ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးမှုများပြား

ဝက်လက် အုန်နဲဘုတ်ကျေးရွာအနီး စစ်ကောင်စီတပ်သားများကိုဖမ်းဆီးထားစဉ် (ဇန်နဝါရီ ၆၊ ၂၀၂၄) (ဓာတ်ပုံ - ရွှေဘိုခရိုင် အမှတ်(၁၈)တပ်ရင်း)

စစ်ကိုင်းတိုင်း ဝက်လက်မြို့မှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရလို့ စစ်ကြောင်းတကြောင်းလုံးပျက်စီးပြီး သေဆုံးမှုများတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။ အုန်နှဲဘုတ် ကျေးရွာမှာလည်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးတာ ဖမ်းဆီးခံရတာတွေရှိတယ်လို့ ဆိုပါတယ်။ ဝက်လက်မြို့နယ်ထဲက စစ်ရေး အခြေအနေ သတင်းပေးပို့ချက်ကို ပြောပြမှာပါ။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်က တပ်မတော် အမှတ် ၈ လေ့ကျင့်ရေး သင်တန်းကျောင်းနဲ့ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်တို့ပါဝင်တဲ့ အင်အား ၇၀ ကျော်ကို ဝက်လက်မြို့နဲ့ ၈ မိုင်အကွာမှာရှိတဲ့ မှတ်ထိနဲ့ မင်းကုန်းကျေးရွာကြားမှာ ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာ ၅ ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အင်အား ၇၇ ယောက်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုအတွင်း ၇၁ ယောက်သေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ မြေပြင်အခြေအနေကို သိရှိတဲ့ ဝက်လက်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"(ရွှေဘိုမှာ) ထောက်ပို့ကော လေ့ကျင့်ရေးတပ်ကော ရှိတယ်။ သူတို့က အဲ့မှာပဲ အလုပ် လုပ်ကြတာ။ အဲ့ကထွက်လာတာ။ ချောင်းဆုံရွာမှာ ညအိပ်တယ်။ နောက်ရက် မနက်ကျတော့ သူတို့က ဟန်လင်းကို ကူးတာပေါ့။ အဲ့မှာ လူချိန်းဘာညာလုပ်ပြီးတော့ ပြန်ထွက်တာ။ မင်းကုန်းနဲ့ မှတ်ထိ (ကျေးရွာ) ပတ်ဝန်းကျင်ကြားပေါ့နော်။ အဲ့နားမှာဖြစ်တာ။ ကျွန်တော်တို့ အတိအကျ စာရင်းရတာဆို ၇၇ ယောက် (ထွက်လာတယ်။) သေဆုံးတာက ၇၁ ယောက် ဖမ်းမိတာက ၆ ယောက်လို့ပြောတယ်။ အလောင်းတွေ အကုန်ရတယ်။ ထွက်လာတဲ့ တကြောင်းလုံး ၇၀ ကျော်သေပြီးတော့ ၆ ယောက် အရှင်ဖမ်းမိတယ်ပေါ့နော်။ အဲ့ဒါက သေချာပါတယ်။"

စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။ တိုက်ပွဲနဲ့ ပတ်သက်ပြီး လူမှုကွန်ယက် စာမျက်နှာမှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာတော့ စစ်ကောင်စီဘက်က သေဆုံးသူတွေရဲ့ ရုပ်အလောင်း အများအပြားကိုတွေ့ရပါတယ်။

အလားတူ ဝက်လက်တောင်ခြမ်း စစ်ကိုင်းမြို့နဲ့ ကပ်လျက်မှာရှိတဲ့ အုန်နှဲဘုတ်ကျေးရွာအနီးမှာလည်း ဆားတောင် မြို့ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာ ၄ ရက်နဲ့ ၅ ရက်တို့မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ နီးပါး သေဆုံး၊ ၃ ဦး ဖမ်းမိခဲ့တယ်လို့ ဝက်လက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"အုန်နှဲဘုတ်မှာ ဖြစ်တဲ့ စစ်ကြောင်းက ဆားတောင်က ထွက်လာတဲ့ စစ်ကြောင်း အဲ့ကောင်က တပ်မ ၃၃ ကနေ လာတဲ့ဟာ သူတို့က အုန်နှဲဘုတ်ရွာရောက်တော့ ပစ်ပြီးတော့ ဝင်တာ ဝင်ပြီးတော့ ညအိပ်တာပေါ့။ ကျွန်တော်တို့ဘက်က ဝင်လုံးတာပေါ့လေ။ ၅ ရက်နေ့ကျတော့လည်း မနက်ပိုင်းမှာ ပြန်လုံးကြတာပေါ့နော်။ ၂၀ လောက် ဟိုဟာဖြစ်တယ်။(သေတယ်။) ၃ ယောက် အရှင်ဖမ်းမိတာပေါ့။"

တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီ လေကြောင်းကနေ အကြိမ် ၂၀ ကျော် လာရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ္။ နှစ် ရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် အုန်နှဲဘုတ်ကျေးရွာကနေ စစ်ကောင်စီစစ်ကြောင်း ဆုတ်ခွါသွားတာကြောင့် နယ်မြေရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၈) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

လက်နက်ကိုင် အင်အားအားကောင်းတဲ့ အညာဒေသမှာ စစ်ကောင်စီ စစ်ကြောင်း တကြောင်းလုံး သေဆုံးတဲ့အထိ တိုက်ခိုက်ခံရတယ်ဆိုတာဟာ ဒီတကြိမ် ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ် ဘုတလင်မြို့နယ်ထဲမှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီမှာတော့ စစ်ကောင်စီဘက်က တကျော့ပြန် နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့လို့ အရပ်သား ၂၀ ကျော် သေဆုံးခဲ့ရပြီး နေအိမ်တွေလည်း မီးလောင်ကျွမ်းခဲ့ပါသေးတယ်။

ဝက်လက်နယ်ထဲမှာ စစ်ကောင်စီရဲ့ တကျော့ပြန် နယ်မြေရှင်းလင်းရေးတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေရှိလာနိုင်လို့ သတိထားနေထိုင်ကြဖို့ ဒေသခံတွေကို အသိပေး ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပြောပါတယ်။

Your browser doesn’t support HTML5

ဝက်လက်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးမှုများပြား