အမေရိကန်-မြန်မာဆက်ဆံရေး နှစ် ၇၀ ပြည့်နဲ့ Fulbright ပညာသင်အလားအလာ

အမေရိကန်သံအမတ်ကြီးနေအိမ် မှာကျင်းပတဲ့ Fulbright အစီအစဉ် သံအမတ်ကြီးနဲ့ ကိုကျော်ကျော်သိန်း (VOA) သီးခြားတွေ့ဆုံမေးမြန်း။

အမေရိကန်ပြည်ထောင်စုရဲ့ Fulbright ပညာတော်သင်အစီအစဉ်ဟာ နှစ်နိုင်ငံကြား လူထုချင်းဆက်ဆံရေးကို အားပေးတဲ့အစီအစဉ်တခုဖြစ်တာကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အထောက်အကူဖြစ်စေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel ကပြောပါတယ်။ ကြာသပတေးနေ့ညက ရန်ကုန်မြို့၊ အမေရိကန်သံအမတ်ကြီးနေအိမ် မှာကျင်းပတဲ့ Fulbright အစီအစဉ် မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်လာတာ နှစ် ၇၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတခု မတိုင်ခင်မှာ သံအမတ်ကြီးနဲ့ သီးခြားတွေ့ဆုံမေးမြန်းခန်းအတွင်း မစ္စတာ Scot Marciel က အဲဒီလိုပြောတာပါ။ ကိုကျော်ကျော်သိန်းက တွေ့ဆုံ မေးမြန်းထားပါတယ်။

ကိုကျော်ကျော်သိန်း။ ။ Fulbright ပညာသင်အစီအစဉ်ကို လုပ်လာတာ အခုဆိုရင် နှစ်အတော်ကြာပါပြီ။ ဒီအစီအစဉ်ကနေ ဘယ်လိုမျိုး အကောင်းဆုံး အကျိုးကျေးဇူးတွေများ ပေးခဲ့ပါသလဲ။

ဖြေ။ ။ အခုဆိုရင် Fulbright အစီအစဉ်ကို မြန်မာပြည်မှာလုပ်လာတာ နှစ် ၇၀ ပြည့်သွားပါပြီ။ ဒါ့အပြင် ဒီနှစ်ဟာ အမေရိကန်- မြန်မာဆက်ဆံရေး နှစ် ၇၀ ပြည့်ချိန်လဲဖြစ်ပါတယ်။ Fulbright အစီအစဉ်က တကယ်ကောင်းမွန်တဲ့ရလာဒ်နှစ်ခုကို ပေးပါတယ်။ တခုက မြန်မာနဲ့ အမေရိကန် ကျောင်းသားတွေနဲ့ ပညာရှင်တွေ နှစ်နိုင်ငံဖလှယ်ပြီး အပြန်အလှန် သင်ယူလုပ်ကိုင်နိုင်မယ့် အခွင့်အလန်းကိုပေးပါတယ်။ သူတို့ရဲ့စွမ်းရည်တွေ၊ အသိသုတတွေကို ဖြည့်ဆည်းခွင့်ရပါတယ်။ ဒါက သိပ်အရေးကြီးပါတယ်။ ဒုတိယတခုကတော့ လူထုအချင်းချင်းဆက်ဆံရေးပေါ် အခြေခံတဲ့ နှစ်နိုင်ငံဆက်ဆံရေးကို တည်ဆောက်ပေးပါတယ်။ ဒီအစီ အစဉ်ဟာ လူထုပေါ်ဆက်ဆံရေးကို အခြေပြုတဲ့ တကယ့်စံနမူနာအစီအစဉ်တခုသာမက တကယ့်နည်းလမ်းကောင်းတခုနဲ့ စွမ်းရည်ကိုတည်ဆောက်တဲ့ အစီအစဉ်ဖြစ်ပါတယ်။

ကိုကျော်ကျော်သိန်း။ ။ အခုဆိုရင် အစီအစဉ်ကိုလုပ်လာ နှစ်အတော်ကြာလာပြီဖြစ်တာနဲ့အမျှ အစီအစဉ်မှာပါဝင်ခဲ့သူတွေ၊ လက်ရှိပါဝင်နေသူ တွေ၊ မကြာခင်မှာ ပါဝင်ကြတော့မယ့်သူတွေရှိပါတယ်။ ဆိုတော့ အနာဂတ်မှာ မြန်မာကျောင်းသားတွေအတွက် ဒီအစီအစဉ်ကို ပိုပြီးတိုးချဲ့ဖို့များ ရှိပါသလား။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel ။ ။ Fulbright အစီအစဉ်ကို ဆက်လုပ်သွားပါမယ်။ နှစ်စဉ်အရေအတွက်ကတော့ အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါတယ်။ ကျနော်တို့မှာ Fulbright အစီအစဉ်တခုထဲ မဟုတ်ပါဘူး၊ Humphrey အစီအစဉ်လဲရှိပါတယ်။ ဒီနှစ်ဆိုရင် Humphrey အစီအစဉ် နဲ့ကျောင်းသားနှစ်ယောက် သွားဖို့ရှိပါတယ်။ ဒါပေမဲ့ သိပ်ကို အားရစရာကောင်းတာက ရေတိုကာလအနေနဲ့ အပြန်အလှန်ဖလှယ် တဲ့ တခြားအစီအစဉ်တွေရှိနေတာပါ။ အခုလက်ရှိမှာကိုပဲ ဖက်ဒရယ်စနစ်အကြောင်းလေ့လာဖို့ မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၁၅ ဦး အမေရိကန်မှာရောက်နေပါတယ်။

နောက် ကျနော်တို့အားပေးနေတဲ့ အဓိကကိစ္စတခုကတော့ တက္ကသိုလ်ချင်းဆက်ဆံရေးကို အားပေးမြှင့်တင်ဖို့ပါ။ ဒါက သုတေသနတွေ အတူလုပ်ဖို့၊ ကျောင်းသားတွေဖလှယ်ဖို့ အခွင့်အလမ်းတွေ ရစေပါမယ်။ နောက်ထပ် အားရစရာကိစ္စတခုကတော့ ငြိမ်းချမ်းရေး လုပ်အားပေး Peace Corp အစီအစဉ်ပါ။ ဒါက မတူကွဲပြားတဲ့အစီအစဉ်တခုဖြစ်ပေမဲ့ လူထုချင်းဆက်သွယ်တဲ့ အစီအစဉ်တခုပါပဲ။ ဆိုတော့ ခြုံပြောရရင် လူထုချင်းဆက်ဆံရေးကို တကယ့်ပဲ တိုးချဲ့နေပါတယ်။

ကိုကျော်ကျော်သိန်း။ ။ဒီအစီအစဉ်ကို စိတ်ဝင်စားပြီ ပါဝင်ချင်သူတွေအတွက် သံအမတ်ကြီးရဲ့ အမှာစကားက ဘာများဖြစ်ပါမလဲ။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel ။ ။ Fulbright ဟာ ကျနော်တို့ရဲ့ တကယ့်ပထမဆုံးအစီအစဉ်ဖြစ်ပြီး ကျနော်တို့သိပ်ကြိုက်တဲ့အစီအစဉ်တခုပါ။ ဒီကနေ မြန်မာကျောင်းသားတွေ အမေရိကန်မှာ နှစ်နှစ်အထိ အဆင့်မြင့်ပညာတွေ သင်ယူခွင့်ရပါတယ်။ ဒါဟာ ဒီဂရီပေးတဲ့အစီအစဉ်တခု ပါ။ သိပ်ကိုအသုံးဝင်ပါတယ်။ ပြိုင်ဆိုင်မှုတော့ကြီးပါတယ်။ ဒါပေမဲ့ အားလုံးအတွက် ဖွင့်ထားတာပါ။ စိတ်ဝင်စားသူတွေ ကျနော်တို့ ကိုဆက်သွယ်ဖို့၊ အခွင့်အလမ်းကို ရအောင်ယူဖို့ ကျနော်တို့ အားပေးပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ဘာများ ဖြည့်ပြောချင်ပါသေးလဲခင်ဗျ။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel။ ။ ဒါဟာ ကျနော်တို့ ကျေနပ်အားရတဲ့ကိစ္စတခုပါ။ ကျနော်တို့နှစ်နိုင်ငံအကြား ဆက်ဆံရေးက တကယ်ပဲ တိုးတက်နေပါ တယ်။ ချစ်ကြည်ရင်းနှီးနွေးထွေးမှု အပြည့်ရှိနေပါတယ်။ ဒီလိုအစီအစဉ်မျိုးက အဲဒီဆက်ဆံရေးကို အားဖြည့်ပေးနိုင်ပါတယ်။ ဒါ့ အပြင် မြန်မာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိတယ်လို့လဲ ကျနော်တို့ထင်ပါတယ်။ အပြင်းအထန်လေ့လာ၊ အသိသုတ ကျွမ်းကျင်မှုတွေ အများအပြားဖြည့်ပြီး နှစ်နှစ်ပြီးတဲ့နောက် ပြန်လာကြပြီးတော့ နိုင်ငံကို အလုပ်အကျွေးပြုနိုင်ကြပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel ကို ဗွီအိုအေဝိုင်းတော်သား ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်-မြန်မာဆက်ဆံရေး နှစ် ၇၀ ပြည့်နဲ့ Fulbright ပညာသင်အလားအလာ

Your browser doesn’t support HTML5

သံအမတ် Marciel နဲ့ Fulbright နှစ် ၇၀ ပြည့် အခမ်းအနား