သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် တက္ကသိုလ်များပြပွဲ မြန်မာ လူငယ်များ စိတ်ဝင်စား


အမေရိကန်တက္ကသိုလ်များပြပွဲ (ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၄) သတင်းဓာတ်ပုံ- သားညွန့်ဦး။
အမေရိကန်ပြည်ထောင်စုက တက္ကသိုလ် ကောလိပ်တွေမှာ မြန်မာ လူငယ်ကျောင်းသားတွေ လာရောက်သင်ကြားနိုင်ဖို့ သတင်းအချက်အလက်တွေ ရှင်းပြပြောဆိုတဲ့ အမေရိကန်တက္ကသိုလ်များပြပွဲတရပ်ကို ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု တက္ကသိုလ်ကောလိပ် ၄၀ နီးပါး လာရောက်ပြီးတော့ မြန်မာ လူငယ်ကျောင်းသားတွေ သိလိုတဲ့ မေးမြန်းလိုတဲ့ အချက်တွေကို ရှင်းပြသလို၊ ရန်ကုန်အမေရိကန်သံရုံး တာဝန်ရှိသူတွေကလည်း အမေရိကန်အစိုးရရဲ့ ပညာသင်ကြားမှုထောက်ပံ့ရေးအစီအစဉ်တွေနဲ့ အမေရိကန်ပြည်ဝင်ခွင့်ရဖို့ အချက်အလက်တွေကို ရှင်းပြပြောဆိုသွားပါတယ်။ ဒီပွဲကို တတ်ရောက်ခဲ့တဲ့ ရန်ကုန် ဗွီအိုအေ ရုံးခွဲက ကိုသားညွန့်ဦးက ဒီပြပွဲနဲ့ပတ်သက်လို့ သတင်းပေးပို့ထားပါတယ်။

ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ အမေရိကန်တက္ကသိုလ်များ ပြပွဲကိုတော့ ရန်ကုန် အမေရိသံရုံးကနေ အဓိက စီစဉ်ဆောင်ရွက်ပေးခဲ့တာဖြစ်ပြီး၊ သံရုံး ဒုတိယသံအမတ်ကြီး Virginia Murray က တတ်ရောက်စကားပြောပါတယ်။ ဒီပြပွဲကိုရောက်ရှိလာသူတွေအနေနဲ့ ပြပွဲမှာရှိနေတဲ့ အမေရိကန်တက္ကသိုလ် ၃၅ ခုကျော်မှာ ၀င်ရောက်ခွင့်ရဖို့ သိလိုတာတွေကို ဆိုင်ရာ တက္ကသိုလ်ကောလိပ် ကိုယ်စားလှယ်တွေကို မေးမြန်းကြဖို့၊ ပြည်ဝင်ခွင့်ဗီဇကိစ္စ ပညာသင်ကြားရေး အထောက်အပံ့အစီအစဉ်တွေကိစ္စကိုလည်း သံရုံး တာဝန်ရှိသူတွေ ကို မေးမြန်းကြဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။

ဟောလ် ခန်းမှာတော့ အမေရိကန်တက္ကသိုလ် ကောလိပ် ၃၅ ခုက စားပွဲငယ်တွေချပြီး တတ်ရောက်လာတဲ့ လူငယ်ကျောင်းသားတွေ ရဲ့မေးမြန်းမှုတွေကို ရှင်းလင်းဖြေကြားနေပါတယ်။ တချိန်တည်းမှာ သံရုံးတာဝန်ရှိသူတွေကလည်း ပြည်ဝင်ခွင့်ဗီဇာကိစ္စ စကောလားရှစ်နဲ့ ပညာသင်ငွေကြေးထောက်ပံ့မှုအစီအစဉ်ကိစ္စတွေကို ရှင်းလင်းပြောခဲ့ပါတယ်။ အခု ဒုတိယအကြိမ်မြောက် လုပ်တဲ့ ဒီပြပွဲကို အမေရိကန် တက္ကသိုလ်တွေဖက် ကရော မြန်မာလူငယ်ကျောင်းသားတွေဖက်ကပါ အရင်နှစ်ကထက် ပိုပြီး စိတ်ဝင်စားလာကြတယ်လို့ ဒီပြပွဲကို ကြီးကြပ်စီစဉ်တဲ့ ရန်ကုန်အမေရိကန်သံရုံးက ယဉ်ကျေးမှုဆိုင်ရာသံတာဝန်ခံ Erik V.E Eisele က ဗွီအိုအေကို ပြောပါတယ်။

“ပြီးခဲ့တဲ့နှစ် ပြပွဲတုန်းကတော့ အမေရိကန်တက္ကသိုလ် ဆယ်ခုကျော်လောက် လာပြီး ပြပွဲခင်းကျင်းပါတယ်။ အခုနှစ်မှာတော့ သုံးဆ တိုးသွားပါတယ်။ တက္ကသိုလ်ပေါင်း ၃၀ကျော် ၄၀ နီးပါးက ကိုယ်စားလှယ်တွေ လာရောက် ခင်းကျင်းပြသကြပါတယ်။ ဆိုတော့ ပြီးခဲ့တဲ့နှစ်ကထက်စာရင် အခုနှစ်မှာ လာရောက်ပြသတဲ့ အမေရိကန်တက္ကသိုလ်တွေ အတော်များလာပါတယ်။ မြန်မာကျောင်းသားတွေဖက်ကလည်း ပိုပြီး စိတ်ဝင်စားလာတာတွေ့ရပါတယ်။ ”

နိုင်ငံခြားတက္ကသိုလ် ကောလိပ်တွေမှာ သင်ကြားနိုင်ဖို့မှာ မြန်မာ လူငယ်ကျောင်းသားတွေ အတွက် အခက်အခဲတခုကတော့ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုဖြစ်ပါတယ်။ ဒီအတွက် လည်း နိုင်ငံခြားတက္ကသိုလ်တွေ ၀င်ရောက်နိုင်ဖို့ အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲတွေ ငွေအကုန်ကျခံ အချိန်ပေးပြီး ဖြေကြရတာပါ။ ဒါပေမယ့် အခု အခါမှာတော့ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ့် အစီအစဉ်တွေ ရှိလာပြီလို့ သံရုံးတာဝန်ရှိသူ Erik V.E Eisele က ပြောပါတယ်။

“တက္ကသိုလ်အတော်များများ ဝင်ခွင့်ရဖို့က အင်္ဂလိပ်ဘာသာစကား တတ်မြောက်မှုအဆင့် တစုံတရာလိုပါတယ်။ အဲဒီအတွက် လူတွေ့မေးမြန်းတာဖြစ်ဖြစ်၊ TOFEL စာမေးပွဲ ရမှတ်ကတဆင့် ဆုံးဖြတ်ပါတယ်။ ဒီအတွက် အချို့ကျောင်းသားတွေအတွက် TOFEL အမှတ် ပြည့်မှီဖို့၊ ဘာသာစကားတတ်မြောက်မှု သတ်မှတ်ထားတဲ့အမှတ်ရဖို့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုက တက္ကသိုလ် လေးထောင်ကျော်မှာ မတူညီတဲ့ သတ်မှတ်ချက်တွေ၊ ရည်ရွယ်စဉ်းစားချက်တွေရှိကြပါတယ်။ ဥပမာဆိုရင် နှစ်နှစ် တက်ရတဲ့ community college ကျောင်းမျိုးတွေရှိပါတယ်။ သူတို့က နိုင်ငံခြားကျောင်းသားတွေကို လက်ခံကြိုဆိုပါတယ်။ အဲဒီကနေ အင်္ဂလိပ်ဘာသာစကား တတ်မြောက်မှုအဆင့် သတ်မှတ်ချက် မှီသွားပြီဆိုရင်၊ လေးနှစ်သင်တန်းကို ကူးပြောင်း သင်ကြားနိုင်ပါတယ်။ဒါကြောင့် အခုနက အခက်အခဲအချို့ကို ကျော်လွှားနိုင်မယ့် အစီအစဉ်တွေလည်း ရှိပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ မြန်မာနိုင်ငံက အစိုးရ အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ်ကောလိပ်တွေက ကျောင်းသားတွေ လည်း အမေရိကန်မှာ ပညာသင်ကြားခွင့်ရဖို့ မျှော်လင့်ထားပါတယ်”

ဒီပြပွဲကိုတော့ မြန်မာပြည် တက္ကသိုလ်ကောလိပ်တွေက ပါမောက္ခတွေ ဆရာဆရာမတွေ လာရောက်လေ့လာကြည့်ရှုသလိုပဲ၊ မြန်မာ လူငယ်ကျောင်းသားအတော်များများလည်း တက်ရောက်ကြတာတွေ့ရပါတယ်။ တဦးချင်း သူတို့သိလိုတာတွေကို ဆိုင်ရာကောင်တာစားပွဲတွေမှာ အမေရိကန်တက္ကသိုလ်ကောလိပ် ကိုယ်စားလှယ်တွေက ရှင်းလင်းဖြေကြားပေးကြပါတယ်။

(ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသူအားမေးမြန်းချက်)

"သုံးလေးခုလောက်တော့ မေးမြန်းပြီးသွားပြီ"
"ဘယ်လိုသဘောရလဲ?"
"အဆင်ပြေမယ်ဆိုရင်တော့ တက်ချင်တာပေါ့နော်"
"သူတို့ပေးတဲ့အချက်အလက်တွေရော ပြည့်စုံရဲ့လား?"
"ဟုတ် ပြည့်စုံပါတယ်။ တော်တော်လေးတော့"
"ညီမ ဘယ်လိုဟာမျိုးတွေသိချင်တာလဲ? အဓိက က?"
"အဓိက က ကျမတို့က Language နဲ့ပါတ်သက်ပြီးသင်နေတာ ဆိုတော့လေ။ Language နဲ့ပါတ်သက်ပြီးတော့ ဆက်လက်သင်ကြားနိုင်မယ့်ကျောင်း အဲဒါတွေနဲ့ပါတ်သက်ပြီးတော့ သိချင်တာပေါ့"

(ဘွဲ့လွန်တက္ကသိုလ်ကျောင်းသူ ပြောကြားချက်)

"အရင်တုန်းကတော့ မသွားဖူးပေါ့နော်။ ဒီကိုဝင်လာတဲ့အခါ ကျမ ဘာကိုခံစားရသလဲဆိုတော့ အခု မြန်မာပြည်မှာက အရမ်းပြောင်းလဲနေပြီပေါ့နော်။ ပြောင်းနေတဲ့ အခါမှာ ကျောင်းသူကျောင်းသားတွေလည်း ပညာရေးကို အရမ်းလိုလားနေကြတယ်ပေါ့နော်။ အဲဒီအခါမှာ အဲလိုမျိုး ဖိုရမ်လေးတွေပေါ့နော် အစီအစဉ်လေးတွေ လုပ်ပေးတဲ့အခါမှာ တကယ်ပဲ ပညာရေးလိုချင်တဲ့လူတွေအတွက် အရမ်းကိုအထောက်အကူပြုတဲ့ အစီအစဉ်ပဲဖြစ်ပါတယ်လို့"

အခုလို မြန်မာကျောင်းသားလူငယ်တွေ အရေိကန်ပြည်ထောင်စုမှာ သင်ကြားနိုင်ဖို့ ပညာရေးအခွင့်အလမ်းတွေအပြင်၊ အမေရိကန်သံရုံးအနေနဲ့ အခြား မြန်မာတက္ကသိုလ်ကောလိပ်တွေနဲ့ ဆက်စပ်ဆောင်ရွက်မှုတွေလည်း ရှိနေတယ်လို့ သံရုံးတာဝန်ရှိသူ Erik က ပြောပါတယ်။

အထူးသဖြင့်တော့ မြန်မာတက္ကသိုလ်တွေမှာ သင်ကြားပို့ချပေးနေတဲ့ ဆရာ ဆရာမတွေအတွက် Fullbright ပညာသင်ထောက်ပံ့ရေးအစီအစဉ်တွေကို သံရုံးကနေ စီစဉ် ဆောင်ရွက်ပေးနေတာပါ။ ဒီ အစီအစဉ်တွေ ကိုလည်း မြန်မာတက္ကသိုလ်တွေက တာဝန်ရှိသူတွေနဲ့ညှိုနှိုင်းပြီး တိုးမြင့်ဆောင်ရွက်သွားဖို့ရှိတယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။

တကယ်တော့ အရင် သုံးနှစ်လောက်ကဆိုရင် မြန်မာလူငယ်ကျောင်းသားတွေ အမေရိကန်တက္ကသိုလ် ကောလိပ်တွေမှာ လာရောက်ပညာ သင်ကြားခွင့်ရဖို့ဆိုတာ အလှမ်းဝေးတဲ့ အခြေအနေလို့ ပြောရမှာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ပြီး အမေရိကန်-မြန်မာဆက်ဆံရေး တိုးတက် လာတဲ့နောက် ပိုင်း၊ မြန်မာလူငယ်ကျောင်းသားတွေ အတွက်လည်း အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ကြားခွင့်တွေရဖို့ အခြေအနေတွေ လမ်းပွင့်လာတာဖြစ်ပါတယ်။
XS
SM
MD
LG