မကွေးတိုင်း ကမ္မမြို့အနီးက ရေလာလေး ပျူစောထီးကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အနီးအနားကျေးရွာက နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအတောအတွင်း မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်ဘက်မှာလည်း ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၉ က ရဲကင်းစခန်းကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။ မကွေးတိုင်းနဲ့ မန္တလေးတိုင်းဘက်က အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့နဲ့ ၁ မိုင်ခန့်အကွာမှာရှိတဲ့ ရေလာလေးကျေးရွာကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်တပ် ထောက်ခံတဲ့ အဲ့ဒီပျူစောထီးရွာကို တိုက်ခိုက်ချိန်မှာ စစ်တပ်ဘက်က လေကြောင်းကနေ ခုခံ ပစ်ခတ်ခဲ့ပေမဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၃ ရက်နေ့မှာ စစ်တပ်ဘက်က တကျော့ပြန် စစ်ကြောင်းထိုးလာပြီး ရေလာကြီးကျေးရွာနဲ့ ဝါးကျွန်းကွင်း ကျေးရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။
"ရေလာကြီးရွာနဲ့ ဝါးကျွန်းကွင်းရွာကို မီးရှို့လိုက်တယ်။ အတိအကျတော့မသိရသေးဘူး။ အခုကတော့ သက်ကြီးရွယ်အိုနဲ့ အဲ့တိုက်ပွဲဖြစ်တဲ့နေ့ကတည်းက ခေါ်ထုတ်ထားကြတယ်။ စစ်ကြောင်းကတော့ ထိုးနေတယ်။ အခုချိန်ထိ မီးရှို့နေတုန်း။ မီးခိုးတွေမြင်နေရတယ်။ မနေ့ကတော့အေးနေတယ်။ ဒီကနေ့မှ မီးဝင်ရှို့တာ စစ်တပ်က။"
စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ရေလာကြီးကျေးရွာက ဒေသခံ ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး တကျော့ပြန် စစ်ကြောင်း ထိုးနေတဲ့အတွက် ရေလာကြီးနဲ့ ဝါးကျွန်းကွင်းကျေးရွာ အပါအဝင် အနီးနားက ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေက ရေလာလေး ကျေးရွာကို တိုက်ခိုက်မှုအတွင်း စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတပ်ဖွဲ့တွေ သေဆုံးတာ ရှိခဲ့သလို ဖမ်းဆီးခံရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မန္တလေးတိုင်း နွားထိုးကြီးဘက်မှာဆိုရင်လည်း ရန်ကုန်-မန္တလေး အမြန်လမ်း ၃၁၉ မိုင်မှာရှိတဲ့ ရဲကင်းစခန်းကို ဒီဇင်ဘာ ၁၂ ရက်က ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ထောက်ပံ့ရေး ရဲကင်းစခန်း ဖြစ်တဲ့အပြင် လမ်းသွားလမ်းလာတွေကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာတွေ လုပ်နေတာကြောင့် ဒီရဲကင်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ တိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြင်းခြံခရိုင် အမှတ် (၄) နဲ့ အမှတ် (၁၀) တပ်ရင်းက ပြောရေးဆိုခွင့်ရှိသူက ဗွီအိုအေကို အခုလို ပြောပါတယ်။
"ထောက်ပို့ ကာကင်းစခန်းလို့ သိရတယ်။ ဒီလမ်းက အဓိက သူတို့သုံးနေတဲ့ လမ်းပေါ့။ မိထ္ထီလာ−မန္တလေး အဓိက ကူးနေတာပါပဲ။ ၅ မိနစ်ကို ၃ စီးလောက် ဖြတ်နေတဲ့လမ်းပေါ့နော်။ သူတို့ကားတွေ အမြဲတမ်း ဖြတ်တဲ့လမ်းပါ။ ဒေသခံတွေကို ပေါ်တာဆွဲတာ ဂိတ်ဖွင့်ပြီးတော့ မသင်္ကာလို့ ဘာညာဆိုပြီးတော့ အကြောင်းမျိုးမျိုး ပြပြီးတော့ လူငယ် လူရွယ်တွေကို ဖမ်းဆီးပြီးတော့ စစ်သင်တန်းကျောင်းတွေကို ဖမ်းဆီးပို့ဆောင်နေတယ်လို့ သိရတယ်။"
မိုင်တိုင် ၃၁၉ ဟာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တပ်စွဲထားတဲ့ ရဲကင်းစခန်း ဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေက ပထမဆုံး ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်တပ်ဘက်ကလည်း ထိခိုက်တာတွေ ရှိသလို ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲကင်းစခန်းထိ ဝင်ရောက် စီးနင်းနိုင်ခဲ့ပြီး စစ်တပ်ဘက်က တပ်ကူတွေ ရောက်လာတာကြောင့် နောက်ဆုတ်ပေး ခဲ့ရတာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
Your browser doesn’t support HTML5