ့တဲ့အတွက် Boeing ကုမ္ပဏီထုတ် 737-Max 8 အမျိုးအစား လေယာဉ်တွေ ပျံသန်းမှုကို Ethiopian လေကြောင်းလိုင်း အပါအဝင် လေကြောင်းလိုင်း တချို့က ရပ်နားထားပါတယ်။ လေယာဉ်ချို့ယွင်းမှုကြောင့် လေယာဉ်ပျက်ကျတယ်လို့ ဆိုလိုတာ မဟုတ်ပေမဲ့ လုံခြုံရေးအတွက် 737-Max 8 လေယာဉ်တွေပျံသန်းမှုကို နားထားမယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူက ပြောပါတယ်။
Ethiopia နိုင်ငံ တာဝန်ရှိသူတွေနဲ့အတူ စုံစမ်းစစ်ဆေးဖို့ Boeing ကုမ္ပဏီက ကျွမ်းကျင်သူတဖွဲ့ကို လေယာဉ်ပျက်ကျရာ နေရာကို စေလွှတ်ထားပါတယ်။ Ethiopian လေကြောင်းလိုင်းဟာ လုံခြုံစိတ်ချရတဲ့ လေကြောင်းလိုင်းတခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ် ပြုခံထားရတာပါ။
Boeing ထုတ် ဂျက်လေယာဥ ်အသစ်ဖြစ်တဲ့ 737 MAX-8 လေယာဉ်ကို Ethiopian လေကြောင်းလိုင်းက ပြီးခဲ့တဲ့နှစ် November လကမှ ရရှိထားတာဖြစ်ပါတယ်။ Ethiopian လေယာဉ် ပျက်ကျခဲ့ပြီးနောက် တရုတ်နိုင်ငံကလည်း Boeing 737-Max 8 လေယာဉ် ပျံသန်းမှုတွေကို ရပ်နားထားပါတယ်။
Air China၊ China Eastern နဲ့၊ China Southern လေကြောင်းလိုင်းတွေက 737-Max 8 အမျိုးအစား Boeing လေယာဉ်ပေါင်း ၉၀ ကျော်ကို အသုံးပြု ပြေးဆွဲနေတာ ဖြစ်ပါတယ်။ Caribbean ကျွန်းပေါ်က Cayman လေကြောင်းလိုင်းကလည်း အလားတူ Boeing 737-Max 8 လေယာဉ်တွေ ပျံသန်းမှုကို ရပ်နားထားပါတယ်။
၂၀၁၈ အောက်တိုဘာလတုန်းက Java ပင်လယ်ထဲကို ပျက်ကျခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံက Lion လေကြောင်းလိုင်း လေယာဉ်ကလည်း အလားတူ Boeing 737-MAX 8 အမျိုးအစားဖြစ်ပါတယ်။
Your browser doesn’t support HTML5